Myanmar Now

ပါတီကိုယ်စားပြု လွှတ်တော်အမတ်များနှင့် မြို့နယ်ပါတီခေါင်းဆောင်များအား Facebook ပေါ်တွင် မဟုတ်မမှန် ဝေဖန်ပြောဆိုခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် NLD ပါတီဝင်နှစ်ဦးကိုမန္တလေးတိုင်း အမရပူရမြို့နယ်NLD ပါတီဥက္ကဋ္ဌက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့်အမှုဖွင့်တိုင်ကြားလိုက်သည်။

အမှုဖွင့်ခံရသူနှစ်ဦးမှာ NLD ပါတီဝင်များ ဖြစ်ကြသည့် ဦးကျော်မျိုးတင့်နှင့် ဒေါ်မိမိကြီးတို့ဖြစ်ပြီး ၎င်းတို့သည် ရုပ်သံအင်တာဗျူးတစ်ခု ပြုလုပ်ခဲ့ကာ Facebookတွင် တင်ခဲ့သည်။ ထိုရုပ်သံတွင် အမရပူရမြို့နယ်NLD ဥက္ကဋ္ဌ ဦးတင်ထွဋ်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ NLD သို့ ပြောင်းလာခဲ့သူပုံစံ ပြောဆိုထားချက်တစ်ခု ပါဝင်သည်ကို တွေ့ရသည်။

ထို့ပြင် အမရပူရပါတီဥက္ကဋ္ဌ နှင့် လွှတ်တော်အမတ်များသည် ရွေးကောက်ပွဲပြီးနောက် ၎င်းတို့ရွာသို့ မလာတော့ကြောင်း၊ မြို့နယ်အရေးကိစ္စများကို လျစ်လျူရှုထားကြောင်းလည်း အဆိုပါရုပ်သံမှတ်တမ်းတွင် ပါရှိသည်။

ထို့ကြောင့် အမရပူရမြို့နယ် တမုတ်ဆိုး (တမုတ်စို့) ကျေးရွာမှ NLD ပါတီဝင် ဦးကျော်မျိုးတင့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် NLD ဗဟိုအလုပ်အမှုဆောင် ဒေါ်မိမိကြီးတို့အား အမရပူရမြို့နယ်NLD ပါတီဥက္ကဋ္ဌ ဦးတင်ထွဋ်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့်ပြီးခဲ့သည့်တနင်္လာနေ့တွင် အမရပူရမြို့နယ် ရဲစခန်း၌ အမှုဖွင့်ခဲ့သည်။

“အမှုဖွင့်ခံရတဲ့ဘက်ကို အကြောင်းမကြားရသေးပါဘူး ။ မစစ်ဆေးရသေးပါဘူး။ ရန်ကုန်က တစ်ယောက်နဲ့ အမရပူရက တစ်ယောက်။ နှစ်ယောက်စလုံးကို ဒီစခန်းမှာပဲ ပေါင်းဖွင့်တာပါ” ဟု ထိုရဲစခန်းမှ တာဝန်ကျအရာရှိက အတည်ပြုသည်။

NLD ပါတီဝင် နှစ်ဦးကို အမှုဖွင့်ရန် ဆုံးဖြတ်ချက်မှာ ပါတီ၏ညွှန်ကြားချက်မဟုတ်ဘဲ ပုဂ္ဂလိကဆိုင်ရာ နစ်နာမှုကြောင့်ဖြစ်ကြောင်း တရားလို အမရပူရမြို့နယ်NLD ဥက္ကဋ္ဌ ဦးတင်ထွဋ်က ဆိုသည်။

ဦးတင်ထွဋ်သည် နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်ပြီး NLD သို့ မူလကတည်းက ဝင်ရောက်ခဲ့သူ ဖြစ်သည်ဟု အမရပူရ ပြည်သူ့လွှတ်တော်အမတ် ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့်က ဆိုသည်။

“ဒီလိုတွေ မဟုတ်မမှန် ပြောတော့ သူ့အနေနဲ့ အတော်နစ်နာတာပေါ့” ဟု ၎င်းက ဆက်ပြောသည်။

ထို့ပြင် ထိုရုပ်သံအင်တာဗျူးတွင် ပါတီကိုယ်စားလှယ်များသည် ရွာသို့ တစ်ခါမျှမလာကြောင်း စွပ်စွဲချက်မှာ မဟုတ်ဘဲ ရွာသို့ အခေါက်ခေါက်ရောက်သလို အရေးကိစ္စများကိုလည်း ဖြေရှင်းပေးသည်ဟု ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့်က ပြောသည်။

အဲဒီမှာဖြစ်တဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းပေးတယ်။ အစည်းအဝေးတွေလုပ်တယ်၊ သူက တစ်ခါမှမတက်ဘဲနဲ့ မဟုတ်မမှန်တွေ တင်တယ်” ဟု ၎င်းက ပြောသည်။

