တစ်ထပ်ပျဉ်ထောင်အိမ်ရှေ့ထိုးထားသည့် တာလပတ်မိုးမဏ္ဍပ်အောက်မှာတည်ခင်းထားသောစတုဒိသာ ထမင်းဟင်းဝိုင်းကလူစည်ကားနေသည်။

စတုဒိ ထမင်းဝိုင်းကိုအရွယ်သုံးပါးမရွေး တပျော်တစ်ပါးစားသောက်နေကြသည်ဟူသောအသိကြောင့် ပါးရိုးအောက်ကချိုင့်နေပြီးဖြစ်တဲ့ မွေးနေ့ရှင် ဒေါ်သောင်းညွှန့်သည် ပီတိဖြာနေလေ၏။

grand-father-mother

ဇရာ၏ဒဏ်ကြောင့် အကြားနှင့် အမြင်အာရုံချို့ယွင်းခဲ့သော်လည်းမိခင်ဝမ်းကကျွတ်ပြီးသည့်အချိန်မှစ၍ ဘဝကိုသက်သောင့်သက်သာဖြင့်ဖြတ်သန်းခဲ့ရသောဒေါ်သောင်းညွှန့်မှာတန်ဆောင်မုန်းလပြည့်နေ့ကအသက်၁ဝ၄နှစ်ပြည့်ခဲ့ပြီးဖြစ်သည်။

“အသက် တစ်ရာပြည့်တဲ့အချိန်ကစပြီးအလှူလုပ်လာခဲ့တာ ဒီတန်ဆောင်းမုန်းလပြည့်နေ့ဆိုရင် လေးနှစ် ရှိသွားပြီ၊ နေရထိုင်ရတာဘာအခက်အခဲမှမရှိဘူး၊ အားလုံးအဆင်ပြေတယ်”ဟုအမယ်ကြီးဒေါ်သောင်းညွှန့်က ကွမ်းမြုံ့ရင်းဆိုသည်။

ဒေါ်သောင်းညွှန့်လိုအသက်ရှည်ရှည်နှင့် စိတ်ချမ်းချမ်းသာသာနေထိုင်နိုင်သောသက်ကြီးရွယ်အိုများကရှားပါးလှပါသည်။

အသက်အရွယ် ကြီးရင့်ချိန်တွင် မိသားစု၏ ထောက်ပံ့မှုများမပေးနိုင်မှုကြောင့် မိမိဝမ်းရေးအတွက် ကိုယ်တိုင် အလုပ်လုပ် ရှာဖွေနေရသည့် သက်ကြီးရွယ်အိုများ၊ တောင်းရမ်းမှု အလုပ်လုပ်ကြရသည့် သက်ကြီးရွယ်အိုများမွန်ပြည်နယ်အပြင် မြန်မာနိုင်ငံ အနှံအပြားတွင် ရှိနေကြသည်။

ဒေါ်သောင်းညွှန့်ကဲ့သို့ သားသမီးမြေးမြစ်တို့၏ အထောက်အပံ့ကောင်းများဖြင့် ဘဝ၏နေဝင်ချိန်ကိုအေးချမ်းတည်ငြိမ်စွာဖြတ်သန်းနေသည့် သက်ကြီးရွယ်အိုများရှိသကဲ့သို့ အသက်ကြီးမှ မိသားစုအသိုင်းအဝိုင်း၏ထောက်ပံ့မှုကိုမရခြင်းနှင့်
အစွန့်ပစ်ခံထားရခြင်းတို့ဖြင့်ဘဝကိုချို့တဲ့စွာမွေးမြူရုန်းကန်နေရသည့် သက်ကြီးရွယ်အိုများလည်း မွန်ပြည်နယ်အတွင်းဒုနှင့်ဒေးပင်။

မိသားစု၏ စွန့်ပစ်ခြင်းနှင့် ဖယ်ကျဉ်ခံရသည့် သက်ကြီးရွယ်အိုအများစုမှာအထီးကျန်လာခြင်းတို့ကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာဒဏ်ရာများခံစားရလေ့ရှိပြီးသက်ကြီးရွယ်အိုအခွင့်အရေးများဆုံးရှုံးနေကြသည်။

