Myanmar Now

ရန်ကုန်တိုင်းအစိုးရ စာရင်းစစ်ချုပ်အစီရင်ခံစာကို ယခင်နှစ်များက ရန်ကုန်လွှတ်တော်အမတ်များထံ ပေးဝေခဲ့သော်လည်း ယခုနှစ်တွင်တော့ အဆိုပါအစဉ်အလာကို ပယ်ဖျက်လိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်၏ စာရင်းစစ်ချုပ်အစီရင်ခံစာကို တိုင်းလွှတ်တော်အမတ်များ တိုက်ရိုက်ဖတ်ရှုခွင့် ရတော့မည် မဟုတ်ဘဲ ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာကိုသာ ဖတ်ခွင့်ရမည် ဖြစ်သည်။

ရန်ကုန်လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်ကတော့ ထိုသို့ပြုလုပ်ခြင်းမှာ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ မူအတိုင်း ပြုလုပ်ခြင်းဖြစ်သည်ဟု Myanmar Now ကို ပြောသည်။

ပြည်ထောင်စုလွှတ်တော်တွင်လည်း စာရင်းစစ်ချုပ်အစီရင်ခံစာနှင့်ပတ်သက်ပြီး လွှတ်တော်ပထမသက်တမ်းအတွင်း အစိုးရနှင့်လွှတ်တော်အကြား တင်းမာခဲ့ကြပြီး စာရင်းစစ်ချုပ် ဦးလွန်းမောင် နုတ်ထွက်သည်အထိ ဖြစ်ခဲ့သည်။

တိုင်းပြည်ဘဏ္ဍာငွေများကို အစိုးရက မည်ကဲ့သို့ စီမံခန့်ခွဲ သုံးစွဲနေသည်ကို စုံစမ်းစစ်ဆေးထားသည့် စာရင်းစစ်ချုပ်အစီရင်ခံစာကို ရွေးကောက်ခံ လွှတ်တော်အမတ်များ တိုက်ရိုက် သိခွင့်မရပါက ဖြစ်လာနိုင်သည့် အကျိုးအပြစ်များကို ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အဖွဲ့ဝင် စိုင်းသီဟကျော်က ရှင်းပြခဲ့သည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် အသက် ၄၄ နှစ်အရွယ် ရှမ်းပြည်နယ် မိုင်းရယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသီဟကျော်သည် ဘဏ်နှင့်ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုနယ်ပယ်တွင် အသက်မွေးဝမ်းကြောင်း ပြုခဲ့သူဖြစ်ပြီး လွှတ်တော်သက်တမ်း နှစ်ကြိမ်လုံးတွင် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့နေသူလည်း ဖြစ်သည်။

မေး။ ။ ရန်ကုန်တိုင်း လွှတ်တော်မှာတော့ တိုင်းလွှတ်တော်အမတ်တွေကို ရန်ကုန်တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာကို တိုက်ရိုက်ဖတ်ရှုခွင့် ရတော့မှာ မဟုတ်ဘဲ ပြည်သူ့ငွေစာရင်းကော်မတီကိုပဲ ပေးပို့မယ်လို့ သိရပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာရော ဘယ်လိုကျင့်သုံးနေပါသလဲ။

ဖြေ။ ။ အဲလိုမျိုးပဲဗျ။ (ပြည်ထောင်စု) စာရင်းစစ်ချုပ်အစီရင်ခံစာက လွှတ်တော်ကို ပို့လာတာ အရင်တုန်းကဆိုရင် တစ်စုံပဲ ပို့တယ်။ သူက လွှတ်တော်နာယကဆီကို ပို့တာ။ စစချင်းဆိုရင် သမ္မတကိုပဲ ပေးပို့ရမယ်လို့ ပါလာတယ်။ လွှတ်တော်ကို ပေးပို့ရမယ်လို့ မပါဘူး။သမ္မတကနေတဆင့် လွှတ်တော်ကို ပေးပို့ရမယ်လို့ပဲ ပါတယ်။ နောက်ပိုင်းမှ ကျွန်တော်တို့က စာရင်းစစ်ချုပ်ဥပဒေလည်း ပြင်လိုက်တယ်။ ပြည်ထောင်စု လွှတ်တော်ဥပဒေကိုလည်းအနည်းငယ် ပြင်လိုက်တာပေါ့။ (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုရင် စာရင်းစစ်ချုပ်က နိုင်ငံတော်သမ္မတကို တာဝန်ခံရမယ်။ နိုင်ငံတော်သမ္မတကို စာရင်းစစ်ချုပ် အစီရင်ခံစာကို အစီရင်ခံရတယ်။ အဲဒီကနေတဆင့် လွှတ်တော်ကို ပေးပို့ရတာပေါ့။ ကျွန်တော်တို့ဆီကိုပထမဆုံးရောက်လာတဲ့ စာရင်းစစ်ချုပ်အစီရင်ခံစာမှာ စာရင်းစစ်ချုပ်က ဧည့်ခံပွဲတက်တဲ့ဟာတွေပေါ့။ သူလုပ်ဆောင်တဲ့ဟာတွေပဲ ပါလာတယ်။ အဲဒါက ပထမဆုံးရောက်တဲ့ဟာ။

