သားရဲဝဏ္ဏသို့ပေးစာ (၁၆)

ချစ်သောသားလေးရဲဝဏ္ဏ

ဒီနေ့ (၁၉ စက်တင်ဘာ ၂ဝ၁၇) နံနက် ၁ဝးဝဝ နာရီတိတိမှာ ဖေဖေတို့နိုင်ငံတော်အတိုင်ပင်ခံ (လူထုခေါင်းဆောင်) မိန့်ခွန်းပြောခဲ့တယ်။ တီဗွီ လိုင်းပေါင်းစုံကနေ လွှင့်တာမို့ ကမ္ဘာတစ်ဝှမ်းလုံးပျံ့နှံ့မှာပေါ့။ ထူးခြားတာက အင်္ဂလိပ်လိုပြောတာပဲ။

အင်္ဂလိပ်လိုပြောမယ်ဆိုတာကိုလည်း ကြိုတင်ကြေညာပေးထားပါတယ်။ ထုံးစံအတိုင်း အစိုးရဘာလုပ်လုပ်ကန့်လန့်တိုက်မယ်ဆိုတဲ့သူတွေက မြန်မာလို မပြောရကောင်းလားတို့၊ ကုလသမဂ္ဂကို ကိုယ်တိုင်သွားပြောပါလားတို့ စသဖြင့် fb ပေါ်ကနေ ကန့်လန့်တိုက်တာပေါ့။

ဒီထက်ဆိုးတာကတော့ မန္တလေးမြို့မနော်ရမ္မံကွင်းပြည်သူ့ဟစ်တိုင်မှာ အကြမ်းဖက်ဆန့်ကျင်ရေးခေါင်းစဉ်အောက်ကနေ ၁၈.၉ နေ့မှာ ဟောပြောပွဲကျင်းပမယ်ဆိုတဲ့ အုပ်စုက ရှိသေးတယ်။ ခွင့်မပြုလို့ဆိုပြီး ဒီမိုကရေစီဆိတ်သုန်းတယ်၊ ဘာညာပြောကြသေးတာပေါ့။ ဘယ်သူဖြစ်မလဲသားရယ် သားသိပြီးသားအုပ်စုတွေပေါ့။ အမျိုးသားရေးဘန်းပြပြီး ပြည်သူနဲ့ ဆန့်ကျင်ဘက်မှာ ရပ်နေသူတွေလို့ ပြောမလားပဲ။

သားလေးရေ ၁၉.၉ နေ့မတိုင်မီမှာ fb တစ်ခွင်လုံး Profile Change လိုက်ကြတာများ “ We Stand Our Leader“ ဆိုတဲ့ စာသားပါ လူထုခေါင်းဆောင်ရဲ့ ပုံအမျိုးမျိုးနဲ့ တွေ့ရတော့တယ်။ ဒါဘာကိုပြသလဲဆိုရင် ပြည်သူအားလုံးနီးပါးဟာ ခေါင်းဆောင်ဘက်က ရပ်တည်တယ်လို့ ပြောသွား၊ ပြသွားကြတာပဲဖြစ်တယ်။

ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ LED ဘုတ်ကြီးတွေနဲ့ လူထုခေါင်းဆောင်မိန့်ခွန်းကို ထုတ်လွှင့်ပြကြတယ်၊ ပြည်သူတွေအားပေးတက်ရောက် အင်အားပြ၊ ရပ်တည်ပေးကြတာပေါ့ကွယ်။

လူထုခေါင်းဆောင်က ဘာကြောင့် ၁၉ ရက်နေ့မှာ မိန့်ခွန်းပြောတာလဲဆိုတာ သားလေးသိပြီးဖြစ်မယ်။ ဖေဖေလိုရင်းရှင်းပြရရင်တော့ ကုလသမဂ္ဂသညီလာခံတက်ရောက်ဖို့ ဒုသမ္မတကို လွှတ်ပြီး၊ ဖေဖေတို့ နိုင်ငံရဲ့ ရပ်တည်မှု၊ စွမ်းဆောင်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ရခိုင် ပဋိပက္ခအခြေအနေကို ပြောရာမှာ ထိရောက်စေဖို့ ကြိုတင်ပြီး အသိတစ်ခုပေးလိုက်တာပဲ။ လူထုခေါင်းဆောင်ရဲ့ ထက်မြတ်တဲ့ နိုင်ငံရေးပရိယာယ်လို့လည်း တစ်ချို့က သုံးသပ်ကြတယ်လေ။