ယင်းအပေါ်အစိုးရအဖွဲ့အစည်းများကလူအား၊ငွေအားနှင့် ဥပဒေပိုင်းဆိုင်ရာထောက်ပံ့မှုများဖြင့် ထိထိရောက်ရောက်ဖြေရှင်းပေးရန် အားနည်းနေဆဲဖြစ်သည်။
“ဒီလိုခေတ်ကြီးထဲမှာအိမ်မှာရှိတဲ့ လူတွေအကုန်လုံးအပြင်ထွက်ပြီးစီးပွားရှာကြတော့ လူကြီးတွေကိုကောင်းကောင်းထောက်ပံ့ပေးနိုင်ပေမယ့်လည်းသက်ကြီးရွယ်အိုတော်တော်များများကတော့အထီးကျန်နေကြတယ်”ဟု Youth and Love
ပရဟိတအဖွဲ့ဝင် တစ်ဦးဖြစ်သူမစန်းစန်းလွင်ကဆိုသည်။

လူလတ်တန်းစားမိသားစုဝင်များမှသက်ကြီးရွယ်အိုများတွင်မူအချို့သက်ကြီးရွယ်အိုများသည်၎င်းတို့၏ ဘဝရပ်တည်မှုကိုမိသားစုနှင့်ဒိုးတူဘောင်ဖက် ရှာဖွေနေရသည်များရှိနေသလို၊ ဆင်းရဲသောမိသားစုဝင်များမှ သက်ကြီးရွယ်အိုများအချို့သည်သားသမီးများကရှာမကျွေးနိုင်သဖြင့် လမ်းဘေးသို့ ရောက်သွားကြသည့် သက်ကြီးရွယ်အိုများလည်းရှိကြောင်း ၎င်းကဆက်လက်ပြောသည်။

၂ဝ၁၄ခုနှစ်၊သန်းခေါင်စာရင်းအရမွန်ပြည်နယ်၏လူဦးရေနှစ်သန်းကျော်အနက် အသက် ၆ဝ နှင့်အထက် သက်ကြီးရွယ်အိုစုစုပေါင်း ၂ဝ၃၄၈၁ဦးရှိသည်။အချိုးချကြည့်ပါကလူဦးရေစုစုပေါင်း၏ ဆယ်ရာခိုင်နှုန်းမှာသက်ကြီးရွယ်အိုများဖြစ်ကြခြင်းကြောင့်လူဆယ်ယောက်တွင် သက်ကြီးရွယ်အိုတစ်ယောက်နှုန်းဖြစ်ကြောင်းဖော်ပြထားသည်။

လာမည့် ၂ဝ၅ဝခုနှစ်တွင်မြန်မာနိုင်ငံ၌ လူငါးဦးလျှင်သက်ကြီးရွယ်အိုတစ်ဦးနှုန်း မြင့်တက်လာမည်ဟုလူဦးရေတိုးပွားမှုဆိုင်ရာကုလသမဂ္ဂအဖွဲ့ကခန့်မှန်းထားပြီးတိုးပွားလာမည့် သက်ကြီးရွယ်အိုများအတွက် လူမှုရေးနှင့် ကျန်းမာရေးကဲ့သို့သောပြုစုစောင့်ရှောက်မှုများကိုလုံလောက်စွာတိုးမြှင့်ရန်လိုအပ်လျက်ရှိကြောင်းသိရသည်။

ယခုလက်ရှိမွန်ပြည်နယ်အတွင်းလူမှုဝန်ထမ်းဦးစီးဌာနမှ စောင့်ရှောက်မှုပေး၍အသိအမှတ်ပြုထားသည့် ဘိုးဘွားရိပ်သာသုံးခုကို မော်လမြိုင်၊မုဒုံနှင့် သထုံမြို့နယ်တို့တွင် ဖွင့်လှစ်ထားပြီးစေတနာရှင် ပုဂ္ဂလိကအဖွဲ့အစည်းများဖွင့်လှစ်ထားသည့် ဘိုးဘွားရိပ်သာမှာ နှစ်ခုရှိကြောင်းမွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးကိုကိုနိုင်ကပြောပြသည်။