အဲဒါက အဆင်မပြေဘူး။ နောက်ပိုင်းမှာတော့ ဦးရွှေမန်းက တိုက်ရိုက်ပို့ခိုင်းလိုက်တာ။ ပို့လိုက်တော့ ဦးရွှေမန်းက ကျွန်တော်တို့ကော်မတီကို စစ်ခိုင်းပြီး လုပ်ထည့်လိုက်တဲ့အချိန်မှာပြဿနာတက်ရော။ ပြဿနာတက်တဲ့အချိန်ရောက်တော့ (အခြေခံဥပဒေဆိုင်ရာခုံရုံး) ခုံရုံးတွေဘာတွေ ရောက်သွားပြီးတော့ အဲဒီကိစ္စကြီးက ဘယ်လိုဖြစ်သွားလဲဆိုတော့စာရင်းစစ်ချုပ် ဦးလွန်းမောင် ပြုတ်သွားတဲ့အထိကို ဖြစ်သွားရော။ အဲဒါက သူ (ဦးလွန်းမောင်) ဘောင်ကျော်ပြီး လုပ်တယ်။ လွှတ်တော်ကို တိုက်ရိုက်ပို့တယ်ဆိုတဲ့ ကိစ္စကြီး ဖြစ်သွားတာပေါ့။

မေး။ ။ ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေအရေရော ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေက စာရင်းစစ်ချုပ်အစီရင်ခံစာကို ကြည့်ခွင့်မရှိဘူးလား။

ဖြေ။ ။ တကယ့် ဥပဒေထဲမှာက စာရင်းစစ်ချုပ်က သမ္မတကိုပဲ ပို့ရမယ်ဆိုတော့။ လွှတ်တော်ကို ပို့လိုက်တော့။ ဦးရွှေမန်းကလည်း ကျွန်တော်တို့ကော်မတီကို စိစစ်ပြီးတော့ လုပ်ပါဆိုတော့ အစီရင်ခံစာ မူကြမ်းတောင်မှ လွှတ်တော်ထဲထိ ရောက်သွားတယ်။ အဲဒါကို ဖြန့်လိုက်ပေမယ့် မဆွေးနွေးလိုက်ရဘူး။ ဒါပေမဲ့ သတင်းတွေအားလုံးက ပျံ့သွားတယ်။ အဲဒီမှာအလွဲသုံးစားတာ​တွေဘာတွေ အများကြီးထွက်သွားတယ်ဗျာ။ သတင်းတွေအများကြီး ပျံ့နှံ့သွားတယ်။၂၀၁၁-၂၀၁၂ ဝန်းကျင်လောက်မှာ ဖြစ်တာပေါ့။

နောက်ပိုင်းမှာ စာရင်းစစ်ချုပ် ဦးသိန်းထိုက်လက်ထက်ကို ရောက်သွားတယ်။ စာရင်းစစ်ချုပ် ဦးသိန်းထိုက် လက်ထက်မှာတော့ သူ့အစီရင်ခံစာက ဘာမှ ဆွဲကိုင်စရာမရှိတော့ဘူး။ စာရင်းစစ်ချုပ်ရုံးရဲ့ လုပ်ဆောင်ချက်တွေပဲ ပါလာတော့တယ်။ နောက်ပိုင်းမှာကျွန်တော်တို့ ဥပဒေတွေကို ပြင်လိုက်တယ်။

စာရင်းစစ်ချုပ်ဥပဒေကို ပြင်တယ်။ ပြည်ထောင်စု(လွှတ်တော်) ဥပဒေတွေကို ပြင်တယ်။ ဖွဲ့စည်းပုံနဲ့လည်း မဆန့်ကျင်အောင်ပေါ့။ ဖွဲ့စည်းပုံမှာကတော့ သမ္မတကို ပေးပို့ရမယ်လို့ပဲ ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ပြင်လိုက်တာက သမ္မတကို ပေးပို့လိုက်တာနဲ့ တပြိုင်နက်လွှတ်တော်ကိုပါ ပေးပို့ရမယ်ဆိုပြီး တပြိုင်တည်း ပို့ခိုင်းလိုက်တယ်။ အဲဒီလိုပြင်ခိုင်းပြီးတဲ့နောက်ပိုင်းမှာ စာရင်းစစ်ချုပ်အစီရင်ခံစာက လွှတ်တော်ကိုတော့ ရောက်လာတယ်။ သမ္မတဆီပို့တာနဲ့ လွှတ်တော်ကိုပါ ပို့လာတယ်။

