ယခင်က ဓနိတောနှင့်လယ်ကွက်များသာရှိခဲ့သော မော်လမြိုင်မြို့၏ ကျောက်တန်းရပ်ကွက်အနီး သံလွင်မြစ်ကမ်း ရှိ ကျောက်တန်းစက်မှုဇုန်ဧရိယာအတွင်း ကွန်ကရစ်လမ်းအချို့နှင့် ဂိုထောင်ပုံစံ အလုပ်ရုံ လေးငါးခုခန့်က စတင်နေရာယူနေပြီဖြစ်သည်။

အခြေခံအဆောက်အအုံများဖြစ်သည့် လမ်းနှင့် တံတားများအကောင်အထည်ဖော်၍ ပြီးစီးသောကြောင့် မတ်လကုန်ပိုင်းက ဖွင့်လှစ်ခဲ့သော ကျောက်တန်းစက်မှုဇုန်အတွင်း လက်ရှိတွင် လုပ်ငန်းရှစ်ခု ခန့်စတင် လည်ပတ်နေပြီဖြစ်ကြောင်း အဆိုပါစက်မှုဇုန်တာဝန်ရှိသူများထံမှ သိရသည်။
ကျောက်တန်းစက်မှုဇုန်ကို ဖွင့်လှစ်ခဲ့ခြင်းကြောင့် မွန်ပြည်နယ်အတွင်း စက်မှုဇုန်ဧရိယာနှစ်ခု ပေါ်ပေါက် လာပြီဖြစ်သည်။

IMG_7903 (2)-- copy

စက်မှုဇုန်နှစ်ခု မွန်ပြည်နယ်တွင် ပေါ်ပေါက်လာခြင်းကြောင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတော့မည်လော။
ယင်းမေးခွန်း၏ အဖြေကို တိတိကျကျမဆိုနိုင်ကြသော်လည်း ပြည်နယ်အတွင်း၌ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရန် လိုအပ်နေသည်ကိုတော့ အစိုးရတာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက တစ်ညီတစ်ညွတ် တည်းပြောဆိုကြသည်။

စက်မှုဇုန် နိဒါန်း

မွန်ပြည်နယ်၏ ပထမဆုံးစက်မှုဇုန်မှာ တပ်မတော်အစိုးရလက်ထက် ၂၀ဝ၂ ခုနှစ်တွင်အကောင် အထည်ဖော် ခဲ့သော မော်လမြိုင်စက်မှုဇုန်ဖြစ်သည်။
ယင်းစက်မှုဇုန်မှာ ပြည်တွင်း၌ ဂျစ်ကားများနှင့် လိုက်ထရပ်မော်တော်ယာဉ်များ ထုတ်လုပ်ရေးနှင့် မြို့ပေါ်များ တွင် စက်ရုံ၊အလုပ်ရုံများ မလုပ်ကိုင်ရေးအစရှိသည့် စီမံချက်များနှင့်အတူပေါ်ပေါက်ခဲ့သော စက်မှုဇုန် တစ်ခုဖြစ်သည်။

“အဲဒီအချိန်တုန်းက အားလုံးအဆင်ပြေတယ်။ စက်မှုလုပ်ငန်းနဲ့ ပတ်သက်တာကို မြို့ထဲမှာ ပေးမလုပ်ဘူး။ ပေးမလုပ်တဲ့ အခါကျတော့ လူတွေအားလုံးက စက်မှုဇုန်မှာပဲ လုပ်ရတယ်”ဟု ၂၀ဝ၄ ခုနှစ်ဝန်းကျင်တွင် စက်မှုဇုန်တွင် စတင်လုပ်ကိုင်ခဲ့သည့် ရွှေကောင်းခါး မော်တော်ယာဉ် ထုတ်လုပ်ရေးုလုပ်ငန်းမှ မန်နေဂျာ ဦးဘိုဘိုဝင်းက ပြောကြားသည်။
လက်ရှိအချိန်တွင် လာရောက်လုပ်ကိုင်မှုများလျော့ကျ၍ လုပ်ငန်းအချို့မှာပိတ်သိမ်းနေပြီဖြစ်သော်လည်း မော်လမြိုင် စက်မှုဇုန်စတင်ထူထောင်ခဲ့စဉ်က လုပ်ငန်းပေါင်း ၃၂၀ ကျော်ရှိခဲ့ကြောင်း အစိုးရလက်ထက်က ဝန်ကြီးဌာနများ၏ မှတ်တမ်းများတွင် ဖော်ပြခဲ့သည်။

