မော်လမြိုင် ဖေဖော်ဝါရီ ၁၅

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် အမည်းရောင် နယ်မြေအဖြစ် သတ်မှတ်ခံရသော ဘီးလင်းမြစ် အရှေ့ဘက်ပိုင်း ကို ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ကွင်းဆင်းလေ့လာပြီး စီမံကိန်း ရေးဆွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ဖေဖော်ဝါရီ ၁၃ရက် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေး၌ ပြောသည်။

“လိုအပ်ချက်တွေကို စီမံကိန်း ရေးဆွဲနိုင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်နဲ့လည်း ဆွေးနွေးပြီးပါပြီ၊ ဘတ်ဂျက်ရရှိနိုင်ဖို့အတွက် ပြည်ထောင်စုကို တင်ပြပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ရေးဆွဲဆောင်ရွက်သွားမှာပါ”ဟု ၎င်းက ပြောသည်။

အဆိုပါဒေသသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ လျှပ်စစ်သွယ်တန်းမှု မရရှိသေးသည့်အပြင် အမည်းရောင်ဒေသအဖြစ် သတ်မှတ်ခံရသောကြောင့် ဖွံ့ဖြိုးမှု ပိုမိုနောက်ကျခဲ့ခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

ဘီးလင်းမြစ်အရှေ့ပိုင်းဒေသတွင် ပညာရေး၊ ကျန်းမာရေး၊ လမ်း၊ တံတားနှင့် လျှပ်စစ်မီးဆိုင်ရာကိစ္စရပ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် နှင့် လူနေမှုအဆင့်အတန်းမြင့်မားလာစေရန် သက်ဆိုင်ရာဌာနများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းကာ ကွင်းဆင်းကြည့်ရှုပြီး စီမံကိန်းရေးဆွဲနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုနှစ်ဘတ်ဂျက်တွင် ဘီးလင်းမြို့နယ် အမည်းရောင်နယ်မြေအဖြစ် သတ်မှတ်ခံထားရသောဒေသတွင် ဖွံ့ဖြိုးရေးလုပ်ငန်း ၁၁ခုအတွက် ငွေကျပ်သိန်းပေါင်း ၁ဝ၃၉ ဒသမ ၈၈၇ သုံးစွဲရန် လျာထားကြောင်း ၎င်းကပြောသည်။

အရှေ့ဘက်ဒေသတွင် နေထိုင်သော ကလေးများသည် မြစ်တစ်ဖက်ကမ်းသို့ လာရောက် ပညာသင်ကြားရခြင်း၊ ကျန်းမာရေးကြောင့် အချိန်မီမကယ်တင်နိုင်ခြင်း၊ သွားလာရခက်ခဲခြင်းတို့ကြောင့် လူနေမှုအဆင့်အတန်းမှာ ဝေးကွာစွာ တည်ရှိနေကြောင်း မွန်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၁၂)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာက ပြောသည်။

“နှစ်ပေါင်းများစွာ တိုက်ပွဲဒဏ်ခံစားခဲ့ရတဲ့အတွက် ဘီးလင်းမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ကျေးရွာတွေမှာ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ အခြေခံလိုအပ်ချက်တွေ ပြည်စုံမှုမရှိခဲ့ဘူး”ဟု ၎င်းက ပြောသည်။

အဆိုပါဒေသတွင် ဖွံ့ဖြိုးရေးကဏ္ဍတစ်ခုချင်းစီကို ဆောင်ရွက်နေမည်ဆိုပါက ပြည်စုံမှုမရှိသောကြောင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဖြင့် ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရထံ တင်ပြတောင်းဆိုခြင်းဖြစ်သည်။

မွန်ပြည်နယ်အစိုးရအနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘတ်ဂျက်ထည့်သွင်းကာ ဆောင်ရွက်ပေးသော်လည်း ဘတ်ဂျက်လိုအပ်ချက်ရှိသောကြောင့် ပြည်ထောင်စုအစိုးရမှ ပူးပေါင်းဆောင်ရွက်ပါက အဆင်ပြေမည် ဖြစ်ကြောင်း ဒေါ်သီရိရတနာက ဆိုသည်။

ဘီးလင်းမြို့ အရှေ့ဘက်ခြမ်းတွင် ကျေးရွာအုပ်စု ၁၃စု၊ ကျေးရွာပေါင်း ၈၃ရွာ၊ အိမ်ခြေပေါင်း ၆ဝ၁၈ နှင့် အိမ်ထောင်စု ၆၂၈၄ စု ရှိကြောင်း သိရသည်။

ထိုက်ထိုက်

Leave a Reply