ကဲ…..ဒီနေ့မှာတော့ ဖေဖေတို့လည်း တီဗွီကနေနားထောင်ခွင့်ရပြီ၊ ကံကောင်းထောင်မစွာ မီးလည်းမပျက်တာမို့ အစအဆုံး (နာရီဝက်) နားထောင်ရတယ်။ သားလေးလည်း ဖေဖေနဲ့အတူ နားထောင်တာပဲလေ။ သားလည်းမကြာခင်တက္ကသိုလ်တက်တော့မှာမို့ အင်္ဂလိပ်စာအနည်းအကျဉ်းတော့ သိနေတာပဲ။ တချို့စကားတွေနားလည်မှာပဲ။ အစအဆုံးမဟုတ်တောင် ဆက်စပ်ပြီးသိမှာပါ။

အစိုးရအဖွဲ့သက်တမ်းက ၁၈ လတောင်မရှိသေးဘူး။ စိန်ခေါ်မှုတွေများတယ်၊ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်မှာ ရခိုင်ပြည်နယ် ရဲစခန်း ၃ ခုတိုက်ခိုက်ခံရတယ်။ တည်ငြိမ်အေးချမ်းရေးအတွက် ရခိုင်နဲ့ မူဆလင်ကြား သဟဇတြ ဖြစ်အောင်လုပ်ပေးခဲ့တယ်။ ဒေါက်တာကိုဖီအာနန်ကော်မရှင်ဖွဲ့တယ်။ ဒါပေမဲ့ လုံခြုံရေးကင်းတွေ (၃ဝ) တိုက်ခိုက်ခံရပြန်တယ်။ ARSA အကြမ်းဖက်အဖွဲ့အစည်းနဲ့ ထောက်ခံသူတွေကို ဆန့်ကျင်ခဲ့ပါတယ်။

တရားဥပဒေချိုးဖောက်သူတွေ အရေးယူခံရမှာ ဖြစ်ပါတယ်။ ရခိုင်မှာ လူနည်းစုတိုင်းရင်းသား၊ နိုင်ငံသားတွေလည်း အိုးမဲ့အိမ်မဲ့ဖြစ်ရပါတယ်။
ဒေသခံတွေနဲ့ သဟဇာတဖြစ်အောင်နေတဲ့ မူစလင်တွေရှိတယ်။ သံတမန်အသိုင်းအဝိုင်းက လာလေ့လာပါ။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအစီအစဉ်တွေ လုပ်နေပါတယ်။ ခွဲခြားဆက်ဆံခြင်း မခံရတဲ့ ပညာသင်ကြားမှု၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးနေပါတယ်စသဖြင့် ပြောသွားတာပါ။ သိမ်မွေ့တဲ့ အမူအရာ၊ တည်ငြိမ်ပြတ်သားတဲ့ စကားအသုံးအနှုန်းတွေလို့ မှတ်ယူနိုင်တယ်။ ပြောရရင်ပြည်သူတွေ အားရကျေနပ်တယ်ပေါ့သားရယ်။