စတင်တည်ထောင်စဉ်က ဂျစ်ကားနှင့်မော်တော်ယာဉ်များထုတ်လုပ်ရခြင်းကြောင့် မော်တော်ယာဉ်လုပ်ငန်း များဖြင့် စည်ကားခဲ့ခြင်းနှင့်အတူ တွင်ခုံလုပ်ငန်းများနှင့်အခြားစက်မှုလုပ်ငန်းများလည်းအလုပ် ဖြစ်ထွန်းခဲ့ကြ ကြောင်း အဆိုပါစက်မှုဇုန်ရှိလုပ်ငန်းရှင်များကပြောဆိုကြသည်။
ထို့နောက် သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၄ ခုနှစ်တွင်မူ မော်လမြိုင်မြို့၊ ကျောက်တန်းရပ်ကွက်အနီးတွင် ကျောက်တန်းစက်မှုဇုန်ကို စတင်အကောင်အထည်ဖော်ခဲ့ကြသည်။
ကျောက်တန်းစက်မှုဇုန်ကိုမူ လုပ်ငန်းရှင် ၅၉ ယောက်က မြေဧက ၂၆၀ ခန့်ကိုဝယ်ယူ၍ အကောင်အထည် ဖော်ခဲ့ကြခြင်းဖြစ်ပြီး ယခုနှစ် မတ်လကုန်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ကာ ကုန်ထုတ်လုပ်ငန်းများ ပါဝင်မည်ဖြစ် ကြောင်း အဆိုပါစက်မှုဇုန်အကောင်အထည်ဖော်သူများထံမှ သိရသည်။
လုပ်ကိုင်သူလျော့ မော်လမြိုင်ဇုန် မော်တော်ယာဉ်ထုတ်လုပ်မှုကြောင့် စည်ကားခဲ့သော မော်လမြိုင်စက်မှုဇုန်မှာ မော်တော်ယာဉ်ထုတ်လုပ်မှု ရပ်ဆိုင်းခြင်းမှပင် ပြန်လည်တိမ်ကောလာရခြင်း၏ လမ်းစဖြစ်ခဲ့သည်။
“နောက်ပိုင်းကားတွေ ထုတ်လုပ်မှုကလည်း မကိုက်ကြတော့တာနဲ့ ကားထုတ်လုပ်မှုတွေ ရပ်ဆိုင်းသွားကြတဲ့ အခါမှာ ဘော်ဒီရုံတွေကလည်း နည်းသွားတယ်။ မော်လမြိုင်မြို့ထဲမှာ လုပ်လို့ရနေတဲ့ အခါကျတော့ သွားပြီးလုပ်ကြကုန်တယ်”ဟုလက်ရှိတွင် လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းထားသည့် ရွှေကောင်းခါး မော်တော်ယာဉ်ထုတ်လုပ်ရေး မန်နေဂျာ ဦးဘိုဘိုဝင်းက ရှင်းပြသည်။