အချို့သက်ကြီးရွယ်အိုများမှာဘိုးဘွားရိပ်သာမှထုတ်ထားသည့် သတ်မှတ်ချက် စည်းမျဉ်းစည်းကမ်းများနှင့် မကိုက်ညီသဖြင့် ပြင်ပတွင်သာနေထိုင်နေကြရသောသက်ကြီးရွယ်အိုများသည် အခက်အခဲများစွာကို ကြုံတွေ့နေရမှုများရှိကြောင်းပရဟိတလုပ်ငန်းလုပ်ကိုင်နေသူများကပြောသည်။

အသက် ၉ဝ နှင့်အထက် သက်ကြီးရွယ်အိုများကိုထောက်ပံ့ကြေးအဖြစ် တစ်နှစ်လျှင် ကျပ်တစ်သောင်းမှ နှစ်သောင်းထိထောက်ပံ့နေသော်လည်းဘိုးဘွားများ၏ လိုအပ်ချက်အားလုံးကိုဖြည့်ဆည်းနိုင်သည်အထိလွှမ်းခြုံနိုင်မှုမရှိသေးကြောင်းလူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“သက်ကြီးရွယ်အိုတွေကိုထိရောက်တဲ့ထောက်ပံ့မှုတွေ ပေးနိုင်ဖို့ ဘတ်ဂျက်အပြင် တိကျတဲ့ ဥပဒေတွေ ပေါ်လစီတွေလိုအပ်ပါတယ်၊ ဥပဒေပိုင်းအားနည်းနေလို့သာအားလုံးကိုမလွှမ်းခြုံနိုင်သေးတာပါ”ဟု ၎င်းကဆိုသည်။

ထို့ပြင် အခြားပြည်ပ နိုင်ငံများကဲ့သို့ ဝင်ငွေခွန်ကောက်ပြီးအသက် ၆ဝ ကျော်သက်ကြီးရွယ်အိုများကိုပြန်လည်ထောက်ပံ့သည့် စနစ်မျိုး မြန်မာနိုင်ငံတွင် မထွန်းကားသေးသဖြင့် ပြည့်စုံသည့်ထောက်ပံ့မှုများပြုလုပ်ရန် ခဲယဉ်းနေကြသည်။

ပင်စင်စားသက်ကြီးရွယ်အိုများအတွက် ရရှိသည့် ပင်စင်လခမှာနည်းပါးလွန်းပြီးလောက်ငှခြင်းမရှိသဖြင့် အစားအသောက်နှင့် ရောဂါဝေဒနာကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာအခက်အခဲများကိုမဖြေရှင်းနိုင်ကြပေ။

“ဝန်ထမ်းတွေအချင်းချင်းတောင်မှ ပြင်ပဝန်ထမ်းတွေထက် တပ်မတော်သားရတဲ့ပင်စင်ကပိုများနေတယ်၊အမှန်ကတစ်တန်းတည်းပဲဖြစ်ရမယ်၊ဒါကျတော့ ခွဲခြားခွဲခြားနိုင်တယ်”ဟုသက်ကြီးရွယ်အိုများဆိုင်ရာဥပဒေကြမ်းရေးဆွဲရေးတွင် ပါဝင်လုပ်ကိုင်နေသူအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးကDVB ဒီဘိတ်အစီစဉ်တစ်ခုတွင် ပြောဆိုသွားခဲ့သည်။

လူမှုဝန်ထမ်းဌာနများကအချိန်နှင့်အမျှတိုးပွားလာသည့် သက်ကြီးရွယ်အိုများအတွက် လုံလောက်သောထောက်ပံ့မှုများပြုလုပ်ပေးရန် မတတ်နိုင်သေးသဖြင့် ပြင်ပမှပရဟိတအဖွဲ့အစည်းများနှင့် နီးစပ်ရန် လိုအပ်ကြောင်းပရဟိတအဖွဲ့များကပြောသည်။

