မကြာသေးမီ သီတင်းပတ်များအတွင်းက ထိုင်း – မြန်မာနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာသော ဝက်မှောင်ခိုသယ်ဆောင်လာသည့် ယာဉ်များကို သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူမှုသတင်းများ ခပ်စိပ်စိပ်ကြားသိလာခဲ့ကြရသည်။

ယင်းဖြစ်စဉ်များတွင် သက်သေခံပစ္စည်းသိမ်း၊ လူကို ဖမ်းဆီးထောင်ချရာ၌ အရေးယူခံရသူ အားလုံးနီးပါးမှာ
ယာဉ်မောင်းများသာ ဖြစ်နေသည်ကိုသတိချပ်မိပါသည်။

ပို့ကုန်သွင်းကုန် ဥပဒေအရ၊ မွေးမြူရေးလုပ်ငန်းဆိုင်ရာ ဥပဒေအရအရေးယူဆောင်ရွက်ပြီးစီးသည်ဟု
မည်သို့ ဆိုစေ ဖမ်းဆီးခံ ဝက်ကားများ ဦးတည်မောင်းနှင်လာကြသည့် ပြည်တွင်းအသားဈေးကွက်မှ စားသုံးသူ
များအပေါ် သက်ရောက်မည့် ဆိုးကျိုးကိုတားဆီးနိုင်ရေး၊ ဒေသတွင်းမွေးမြူရေးလုပ်ကိုင်သူတို့အပေါ် ထိခိုက်စေ
မည့် ဈေးကွက်အလားအလာတို့အပြင် အခြား အခြားမေးခွန်းထုတ်ချင်စရာများကလည်း ထွက်ပေါ်လာခဲ့ပေ
တော့သည်။

“ကျွန်တော်တို့ ခိုးသယ်လာတာလည်း မဟုတ်ဘူး။ ဒီဝက်တွေက ခိုးသယ်လို့ရတဲ့အရာလည်း မဟုတ်ဘူး။ ဖြတ်ခဲ့တဲ့ လမ်းဂိတ်တွေကို အဆင်ပြေသလို ပေးခဲ့ပြီး ဖြတ်ခဲ့ရတာပဲ။ အခုဒီအတ္ထရံ ဂိတ်တစ်ခုတင်ပဲ ၁ သိန်းနဲ့ ၃ သောင်းပေးထားပြီးပြီ။ ဟိုဘက်က ၈ သောင်းနဲ့ ဒီတံတားပေါ်က ရဲဂိတ်ကို ၅၀၀၀၀ ပေးခဲ့တာ။ ခုက ဟိုအဝိုင်းဂိတ်က (မော်လမြိုင်- ကျိုက်မရော ) မိုးချုပ်မှဖြတ် ဆိုလို့ ဒီနေရိပ်ရတဲ့ နေရာမှာ လာနားနေတာပါ”ဟု ဖမ်းဆီးခံရသည့် ဝက်တင်သွင်းလာသူ ဦးစန်းဝင်းက ပြောသည်။

ယင်းဝက်များ မွန်ပြည်နယ်အတွင်းသို့ ဖြတ်သန်းသွားလာစဉ် ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးလျက်ရှိပြီး တရားမဝင်ဖြတ်သန်းခွင့်ပြုခဲ့သည့် သက်ဆိုင်ရာတာဝန်ရှိသူများကို အရေးယူဆောင်ရွက်ရန် ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်းလည်း သိရသည်။

မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်နှင့် ပေါင်မြို့နယ်အတွင်း ဝင်ရောက်လာသည့် ထိုင်းနိုင်ငံမှ ဝက်မှောင်ခိုကား ၁၂ စီးမှ ယာဉ်မောင်း ၅ ဦးကို ပေါင်မြို့နယ်တရားရုံးက ထောင်ဒဏ် တစ်နှစ်စီ အမိန့်ချပြီး ယာဉ်များကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့သည်။

ထိုင်းဝက်များ တရားမဝင်တင်သွင်းလာသော မော်တော်ယာဉ် ၁၂ စီးအား သထုံမြို့နယ်နှင့် ပေါင်မြို့နယ်တွင် ဇန်နဝါရီလ ၅ ရက်က ထပ်မံဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