မော်လမြိုင်စက်မှုဇုန်မှာ ၂၀ဝ၅ခုနှစ် နှင့်၂၀ဝ၆ ခုနှစ်ဝန်းကျင်အရောက်တွင်မူ လာရောက်လုပ်ကိုင် သည့် လုပ်ငန်းရှင်များ တဖြည်းဖြည်းလျော့ကျလာခဲ့ပြီး စတင်ဖွင့်လှစ်စဉ်က ယခုလက်ရှိအချိန်တွင်တော့ လုပ်ကိုင်နေသည့် လုပ်ငန်းအရေအတွက် ၁၂၀ ဝန်းကျင်သာရှိတော့ကြောင်း စက်မှုဇုန်တာဝန်ရှိသူများထံမှ သိရသည်။
“လုပ်ငန်းရပ်ထားတဲ့ လူတွေ တစ်ပုံကြီးပဲ။ တစ်ဝက်မကဘူး တစ်ကယ်လုပ်ငန်းကို လုပ်နေတာ ၆၀-၇၀ ရှိတယ် တွင်ခုံတို့ ကားပြင်တဲ့ ရုံတို့ ပြုပြင်တဲ့ရုံမဟုတ်ဘူး။ တကယ်ထုတ်ကုန်ထုတ်တဲ့ စက်ရုံက ဆယ်ဂဏန်းလောက်ပဲ ရှိတယ်” မော်လမြိုင်စက်မှုဇုန်စတင်အကောင်အထည်ပေါ်ချိန်မှစ၍ လက်ရှိအချိန်အထိလုပ်ကိုင်နေသည့် ဘတ္တရီလုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

“အခုစက်မှုဇုန်ကြီးက ကြက်ဝိ်ုင်းလောက်ပဲ ရှိတော့တယ်။ ကြက်ဝိုင်းတောင်ကြီးဦးမှာလား မသိဘူး “ဟု ၎င်းကပင် ထပ်လောင်းပြောဆိုသေးသည်။
ထိုသို့လျော့ကျလာရသည့်အဓိက ပြဿနာမှာ ရေရှာပါးမှုနှင့် အတ္တရံတံတားတို့ကြောင့်ဖြစ်သည်။
“အဆင်မပြေတာက တံတားပဲ။ နောက်တစ်ခုက ရေအဆင်မပြေဘူး။ ရေရရှိမှုက ရာခိုင်နှုန်း သုည “ဟု လက်ရှိအချိန်ထိ လုပ်ငန်းလည်ပတ်နေသော မော်လမြိုင်မြို့တွင်နေထိုင်၍ ဘက္ထရီအိုး ထုတ်လုပ်နေသည့် အမည်မဖော်လိုသူ လုပ်ငန်းရှင်က ဆိုသည်။

ယင်းအချက်ကို ရွှေကောင်းခါးလုပ်ငန်းမှ မန်နေဂျာ ဦးဘိုဘိုဝင်းကလည်းထောက်ခံပြောဆိုသည်။
မော်လမြိုင်-ဘားအံကားလမ်းနံဘေးရှိ မော်လမြိုင်စက်မှုဇုန်ကိုသွားရောက်ရန် အတ္တရံတံတားကိုဖြတ်သန်းရပြီး ယင်းတံတားမှာ တန်ချိန်အားအများကြီးမနိုင်သောကြောင့် ကုန်သယ်ရန် မော်တော်ယာဉ်ကြီးများ မဖြတ်သန်းနိုင်၍ အကြီးစားစက်မှုလုပ်ငန်းများက မလာရောက်ကြခြင်းဖြစ်ကြောင်း ၎င်းတို့က တစ်ညီတစ်ညွတ်တည်းပြောဆိုကြသည်။
“အခုကျောက်တန်း စက်မှုဇုန်မှာ လူတွေက ဘာလို့စိတ်ဝင်စားလဲဆိုတော့ အဲလိုပြဿနာတွေ မရှိဘူး ” ဟု မော်လမြိုင်မြို့တွင်နေထိုင်သည့် ဘတ္ထရီအိုးလုပ်ငန်းရှင်က သုံးသပ်ပြောဆိုသည်။
အသစ်ဖော်ဆောင်နေသည့် ကျောက်တန်းစက်မှုဇုန်ကို မော်လမြိုင်-ထားဝယ်ကားလမ်းမှ ဝင်ရောက်ရန်လွယ်ကူပြီး တံတားများကိုဖြတ်စရာမလိုအပ်ပေ။
ရေနှင့် လမ်းပြဿနာများကို ဖော်ဆောင်သူများက ဖြေရှင်းထားနိုင်သော်လည်း ရေရှည်တွင် လျှပ်စစ်မီးပြဿနာ နှင့်ရင်ဆိုင်ရနိုင်ကြောင်း ကျောက်တန်းစက်ရုံစု၏ ဥက္ကဋ္ဌ ဦးတင်လှိုင်က ပြောဆိုသည်။
IMG_7906-- copy
ရှိပြီးသား ဈေးကွက်