အမှုဖွင့်ခံရသည့် ဦးကျော်မျိုးတင့်က သူ့အားစွပ်စွဲချက်များအား ဖြေရှင်းရန် အသင့်ဟုဆိုသည်။

“ကျွန်တော်တို့က ပါတီစည်းလုံးညီညွတ်ပြီး ကောင်းစေချင်လို့ ပြောတာပါ။ အမှုရင်ဆိုင်ဖို့အသင့်ပါပဲ” ဟု ၎င်းက ပြောသည်။

အမရပူရ NLD ဥက္ကဋ္ဌ နှင့် ၎င်းတို့အကြား အောက်ခြေပါတီအင်အားစုစည်းခြင်းနှင့် ပါတီင် အသိအမှတ်ပြု စမတ်ကတ် ပြုလုပ်ပေးရန် တောင်းဆိုခဲ့ခြင်း ကိစ္စတို့တွင် သဘောထား ကွဲလွဲခဲ့ဖူးကြောင်း၊ ၂၀၁၆ အတွင်းက ကျေးရွာ ဘောလုံးကွင်းသိမ်းယူခံရကြောင်း တိုင်ကြားမှုတွင်လည်း အခြေအတင်ဖြစ်ခဲ့ဖူးကြောင်း ဦးကျော်မျိုးတင့်က ပြောသည်။

ကျွန်တော်တို့အဖွဲ့ကိုမြင်တော့ ‘တမုတ်ဆိုး ဘောလုံးကွင်း ချီးထုပ်တွေ လာပြီဟေ့’ ဆိုပြီးပြောလိုက်တာကို ခံစားရလို့ ကျွန်တော်တို့အဖွဲ့က ပါတီကို တိုင်တယ်။ ဗဟိုကနေ ခေါ်မေးလို့ ရန်ကုန်ကို ၁၁ ယောက်အဖွဲ့ သွားရတယ်။ အဲဒီမှာ ဒေါ်မိမိကြီးနဲ့တွေ့ပြီး သူက ကူညီပေးမယ်ဆိုပြီး မေးမြန်းပြီး ဗီဒီယိုရိုက်တင်ခဲ့တယ်” ဟု ၎င်းက ပြောသည်။

ဦးကျော်မျိုးတင့်က ၎င်းသည် NLD ပါတီဝင်ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့သော်လည်း သူ့ကိုတရားစွဲထားသည့် အမရပူရမြို့နယ်NLD ဥက္ကဋ္ဌ ဦးတင်ထွဋ်ကတော့ သူ၏မြို့နယ် ပါတီဝင်စာရင်းတွင် ဦးကျော်မျိုးတင့် ရှိမနေဟု ဆိုသည်။

ဦးကျော်မျိုးတင့် ပြောဆိုသမျှကို Facebook တွင် လွှင့်တင်ခဲ့သည်ဟု စွပ်စွဲခံရသည့် အမှုဖွင့်ခံထားရသူ တစ်ဦးဖြစ်သော ဒေါ်မိမိကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် NLD ဗဟိုအလုပ်အမှုဆောင် ဖြစ်ကြောင်း ကောလင်းမဲဆန္ဒနယ် တိုင်းလွှတ်တော်အမတ် ဦးတင်စိုးက အတည်ပြုသည်။

ဒေါ်မိမိကြီးက ပါတီတွင်း မညီမျှမှုများကို ဖော်ထုတ်ခြင်းဖြစ်ပြီး ယင်းအတွက်ကြောင့် ဖမ်းဆီးခံရပါကလည်း ဆက်လက်ပြောဆိုနေမည်ဟု ဆိုသည်။

“NLD ပါတီမှာ အောက်ခြေတွေမှာ ကြီးနိုင်ငယ်ညှဉ်းတွေ ရှိနေတယ်။ အထက်က လုပ်ချင်ရာတွေ လုပ်နေတာ။ ဒါတွေကို အမေစု မသိဘူး။ သမ္မတကြီးမသိဘူး။ ခု ဒီဖြစ်ရပ်ကို စံနမူထားပြီးကျွန်မတို့က ပြောဆိုလိုက်တာ။ မတရားတာတွေရှိရင် နောက်လည်း ပြောနေရမှာပဲ၊ ထောင်ထဲဝင်ရရင် ဝင်ရပါစေ၊ ရင်ဆိုင်သွားဖို့အသင့်ပါပဲ” ဟု ဒေါ်မိမိကြီးက ပြောသည်။

၎င်းတို့ရင်ဆိုင်ရမည့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)သည် အမြင့်ဆုံး ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်သော ပုဒ်မဖြစ်သည်။

Leave a Reply