“လက်ရှိမှာတော့ ပူးပေါင်းမှု အားနည်းနေသေးတယ်၊ ဒါကလည်းပူးပေါင်းဖို့အခြေအနေတွေမှ မဖြစ်လာခဲ့တာ၊ ရှေ့လျှောက် ပူးပေါင်းပြီးလုပ်ရင် ပြဿနာတော်တော်များများကိုဖြေရှင်းနိုင်မှာပါ”ဟုမစန်းစန်းလွင်ကဆိုသည်။

အရွယ်မရောက်သေးသည့် ကလေးသူငယ်များကိုမိမိခြေထောက်ပေါ်မရပ်တည်နိုင်သေးသ၍ မိဘများကထောက်ပံ့ရမည်ဟုဥပဒေတွင် ပါရှိသော်လည်းအသက်ကြီးအိုမင်းမစွမ်းဖြစ်သောအချိန်ရောက်သည့်မိဘများအတွက် သားသမီးများကထောက်ပံ့ရမည်ဟုဥပဒေမရှိခြင်းမှာလည်းသက်ကြီးရွယ်အိုများ၏ အခွင့်အရေးအပြည့်အဝရရှိရေးအတွက် အားနည်းချက်တစ်ခုပင်ဖြစ်နေခဲ့သည်။

“အသက်ကြီးအုပ်စုဆိုတာဖွံ့ဖြိုးဆဲနိုင်ငံမှာပိုပိုပြီးများလာမယ့် အုပ်စုဖြစ်တဲ့အတွက် သူတို့ရဲ့ ပြဿနာတွေကိုကာကွယ်စောင့်ရှောက်ခြင်းအားဖြင့်သူတို့ကအစိုးရတစ်ရပ်ရဲ့ အမာခံမဲထည့်မယ့်လူတွေဖြစ်လာမှာပါ”ဟုကုလသမဂ္ဂ လူဦးရေဆိုင်ရာရန်ပုံငွေအဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာလက်ထောက်ဌာနေကိုယ်စားလှယ် ဒေါ်ခင်ဇာနိုင်ကအဆိုပါ DVB ဒီဘိတ်တွင် ထောက်ပြသွားခဲ့သည်။

အစိုးရအနေဖြင့် သက်ကြီးရွယ်အိုကာကွယ်စောင့်ရှောက်သည့်အပိုင်းကိုသာထိထိရောက်ရောက်ဆောင်ရွက်နိုင်ပါကဆင်းရဲမွဲတေမှုလျှော့ချရေးကိုပံ့ပိုးရာရောက်သကဲ့သို့ ကလေးသူငယ်ကျောင်းထွက်သည့်နှုန်းထားကိုလည်းလျော့ကျစေမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ငါတို့ကအတွေ့အကြုံတွေကိုဘဝသက်တမ်းတစ်လျှောက်လုံးနဲ့ ရင်းပြီးတော့ရရှိခဲ့ကြတယ်၊ ဒီအတွေ့ အကြုံတွေကဘာနဲ့မှတန်ဖိုးဖြတ်လို့မရဘူး၊ ဒီတော့ ပင်စင်စားသက်ကြီးရွယ်အိုတွေကိုနေရာပေးပြီးခိုင်းစားလိုက်စမ်းပါ”ဟုအသက် ၆၈ နှစ်ရှိပြီဖြစ်သည့် အငြိမ်းစားဆရာမဒေါ်ကြည်လှကသက်ကြီးရွယ်အိုများကိုယ်စားမချင့်မရဲပြောလေသည်။

အဘိုးအဘွား၊ သားသမီး၊မြေး၊ မြစ်များအတူတကွ နေထိုင်သည့် အလေ့အထရှိခဲ့သော မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အိုများအား ပြုစုစောင့်ရှောက်ခြင်းနှင့် ပတ်သက်သည့် ဥပဒေသစ်တစ်ခု ပြဋ္ဌာန်းရန် ယခင်အစိုးရလက်ထက် ကပင်ရေးဆွဲခဲ့သည်။

သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေကြမ်းတစ်ရပ်ကိုလက်ရှိအစိုးရလက်ထက်တွင်လည်းနိုင်ငံတော်သမ္မတဦးထင်ကျော်က နိုင်ငံပိုင် မီဒီယာတွေကနေကြေညာခဲ့ပြီးပြည်သူများ၏သဘောဆန္ဒကိုတောင်းခံခဲ့သည်။

စာမျက်နှာ ၂၂မျက်နှာရှိသည့် ထိုဥပဒေကြမ်းတွင် အသက် ၆ဝ ကျော်သက်ကြီးရွယ်အိုများနှင့်အိုမင်းမစွမ်းသူများအတွက် လိုအပ်သည့် စားဝတ်နေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် လူမှုရေးစောင့်ရှောက်မှုများပေးမည့် အစီအစဉ်များပါဝင်သည်။

သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေကြမ်း၏ ရည်ရွယ်ချက်မှာသက်ကြီးရွယ်အိုများကိုအထောက်အပံ့ပေးခြင်း၊ ဝင်ငွေရလုပ်ငန်းများလုပ်ကိုင်နိုင်ရန် အားပေးခြင်းဖြင့်ဝင်ငွေရရှိရန်၊ သက်ကြီးရွယ်အိုများမိမိကိုယ်မိမိစောင့်ရှောက်မှု၊မိသားစုစောင့်ရှောက်မှုနှင့် အိမ်အခြေပြု၊ ရပ်ရွာအခြေပြု စောင့်ရှောက်မှုများလုံလောက်စွာရရှိစေရန်၊ စောင့်ရှောက်သူမဲ့ ခိုကိုးရာမဲ့သက်ကြီးရွယ်အိုများနှင့် အိုမင်းမစွမ်းသူများအနေဖြင့် ဘိုးဘွားရိပ်သာများတွင် နားခိုနိုင်ရန်၊အမျိုးသားကျန်းမာရေးစောင့်ရှောက်မှု စနစ်များတွင် သက်ကြီးရွယ်အိုများအလွယ်တကူရနိုင်သည့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကိုထည့်သွင်းဆောင်ရွက်ပေးရန်တို့ဖြစ်ပြီးစုစုပေါင်းအခန်း (၁၇)ခန်းပါဝင်ကြောင်းသိရသည်။

ထို့ပြင် သက်ကြီးရွယ်အိုသက်သေခံကတ်ပြားထုတ်ပေးခြင်းနှင့် ကိုင်ဆောင်အသုံးပြုခြင်းအစီအစဉ်၊ သက်ကြီးရွယ်အိုများအဆင်ပြေလွယ်ကူစွာလှုပ်ရှားသွားလာနေထိုင်နိုင်သည့် ပတ်ဝန်းကျင်ဖြစ်မြောက်ရေးအစီအစဉ်၊ ဘိုးဘွားရိပ်သာတည်ထောင်ခြင်းနှင့် သက်ကြီးရွယ်အို ကြည့်ရှုစောင့်ကြည့်ရေးလုပ်ငန်းလုပ်ကိုင်မှုများလျှောက်လာပါကစိစစ်ခွင့်ပြုခြင်း၊ လူမှုရေးအသင်းအဖွဲ့များကိုအသိအမှတ်ပြု လက်မှတ် ထုတ်ပေးခြင်းများပါဝင်မည်ဖြစ်သည်။

သက်ကြီးရွယ်အိုသက်သေခံကတ်ပြားပြသပြီးခံစားခွင့် တောင်းဆိုခြင်းကို ငြင်းပယ်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း၊ သက်ကြီးရွယ်အိုများကိုခွဲခြားဆက်ဆံခြင်းသို့မဟုတ်နှိပ်စက်ညှဉ်းပန်းခြင်းပြုလျှင် နှစ်နှစ်ထက် မပိုသည့် ထောင်ဒဏ်နှင့် ငွေဒဏ်၊ခွင့်ပြုချက်မရဘဲစီးပွားရေးအလို့ငှာဘိုးဘွားရိပ်သာသို့မဟုတ်သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းလုပ်ကိုင်လျှင် ငွေဒဏ်အသီးသီးကျခံစေမည်ဖြစ်ကြောင်းယင်းဥပဒေကြမ်းတွင် ပါရှိသည်။