အခက်အခဲများအသီးသီးရှိသော်လည်း စက်မှုလုပ်ငန်းမှာမွန်ပြည်နယ်အတွက် အမှန်တကယ်လိုအပ်နေသည်ကို တော့ လုပ်ငန်းရှင်များနှင့် အစိုးရတာဝန်ရှိသူများက တစ်ညီတစ်ညွတ်တည်းပြောဆိုကြသည်။

ဧပြီလ ၂၉ ရက်နေ့ကမော်လမြိုင်မြို့၊ရိုးဂိုးကျေးရွာတွင် ဖွင့်လှစ်ခဲ့သော MOS Lumber Products ကုမ္ပဏီ၏ ရော်ဘာသစ်စက်ရုံဖွင့်ပွဲ၌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရန် နည်းပညာအကူအညီရယူပြီး စက်မှုပြည်နယ်ထူထောင်ရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားထားသည်။
“ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင် ဒီအခြေအနေနဲ့သွားလို့ မရတော့ဘူး ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင် နည်းပညာ အကူအညီ ရယူပြီး စက်မှုပြည်နယ် ထူထောင်မှ ကျွန်တော်တို့ ပြည်နယ် ခုန်တက်သွားနိုင်မယ် အဲဒါကလည်း အရေးကြီးပါတယ်”ဟု ၎င်းက ပြောဆိုသည်။

ထိုု့ပြင် စက်မှုဇုန်များရှိ ကုန်ထုတ်လုပ်ငန်းများအတွက် ဈေးကွက်မှာလည်း အသင့်ရှိကြောင်း စီးပွားရေးလုပ်ငန်း ရှင်များက ဆိုကြသည်။
“ကျွန်တော်တို့ ဦးခေါင်းမှာရှိတဲ့ ဆံပင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးမှာသုံးတဲ့ပစ္စည်တွေကို သူများဆီကနေ တင်သွင်း နေရတယ်”ဟု ပြည်တွင်းဈေးကွက်အတွင်း နိုင်ငံခြားထုတ်ကုန်များကို သုံးစွဲနေရကြောင်း မွန်ပြည်နယ် စက်မှုလက်မှုနှင့်ကုန်ထုတ်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဦးတင်လှိုင်ကဆိုသည်။
ဦးတင်လှိုင်သည် မော်လမြိုင်မြို့ပေါ်တွင် ကျော်ကြားအိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်ကိုဖွင့်လှစ်ထားပြီး ကျောက်တန်းစက်မှုဇုန်တွင် အိမ်မိုးသွပ်ပြားများကို ထုတ်လုပ်သည့် စက်ရုံကို တည်ထောင်ထားသည်။