ဒါပေမဲ့ ဘာခံနေသလဲဆိုတော့ လျှို့ဝှက်ဆိုတာကြီးက ပါနေတယ်။ အဲဒါကို ဖြုတ်ခိုင်းလည်း မဖြုတ်ဘူး။ ကျွန်တော်တို့ အမြဲတမ်းပြောတယ်။ သူတို့ဆီကတော့ လျှို့ဝှက်အနေနဲ့ပဲ ပို့မယ်ပေါ့။ ဖြုတ်ချင်ရင် ကိုယ့်လွှတ်တော်နဲ့ ကိုယ့်အစီအစဉ်နဲ့သာ လုပ်ပေါ့။ အဲလိုတွေဖြစ်နေတာ။ အဲဒီတော့ အဲဒီအစီရင်ခံစာကြီးက နာယကတစ်ယောက်တည်းစီကိုပဲ ရောက်သွားပြီးတော့ ကျွန်တော်တို့က ဖြန့်ခွင့်မရှိဘူး။ ဒါသည် ကျွန်တော်တို့ ငွေစာရင်းကော်မတီကအဲဒီစာရင်းစစ်ချုပ်အစီရင်ခံစာကို စိစစ်မယ်လုပ်တော့ အဲဒီလျှို့ဝှက်ကြီးတွေဖြစ်နေတော့ကျွန်တော်တို့ အဖွဲ့ဝင်တွေအားလုံးကို ဖြန့်ဖို့ကိုတောင်မှ တော်တော်လေးကို စဉ်းစဉ်းစားစားနဲ့ ဂွကျနေတာပေါ့။ လျှို့ဝှက်ဆိုတော့ ဖြန့်လို့မရဘူးလေ။ ဖြန့်လို့မရတော့ ဘယ်လိုသွားပြီးစိစစ်မလဲ။ စိစစ်လို့မှမရတာ။ တစ်ယောက်တစ်လှည့်စီ ကြည့်ပြီးတော့ စိစစ်ဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးလေ။ အဲဒီလိုနဲ့ နောက်ပိုင်းမှာတော့ ငွေစာရင်းကော်မတီ အဖွဲ့ဝင်တွေကိုတော့ဖြန့်တာပေါ့လေ။

ဒါပေမဲ့ လျှို့ဝှက်ဖြစ်တဲ့အတွက်ကြောင့် မပေါက်ကြားဖို့တော့ ကိုယ့်ဘာသာကို ထိန်းကြပေါ့။ အဲဒါကြောင့်မို့ လွှတ်တော်ကိုယ်စားလှယ်တွေဆီကို ရောက်ဖို့ကတော့ မလွယ်ဘူးပေါ့။ စိစစ်ဖို့တာဝန်ရှိတဲ့ ကိုယ်စားလှယ်တွေတောင်မှ အပြည့်မှမရတဲ့ကိစ္စ။ ခုနောက်ပိုင်းတော့ ပြန်ဖြန့်ပါတယ်။ ကျွန်တော်တို့က ဒီလျှို့ဝှက်ဆိုတာကြီးကို ဖြုတ်ခိုင်းပေမယ့် သူတို့ မဖြုတ်ပေးဘူးလေ။ မဖြုတ်တော့ ဒီအတိုင်းပဲ ဆက်သွားနေရတာပေါ့။ ဒါကတော့ အရေးကြီးစာရွက်စာတမ်းများဆိုင်ရာ ဥပဒေဆိုတာ ရှိထားတာကိုး။ အရေးကြီးသတ်မှတ်ချက်တွေကန့်သတ်တွေဆိုတာရှိတော့ အဲ့ဒီအတိုင်းပဲ သွားနေရတယ်။ ပြည်ထောင်စုက အဲဒီလိုလုပ်နေတယ်။ တိုင်းမှာလည်း အဲဒီလိုတွေ လုပ်မယ်ဆိုတော့ သူတို့က ညီသွားအောင်လုပ်တဲ့သဘောလားတော့ မသိဘူး။

မေး။ ။ ဘာကို စိုးရိမ်လို့ စာရင်းစစ်ချုပ်အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်တွေ လက်ထဲကို မထည့်ရဲတာလဲ။