“ဤဥပဒေပါ ပြစ်မှုများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ကအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်”ဟု မြန်မာနိုင်ငံသမ္မတဦးထင်ကျော်ကဥပဒေကြမ်းတွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကဥက္ကဋ္ဌအဖြစ် ပါဝင်ပြီး ပြည်ထဲရေး၊ ကျန်းမာရေး၊ လူမှုရေး၊အလုပ်သမားအဖွဲ့ဒုဝန်ကြီးများနှင့် ပြင်ပသက်ကြီးရွယ်အိုစောင့်ရှောက်သည့် အဖွဲ့အစည်းများကအဖွဲ့ဝင်အဖြစ်ယင်းကော်မတီကို ၁၇ ဦးနှင့်ဖွဲ့စည်းလုပ်ဆောင်ရန် နိုင်ငံတော်သမ္မတကညွှန်ကြားထားကြောင်းလူမှုဝန်ထမ်းဦးစီးဌာနထံမှသိရသည်။

“ဥပဒေကြမ်းကိုအမျိုးသားလွှတ်တော်ကအတည်ပြုပြီးပြီ၊ ပြည်ထောင်စုလွှတ်တော်ကသာအတည်ပြုပြီးပြီဆိုရင် ဥပဒေကအသက်ဝင်သွားမယ်၊ ပြီးရင်တော့ မူဝါဒတွေ၊ နည်းဥပဒေတွေနဲ့ ဆက်သွားပြီးတဖြည်းဖြည်းအကောင်အထည်ဖော်လာနိုင်မှာပါ”ဟုလူမှုဝန်ထမ်းဦးစီးဌာန၊သက်ကြီးရွယ်အိုနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာမှဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကေသီကျော်ကDVB ဒီဘိတ်တွင် ဆွေးနွေးသွားသည်။

သက်ကြီးရွယ်အိုများအဆင်ပြေစေရေးအတွက် ၎င်းတို့၏ပင်စင်ကိုတိုးမြှင့်ပေးသင့်သည့်အပြင် ၎င်းတို့လုပ်ကိုင်နေသည့် စိုက်ပျိုးရေးမှအစရောင်းဝယ်ရေးလုပ်ငန်းများကိုလည်းအစိုးရကအဆင့်မြှင့်တင်ရေးလုပ်ငန်းများလုပ်ဆောင်ပေးစေလိုကြောင်းကုလသမဂ္ဂကတိုက်တွန်းလျက်ရှိသည်။

သက်ကြီးရွယ်အိုအခွင့်အရေးအပြည့်အဝပေါ်ထွန်းလာစေရန်အတွက် သက်ကြီးရွယ်အိုများ၊NGOအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာကုလသမဂ္ဂအဖွဲ့တို့ကလိုလားနေကြပြီးထိရောက်သည့်ပူးပေါင်းလုပ်ဆောင်မှုမျိုးကိုမျှော်လင့်နေသည့်အတွက် အစိုးရအနေဖြင့် ဦးဆောင်လုပ်ကိုင်ပါကသက်ကြီးရွယ်အိုများခံစားနေရသည့် ပြဿနာများကိုအနည်းနှင့်အများဖြေရှင်းနိုင်မည်ဖြစ်ပေသည်။

“အဘတို့ကတော့ သက်ကြီးရွယ်အိုအခွင့်အရေးတွေ၊ ဘာတွေ နားမလည်ပါဘူးကွယ်၊ လူရာသွင်းခံရပြီးတစ်နေ့ကိုထမင်းနှစ်နပ်နဲ့ ကျန်းကျန်းမာမာလေးနေရရင် ဘဝကိုနေပျော်ပါတယ်”ဟုမော်လမြိုင်တောင်ပေါ်တန်းဘုရားများတွင် လှည့်လည်နေထိုင်ပြီးတောင်းရမ်းစားသောက်နေရသောအသက် ၈၂အရွယ် ဘလှတင်ကသံလွင်မြစ်ကြီးကိုငေးကြည့်ရင်းပြောဆိုလေသည်။

\written by – ဖိုးဝ

Leave a Reply