မြန်မာနိုင်ငံသည် လက်ရှိတွင် အိမ်နီးချင်းနိုင်ငံများမှ လူသုံးကုန်မှအစ စားသောက်ကုန်များကို တင်သွင်းနေရပြီး နှစ်စဉ်ကုန်သွယ်ရေးလိုငွေများမှာမြင့်တက်လျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနထံမှ သိရသည်။
ယင်းကြောင့် မြန်မာနိုင်ငံသည် ပို့ကုန်ကဏ္ဍကိုမြှင့်တင်ရန်သာမက ပြည်ပမှတင်သွင်းနေရသည့် ကုန်စည်အချို့ကို ပြည်တွင်း၌ အစားထိုးထုတ်လုပ်ရန်လိုအပ်ကြောင်း ပြည်တွင်းစီးပွားရေးပညာရှင်များက ပြောဆိုထားသည်။
“ကျွန်တော်တို့က သူများကို ဂိုးသွင်းဖို့မစဉ်းစားနဲ့ဦး။ ဂိုးမပေးရဖို့ အရင်စဉ်းစားရမယ် “ဟု ဦးတင်လှိုင်က ထပ်လောင်းပြောဆိုသည်။
ထို့ပြင် စက်ရုံလုပ်ငန်းလုပ်ကိုင်၍ ထုတ်ကုန်များအတွက် ဈေးကွက်မရှိမည်ကို စိုးရိမ်နေသူများအတွက် ကိုယ်တိုင်ပင်ရှာဖွေပေးနိုင်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။
ထို့ပြင် စက်ရုံအလုပ်ရုံများပေါ်ပေါက်လာပါက ပြည်ပသို့ရွှေ့ပြောင်းသွားရောက်လုပ်ကိုင်သူများပြားနေသည့် မွန်ပြည်နယ်အတွင်းဒေသခံများကို အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်မည်ဖြစ်သည်။

အခြေခံအဆောက်အအုံ ပြဿနာ

ပြည်နယ်သူ၊ပြည်နယ်သားများကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် မော်လမြိုင်စက်မှုဇုန်တွင် ရန်ကုန်မြို့တော်တွင် ရှိသည့် စက်မှုဇုန်များကဲ့သို့ အထည်ချုပ်နှင့်ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် လိုအပ်သည်။
မော်လမြိုင်စက်မှုဇုန်တွင်တော့ တွင်ခုံလုပ်ငန်းအများအပြားကိုတွေ့နိုင်ပြီး ပလစ်စတစ်စက်ရုံ၊ အမှုန့်ကြိတ် စက်ရုံ၊ ဆန်စက်နှင့်ရေခဲစက်များရှိသည်။

“တကယ်တော့ ဒါကလည်း ဟိုးအရင်ခေတ်ကတည်းက လုပ်နေတဲ့ စက်ရုံတွေပါပဲ ဒီခေတ်က ထပ်ပြီးတိုးချဲ့ ဖို့အတွက် ဝန်ဆောင်မှု စက်ရုံတွေလည်း လုပ်နိုင်ရင်တော့ ကောင်းတာပေါ့”ဟု ၎င်းက ပြောဆိုသည်။
လက်ရှိရင်ဆိုင်နေရသည့် ပြဿနာများတွင်ရေကိစ္စမှာ အစိုးရမှ အလွယ်တကူ ဖြေရှင်းပေးနိုင်သည့် ပြဿနာ ဖြစ်ပြီး အတ္တရံမှ မြစ်ရေဖြင့်ဖြေရှင်းပေးနိုင်ကြောင်း ယင်းဇုန်ရှိလုပ်ငန်းရှင်များက ဆိုကြသည်။

အထည်ချုပ်နှင့် အခြားကုန်ထုတ်လုပ်ငန်းများ မော်လမြိုင်စက်မှုဇုန်အတွင်းသို့ ဝင်ရောက်လာနိုင်ရေးအတွက် တံတားပြဿနာကို အရင်ဆုံးဖြေရှင်းရမည်ဖြစ်ကြောင်း ယင်းဇုန်ရှိလုပ်ငန်းရှင်များကဆိုကြသည်။

“ဒီတံတားဟာ ၁၂ ဘီးကားတွေ ကုန်ပါရင်ဖြတ်လို့ မရတော့ဘူး။အဓိက အကြီးစား အလတ်စားတွေ မဝင် လာတဲ့ ပြဿနာက အဲဒါပဲ။ဒီတံတားကြီး ရှိနေသရွေ့ အကြီးစား စက်မှုလုပ်ငန်းရှင်တွေ လာလုပ်ဖို့ အများကြီး အခက်အခဲရှိတယ်”ဟု ဦးဘိုဘိုဝင်းက ထပ်လောင်းပြောဆိုသည်။