ဖြေ။ ။ အဲဒါတော့ ကျွန်တော်လည်း မပြောပြတတ်ဘူးဗျ။ အမှန်တော့ လွှတ်တော်ဆိုတာဟာ ပြည်သူ့ဘဏ္ဍာငွေတွေကို အဓိကကိုင်တွယ် ထိန်းညှိပေးရတဲ့ အဖွဲ့အစည်းကြီးလေ။ ရငွေတွေရရှိအောင်၊ သုံးငွေတွေဆိုလည်း စနစ်တကျ သုံးစွဲအောင် ခွင့်ပြုပေးရတဲ့ အဖွဲ့အစည်းကြီး။ ပြည်သူ့ကိုယ်စား ပြည်သူ့ဘဏ္ဍာငွေတွေကို ထိန်းကြောင်းပေးရတဲ့ အဖွဲ့အစည်းကြီးလေ။ သူခွင့်ပြုပေးလိုက်တဲ့ ဘတ်ဂျက်နဲ့အညီ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေက စနစ်တကျ သုံးစွဲခြင်းရှိမရှိ၊ အလေအလွင့်ရှိမရှိ၊ အကျိုးထိရောက်မှုရှိမရှိ စသဖြင့်သုံးစွဲမှု မှန်ကန်ခြင်းရှိမရှိကို ကျွန်တော်တို့က ပြန်စိစစ်ရမှာ။ ဒါက လူထုကိုယ်စား ပြန်လည်စိစစ်ခွင့် ရှိကိုရှိရမှာ။ သုံးစွဲထားတဲ့ ဝန်ကြီးဌာနတွေကလည်း ပွင့်လင်းမြင်သာစွာနဲ့၊ မှန်မှန်ကန်ကန်နဲ့ သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးမူဘောင်တွေနဲ့အညီ သုံးစွဲတယ်ဆိုတဲ့အကြောင်းကို သက်သေပြရဲရမှာ။

ဒါပေမဲ့လည်း စာရင်းစစ်ချုပ်အစီရင်ခံစာက တစ်နှစ်ပြီးတစ်နှစ် တဖြည်းဖြည်းနဲ့ ထူလာတယ်။ သဘောကတော့ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေနဲ့ မညီတဲ့ ကိစ္စတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီတဲ့ ကိစ္စရပ်တွေက တစ်နှစ်ပြီးတစ်နှစ် ပိုပိုများလာတယ်။ လျှော့မသွားတဲ့အပြင် ပိုပိုများလာတယ်ဆိုတဲ့ သဘောပေါ့။ ဒါဝန်ကြီးဌာန အသီးသီးတွေရဲ့သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ အားနည်းချက်ရှိတယ်ဆိုတာသက်ရောက်နေတာလေ။ အဲဒါကို သူတို့က ပြည်သူကို ပေးမသိချင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့။ စိုးရိမ်မှုပေါ့။ စိုးရိမ်တယ်ဆိုတာက အုပ်ချုပ်ရေးယန္တရားတစ်ခုလုံး ကမောက်ကမ ဖြစ်သွားမှာကို စိုးရိမ်တဲ့ သဘောပေါ့။

မေး။ ။ ဘယ်လိုအားနည်းချက်တွေ ဖြစ်လာနိုင်သလဲ။

ဖြေ။ ။ ဒါကတော့ အဖွဲ့အစည်းအသီးသီးမှာ မှန်ကန်စွာ ဆောင်ရွက်နိုင်တယ်ဆိုတဲ့လမ်းကြောင်းက တဖြည်းဖြည်းနဲ့ လျော့နည်းသွားမှာပေါ့။ ပျောက်ကွယ်သွားစေနိုင်တဲ့အကြောင်းတရားပေါ့ဗျာ။ အလွဲသုံးစားမှုတွေ ပိုများလာနိုင်တဲ့ ကိစ္စပေါ့။ ဥပဒေကိုလက်တစ်လုံးခြား လုပ်တဲ့ ကိစ္စရပ်တွေလည်း ပိုများလာနိုင်တာပေါ့။ နောက်ပြီးတော့ ဘာသက်ရောက်မှုရှိလဲ ဆိုတော့ နိုင်ငံတော်မှာ သူ့ပေါ်လစီနဲ့သူ စီမံကိန်းတွေကို မူချပြီး လုပ်ရမယ့် လုပ်ငန်းစဉ်တွေ ရှိတယ်ပေါ့။ အဲဒီတော့ အကြီးအကဲတွေက သတ်မှတ်ထားတဲ့ မူဘောင်လမ်းစဉ်နဲ့အညီ သုံးစွဲသွားဖို့ ထိရောက်မျှတတဲ့ ဘဏ္ဍာရေးလမ်းစဉ် မူဝါဒချပြီး လုပ်ပေမယ့် တကယ်တမ်းမှာတော့ ဖြစ်လာတဲ့ ကိစ္စရပ်တွေက သတ်မှတ်ထားတဲ့ မူဘောင်လမ်းစဉ်နဲ့ လွဲချော်ပြီးတော့ သူ ပစ်မှတ်ထားတဲ့ နေရာကို မရောက်နိုင်တော့ဘူးပေါ့။

Leave a Reply