သထုံမြို့နယ်၊ ကျိုက်ကော်တွင် ဇန်နဝါရီ ၅ ရက် နံနက် ၄ နာရီက ဖမ်းမိသော ထိုင်းဝက် ၈၅ ကောင် တင်ဆောင်လာသည့် ယာဉ်တစ်စီးကို သထုံခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါက်တာမက်အောင်က တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း မွန်ပြည်နယ်မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ အတွင်းရေးမှူး ဦးညိုမင်းထံမှတဆင့် ကြားသိရသည်။

ပေါင်မြို့နယ်၊ မုတ္တမနယ်မြေရဲစခန်းအပိုင်ရှိ ကျေးရွာများအတွင်းသို့ ထိုင်းမှ ဝက်မှောင်ခို သယ်သည့် ကား ရှစ်စီးနှင့် ကျုံကကျေးရွာတွင် ဝက်များချ၍ ထွက်ပြေးသော ကားသုံးစီးတွင် ဝက်အရှင် ၃၄၉ ကောင် နှင့် ဝက်အသေ ၈၃ ကောင် တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယာဉ်များနှင့် ယာဉ်မောင်းတို့ကို မုတ္တမနယ်မြေရဲစခန်း၌ ခေတ္တထိန်းသိမ်းထားပြီး ဖမ်းဆီးရမိသော ဝက်များကို ပေါင်မြို့နယ် မွေး/ကုဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့ကြောင်း ထပ်သိရသည်။

ဖမ်းဆီးထိန်းသိမ်းထားသော ယာဉ်မောင်း ၅ ဦးကို ယင်းဌာနမှ တရားစွဲဆိုခဲ့သဖြင့် ဇန်နဝါရီ ၉ ရက်နေ့က ပေါင်မြို့နယ်တရားရုံးမှ ထောင်ဒဏ် တစ်နှစ်စီ အမိန့်ချခဲ့ပြီး ဝက်သယ်ယာဉ် များကို ပြည်သူပိုင်ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၇ နှစ်ကုန်ပိုင်း၊ ဒီဇင်ဘာလ ၂၃ နှင့်၂၄ ရက်နေ့များကလည်း အတ္တရံတံထားထိပ်နှင့် သံလွင်တံတား(မော်လမြိုင်) ထိပ်တွင် ဝက်တရားမဝင် သယ်လာသည့် ကား သုံးစီးကို ဖမ်းဆီးရမိခဲ့ပြီး ယာဉ်ကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းကာ ယာဉ်မောင်း လေးဦးကိုလည်း ဒီဇင်ဘာ ၂၉ ရက်နေ့က ထောင်ဒဏ်တစ်နှစ်စီ အမိန့်ချခဲ့ကြောင်း သိရသည်။

ယာဉ်မောင်းများကို ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ၊ ၂၄ ရက်နေ့တို့၌ အမှုဖွင့်ဖမ်းဆီးခဲ့ပြီးနောက် မွန်ပြည်နယ်အစိုးရအဖွဲ့၊ ဥပဒေအရာရှိတို့၏ အကြံပြုချက်ဖြင့် သက်ဆိုင်ရာတရားရုံးသို့ ဦီးတိုက်လျှောက်ခဲ့ကြောင်း ပြည်နယ်မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးညိုမင်းက ပြောသည်။

တိရိစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးရေးဥပဒေပုဒ်မ ၂၃ (ခ) အရ ငွေဒဏ် ၅၀၀၀၀ ကျပ်၊ ထောင်ဒဏ် တစ်နှစ်အထိ ချမှတ်နိုင်ပြီး တရားမဝင် ပစ္စည်းများနှင့့်သယ်ဆောင်အသုံးပြုယာဉ်များကိုလည်း နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်းရမည်ဟု ဖော်ပြထားသည်။

“ကိုယ့်ပြည်တွင်းမှာရှိတဲ့ မွေးမြူးရေးသမားတွေက ချေးငွေနဲ့ အလုပ်လုပ်ကြတာများတယ်။ ဈေးပြိုင်ရောင်းလာတဲ့အခါမှာ ထိုင်းနိုင်ငံက ဝက်အသားချိန်ဈေးနှုန်းနဲ့ လက်ရှိပြည်တွင်းမွေးမြူနေတဲ့ ဝက်အသားချိန်ဈေးနှုန်းက တစ်ထောင်တောင်ကွာနေတယ်။ စားသုံးသူတွေက ဈေးပေါပေါနဲ့ ဝင်လာတဲ့ ထိုင်းကဝက်တွေက ဝယ်ကြမယ်။ ခြံမွေးမြူရေးသမားတွေက သုံးထောင်နဲ့ မရောင်းနိုင်ဘူး။ ရောင်းရင် ဘယ်လိုမှအဆင်မပြေဘူး။ ချေးငွေနဲ့ ဆိုပိုဆိုးတာပေါ့ ။ လစဉ်ချေးငွေက ဆပ်နေရတယ်”ဟု မော်လမြိုင်၊ ဇေယျာသီရိရပ်ကွက်မှ ဦးကြည်စိုးက ပြည်တွင်းရှိ ဝက်မွေးမြူရေးသမားတို့ ကြုံရသည့် အခက်ကို ယင်းသို့ ဖွင့်ဟခဲ့သည်။