လက်ရှိအချိန်တွင် ကုန်ပစ္စည်းများမှာယူပါက အတ္တရံတံတားကိုဖြတ်ကျော်ရန် ခြောက်ဘီးကားနှင့်အသုံးပြုရပြီး တံတားကို ကျော်လွန်ချိန်မှ ၁၂ ဘီးယာဉ်များဖြင့် ပြောင်းရွှေ့တင်ဆောင်ရပြီး တံတားကိုတိုးချဲ့ပေးလိုက်ပါက အခြားမှ ရင်းနှီးမြှုပ်နှံသူများဝင်ရောက်လာနိုင်ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
လုပ်ငန်းရှင်အချို့ကို ကျောက်တန်းစက်မှုဇုန်သို့ပြောင်းရွှေ့လုပ်ကိုင်ရန် ကမ်းလှမ်းခြင်းများရှိသော်လည်း စရိတ်စကများပိုမိုကုန်ကျမည်ဖြစ်သောကြောင့် မပြောင်းလိုကြောင်း၊ မော်လမြိုင်စက်မှုဇုန်ရှိလုပ်ငန်းရှင်များက ဆိုကြသည်။

လမ်းတံတားများအဆင်ပြေနေသောကျောက်တန်းစက်မှုဇုန်အဓိက ရင်ဆိုင်နေရသည့် လျှပ်စစ်မီးပြဿနာ အတွက်မူ အဆင်ပြေနိုင်ရန် အစိုးရထံတောင်းဆိုထားကြောင်း အဆိုပါဇုန်တာဝန်ရှိသူများထံမှ သိရသည်။

“အလွယ်တကူ မီးရဖို့ပဲ။ဈေးလည်းမဆစ်ဘူး။ပေးရမယ်ဆိုတဲ့ သတ်မှတ်နှုန်းအတိုင်းပေးမယ်”ဟု ဦးတင်လှိုင် ကဆိုသည်။
လျှပ်စစ်မီးပြဿနာသည် မြန်မာနိုင်ငံအတွင်းရှိ စက်မှုလုပ်ငန်းများရင်ဆိုင်နေရသောပြဿနာဖြစ်ပြီး လက်ရှိတွင် ရက်တစ်ရာစီမံကိန်းဖြင့်ဖြေရှင်းနေသည့် အပိုင်းများရှိသကဲ့သို့ ရေရှည်တွင်လည်း ပြည်သူတိုင်းမီးရရှိနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ကျောက်တန်းစက်မှုဇုန်အတွင်းရှိလုပ်ငန်းအချို့ကား စတင်လည်ပတ်နေပြီဖြစ်သည်။ လျှပ်စစ်မီးရရှိနိုင်ပါက အဆင်ပြေမည်ဖြစ်ပြီး နည်းပညာအတွက်မူစိတ်မပူသော ဦးတင်လှိုင်ကတော့ အနာဂတ်တွင် စက်ရုံစုအတွင်း မှ အခြားဒေသများသို့ ကုန်စည်များတင်ပို့နိုင်ရန် ဆိပ်ကမ်းတည်ဆောက်ရေးပါ စဉ်းစားထားကြောင်း ပြောဆို သည်။

ထို့အတူ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသော ကျောက်တန်းစက်မှုဇုန် အောင်မြင်ခြင်းရှိ၊မရှိကိုမူ “ဆန္ဒပဲ၊ လုပ်ချင် စိတ်ဘယ်လောက်ရှိလဲ၊ ဆန္ဒရှိရင်အောင်မြင်တယ်”ဟု ဦးတင်လှိုင်က ဆိုလေသည်။

ကြည်ကို၊မင်းသူရိန်နိုင်

Leave a Reply