အဘိုးနိုင်ငွေသိမ်းကို ကျေးဇူးဆပ်ပါ

လွတ်လပ်ရေးမတိုင်မီခေတ်မှစ၍ မျက်မှောက်ခေတ်ထိ နိုင်ငံရေးအခြေအနေပေါင်းစုံအကြား မွန်တိုင်းရင်းသားတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တန်းတူအခွင့်အရေးတို့အတွက် လက်ရုံးရည်ရော နှလုံးရည်ဖြင့်ပါ စွမ်းစွမ်းတမံ မဆုတ်မနစ် ဦးဆောင်တိုက်ပွဲဝင်ခဲ့သည့် အဘိုးနိုင်ငွေသိမ်း ကွယ်လွန်ခဲ့ပါပြီ။

အသက် ၉၆ နှစ်အရောက် နောက်ဆုံးချိန်မတိုင်မီအထိ မွန်တို့အား နိုင်ငံရေးဆိုင်ရာ ဦးဆောင်လမ်းညွှန်မှုတို့ကို ဖြတ်သန်းခဲ့ရသော ကိုယ်တွေ့ အတွေ့အကြုံများအပေါ်အခြေခံ၍ သူယုံကြည်သည့်အတိုင်း မည်သည့်မျက်နှာ ကိုမှ မထောက် မားမားမတ်မတ် ရပ်တည် ပြောဆို အကောင်အထည်ဖော်၍ လမ်းပြရှေ့ဆောင်ခဲ့သူလည်း ဖြစ်ပါ၏။

ဘဝသက်တမ်းအတွင်း တိုင်းရင်းသားအရေးလှုပ်ရှားမှု တို့ကြောင့် အကြိမ်များစွာ နှစ်ပေါင်းကြာရှည် အကျဉ်းချ နှိပ်ကွပ်ခံရသော်လည်း မယိမ်းမယိုင်ခဲ့သော အဘိုး၏ ဖြတ်သန်းခဲ့မှုများ၊ ရင်ဆိုင်ကျော်လွှားခဲ့မှုများ၊ ကိုယ်ကျိုး မဖက်အနစ်နာခံမှုများ စသည် စသည့် အတုယူစရာနမူနာများကား တစ်ပုံတစ်ပင်။

အင်္ဂလိပ်ခေတ် ကျောင်းသားဘဝကတည်းကစ၍ လွတ်လပ်ရေးတိုက်ပွဲအလယ် မွန်ပြည်နယ်အရေးအဆုံး တော်လှန်ရေးခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်အဖြစ် လိုအပ်သလို ရပ်တည်ကိုင်စွဲခဲ့သည့် အဘိုး၏ ယုံကြည်ချက်၊ ကျင့်ကြံနေ
ထိုင်စောင့်ထိန်းမှု၊ ခေါင်းဆောင်မှုအရည်အသွေးနှင့် အတွေးအခေါ်တို့သည် အနာဂတ် မွန်တိုင်းရင်းသားများအတွက် မီးရှူးတန်ဆောင်းသဖွယ် ထိန်ထိန်ညီးနေတော့မည်သာ။

ထိုသို့ တန်ဖိုးအထွေထွေရှိသည့် အဘိုးနိုင်ငွေသိမ်း ကွယ်လွန်ချိန်တွင် နှမြောတသရှိနေခြင်းကိုက ၎င်း၏ ကျေးဇူးမည်မျှကြီးမားသည်ဆိုသည့်အပေါ် အထိုက်တန်ဆုံး သက်သေပြချက်ပင် ဖြစ်ပါသည်။

ယခုကဲ့သို့ အချိန်အခါတွင် ပူဆွေးနေကြသည့် မွန်အမျိုးသားထုတစ်ရပ်လုံးနှင့်အတူ ထပ်တူပြု၍ ဟင်္သာက ရပ်တည်လျက်ရှိပြီး ၎င်းင်း၏ ရည်မှန်းချက်များကို မျက်ခြည်အပြတ်မခံဘဲ မျိုးဆက်အဆင့်ဆင့်လက်ဆင့်ကမ်း၍ မမှိတ်
မသုန် ဆက်လက် ကြိုးပမ်းကြခြင်းအားဖြင့် အဘိုးနိုင်ငွေသိမ်း၏ ကျေးဇူးအထွေထွေကို ဆပ်စေလိုပါကြောင်း တိုက်တွန်း
လိုပါ၏။

Written by အယ်ဒီတာ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.