ဆက်လက်၍ ဦးကြည်စိုးက “အစိုးရအဖွဲ့ကတော့ ဒါကိုလုံးဝကန့်သတ်ပေးရမယ်။ ဘာဖြစ်လို့လဲဆိုရင် ဒါကကန့်သတ်ကုန်ပစ္စည်းဖြစ်တယ်။ နောက်တစ်ခု၊ တိရစ္ဆာန်ဖြစ်တဲ့အတွက် မွေး/ကု က ကိုင်တွယ်ရမှာ။ နောက်ပြီး ပြည်ပက တင်သွင်းလာတဲ့အတွက် ဒီတိရစ္ဆာန်တွေမှာ ရောဂါပိုးရှိမရှိ FDA ကလည်း စစ်ဆေးစိစစ်ပေးရမယ်။ စားသုံးမယ်ြ့ပည်သူတွေ အန္တရာယ်ကင်းရှင်းဖို့အတွက်ပေါ့”ဟု ဖြည့်စွက်ပြောသည်။

ဖမ်းဆီးရမိသည့် ဝက်များကို ထိုင်းနိုင်ငံ၊ မဲဆောက်- မြဝတီမှ တစ်ဆင့် တင်သွင်းခဲ့ပြီး တရားဝင်လမ်းကြောင်းအတိုင်း မြဝတီမြို့ကုန်သွယ်ရေးဇုံမှ ဖြတ်သန်းရောက်ရှိလာခြင်းမဟုတ်ဘဲ တောလမ်းရွာလမ်းများမှ ဖြတ်သန်းဆောင်လာခြင်းဖြစ်ကြောင်း ဖမ်းဆီးခံထားရသည့် မော်တော်ယာဉ်မောင်း ကိုနေလင်းစိုးက ပြောပြသည်။

“ကျွန်တော်တို့တွေက တစ်ခေါက်ကို ၅၀၀၀၀ နဲ့ အငှားလိုက်မောင်းတာ ၊ နေ့စားအလုပ်သမားတွေပါ။ ဒီလိုဖြစ်မယ်ဆိုတာသိရင် ဘယ်မောင်းမလဲ။ အခုတော့ မိသားစုတွေပါ ဒုက္ခရောက်ရတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သည့် ယာဉ်မောင်း ကိုနေလင်းစိုးက ပြောသည်။

ဝက်များကို အမှန်တစ်ကယ် ဝယ်ယူပိုင်ဆိုင်သူ၊ ဖြတ်သန်းသွားလာဖို့ ဦးဆောင်သူများမှာ မည်သည့်အရေးယူမှုမျှ မခံယူရဘဲ အငှားယာဉ်မောင်းများသာ ဖမ်းဆီးအရေးယူခံနေရခြင်းနှင့်ပတ်သက်ပြီး ပြည်နယ်မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊အတွင်းရေးမှူးက ပြောကြားခဲ့သည်မှာ “တကယ်ညွှန်ကြား ခိုင်းစေတဲ့ သူတွေကို တိုက်ရိုက်အပြစ်ပေးတာ ပိုပြီးအကျိုးသက်ရောက်မယ်လို့ ထင်တယ်။ ဒါတွေကို ဘယ်ကသွင်းနေလဲ၊ဘယ်မြို့မှာ ဘယ်သူသွင်းနေလဲဆိုတာ အကုန်လုံးနာမည်စာရင်းပေါက်နေတာပဲ၊ သိနေကြတာပဲကို။ ဘာကြောင့် ဥပဒေကြောင်းအရ ထိထိရောက်ရောက် မလုပ်သလဲ၊ နေ့စားအလုပ်သမားတွေကိုပဲ အရေးယူလိုက်သလားဆိုတာ ပြည်သူတွေက မေးခွန်းမေးစရာဖြစ်နေတာပေါ့”ဟူ၍ ဖြစ်သည်။

နောက် သူက “ဖမ်းဆီးခြင်း၊ အရေးယူခြင်းတွေမှာ ကျွန်တော်တို့ မပါတော့ဘူး။ အခုလည်း ဖမ်းဆီးခြင်း၊ အရေးယူခြင်းတွေမှာ ပါလားဆိုတော့ မပါဘူး။ ကျွန်တော်တို့က သက်သေအနေနဲ့ပဲ လိုက်နေတာပဲ။ ဒါတော့ ဒီလိုဖြစ်နေပြီ၊ သက်ဆိုင်ပုဂ္ဂိုလ်တွေ လာခဲ့ကြပါ၊ ဒါတွေ ဒါတွေတော့ ကျွန်တော်တို့တွေ့နေပြီ၊ ဒီလောက်ပဲ သက်သေအနေနဲ့ရပ်တာပါ။ အဲဒီအချိန်မှာ သူတို့ရောက်လာခြင်း၊မရောက်လာခြင်းအပေါ်မှာပဲ မူတည်သွားတာပါ”ဟုလည်း ဦးညိုမင်းက လက်ရှိရပ်တည်ချက်ကို ဖွင့်ဆိုသည်။

နောင် ရပ်တည်ချက်ကိုလည်း “ဇန်နဝါရီ ၇ ရက်နေ့က မွန်ပြည်မွေးမြူလုပ်ငန်းအဖွဲ့ချုပ်ရဲ့ အရေးပေါ်အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်ချက်ချခဲ့တာကတော့ မွေးမြူရေးသမားဘက်က ရပ်တည်တဲ့လူအနေနဲ့ပဲ ရပ်တော့မယ်” ဟု ဖြည့်စွက်ပြောပြခဲ့သည်။

မွန်ပြည်နယ်တွင် ထိုင်းနိုင်ငံမှ ဝက်များ တရားမဝင်တင်သွင်းလာသည့် မော်တော်ယာဉ် ၁၆ စီးကို ဖမ်းဆီးနိုင်ခဲ့ပြီး ဝက်များ သယ်ယူသူ တစ်ဦးကိုသာ အရေးယူနိုင်ပြီး ကျန်အရေးယူမှုများမှာမူ ယာဉ်မောင်းများကိုသာ ဖြစ်နေသည်။ အမှန်တကယ်တင်သွင်းရောင်းဝယ်ဖောက်ကားနေသူ(များ)ကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှု မရှိသေးပေ။

ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့်လည်းကောင်း၊ တိရိစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးရေးဥပဒေပုဒ်မ ၂၃ (ခ) အရလည်းကောင်း အရေးယူခဲ့သည်။ အရေးယူပါသည်။

သို့စေကာမူ…

တစ်ဖက်နိုင်ငံမှ ဝင်လာသည့် ဝက် မှောင်ခိုကိစ္စမှာ ငုတ်ကောင် ရှိနေသလားနှင့် မြှုပ်ကွက် ရှိနေလေမလား မေးခွန်းထုတ်ချင်စရာ ဖြစ်နေကြောင်း မြို့ခံတစ်ဦးက ဆို၏။

ယင်းသို့ ဖြတ်ကျော် ဝင်ရောက်လာရာ လမ်းကြောင်းတစ်လျှောက်မှ ဝန်ထမ်းအချို့၏ အကျင့်ပျက်ခြစားမှုများကို သက်ဆိုင်ရာအနေဖြင့် မည်သို့ ကိုင်တွယ်မည်နည်း။ ဦးတည်ရှေးရှုနေရာ စားသုံးသူဈေးကွက်အတွင်းမှ အပြစ်မဲ့ပြည်သူတို့၏ ကျန်းမာရေးနှင့် လူမှုဘဝအပေါ် ဆိုးကျိုးသက်ရောက်နိုင်ခြေကိုရော မည်သို့ ဖြေလျှော့ပေးနိုင်မည်နည်း။ ဒေသတွင်း တပိုင်တစ်နိုင်မွေးမြူရေးသမားများနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အတွက် အခက်နှင့် အကျပ်ကိုရော မည်သို့ ကြပ်မတ်ရှင်းလင်းပေးနိုင်မည်နည်း…စသည့်မေးခွန်းတသီတတန်းအပြင် နောက်ဆက်တွဲရလဒ်များကို စောင့်ကြည့်လေ့လာသင့်ကြောင်း မော်လမြိုင်မြို့နေ ကိုနောင်ရိုးထွန်းက မှတ်ချက်ပြုလေသည်။

Written by ခေတ်မင်း

Leave a Reply