သားလေးရဲဝဏ္ဏရေ…ဒီကနေ ရခိုင်မှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေကို ဘာသာရေး၊ လူမျိုးရေးအသွင်အဖြစ် ဖော်ဆောင်ဖို့ တစ်ဖက်အုပ်စုတွေရဲ့ အစီအစဉ်တွေပါတာပေါ့ကွယ်။ အထူးသဖြင့် နိုင်ငံခြားမီဒီယာတွေရဲ့ ကမ္ဘာကို ချပြတဲ့ပုံတွေ၊ ဗီဒီယိုတွေ၊ သတင်းတွေကြောင့် ကုလသမဂ္ဂက အလေးထားကြည့်လာတာဖြစ်တယ်။ ကုလသမဂ္ဂလည်း အစွန်းရောက်တွေရဲ့ နားရွက်ထဲတွေးမှတ်တာကို ခံနေရတယ်လို့ ဖေဖေတော့ ထင်တာပါပဲ။
ပြင်သစ်၊ အင်္ဂလန်မှာ အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုတွေက ကြောက်ခမန်းလိလိပါပဲ။ လူသားတွေရဲ့ လုံခြုံမှုကို ထိပါးနေကြတာပေါ့။ ရခိုင်မှာလည်း အဲဒီလို အစွန်းတရားတွေရဲ့ သွေးထိုးမှုကြောင့် လက်ရဲ၊ ဇက်ရဲ သတ်ဖြတ်မှုတွေလုပ်လာကြတာလေ။ ပြန်တုန့်ပြန်တော့ မီဒီယာတွေက လှည့်ဖြားကြပြန်ရော။ ပြည်တွင်းက အုပ်စုကလည်း တမှောင့်၊ ညီညွတ်ကြမယ်၊ ပူးပေါင်းကြမယ်၊ စုစည်းကြမယ်၊ လက်တွဲကြမယ်ဆိုတဲ့ အတွေးထက် ဘယ်လိုကန့်လန့်တိုက်ပြဿနာ မီးထွန်းရမလဲဆိုတဲ့ လူတွေလေ။ ပြောရရင် အာဏာရှင်ကို ပြန်တမ်းတသူတွေပေါ့ကွယ်။

သားလေးရဲဝဏ္ဏရေ…..ပဋိပက္ခပိုမိုကြီးထွားလာအောင် ဗုဒ္ဓဘာသာနဲ့ အစ္စလမ်ဘာသာကို ရန်တိုက်ပေးတဲ့ ဗီဒီယိုပုံတွေကလည်း အချိန်ကိုက်ထွက်လာတာနော်။ ရည်ရွယ်ချက်ကိုမသိ၊ နားမလည်သူတွေက ပြန်တုန့်ပြန်ကြ၊ အပြန်အလှန်ဆဲလိုက်ကြ။ ဖန်တီးသူတွေက ဘေးကနေပြုံးပြုံးကြီး လက်ခုပ်တီးကြတာပေါ့။ ပွဲဆူသထက်ဆူမှ မူလလမ်းကြောင်းဆီ ပြန်ရောက်မှာလို့ တွေးနေတဲ့ မိုက်ရူးရဲ၊ နလပိန်းတုံး၊ လူ့အန္ဓတွေလို့ ဖေဖေက ပြောချင်တော့တယ်။

“ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းရင်းသားကို ပြန်ခေါ်ကြဆိုပြီး ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က တစာစာပြောနေတယ်။ ဘင်္ဂလားဒေ့ရှ်နယ်စပ် ပြေးလာတဲ့ သူတွေကို ပြန်ခေါ်ခိုင်းတာ။ လူဦးရေကလည်း တဖြည်းဖြည်း များလာတာ ၃ သိန်း၊ ၄ သိန်း၊ ၅ သိန်းစသဖြင့် တိုးနေတော့တယ်။ ဘာသာစကားမတူ၊ အသားအရည်၊ အမူအယာ၊ အသွင်အပြင်ခြားနားတဲ့ သူတွေကို ဖေဖေတို့လူမျိုး၊ တိုင်းရင်းသားသတ်မှတ်ရမတဲ့လားကွယ်။ ဗြောင်လိမ်ဗြောင်ပြောနေတာလို့ သတ်မှတ်ရမှာ။
သားလေးရဲဝဏ္ဏရေ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် လူထုခေါင်းဆောင်ရဲ့ အတွေးတိုင်း၊ စကားတိုင်း၊ အလုပ်တိုင်းမှာ ငြိမ်းချမ်းရေးပဲရှိတာပါ။ ကိုယ့်ပြည်သူပြည်သားတွေ ငြိမ်းချမ်းဖို့၊ ပြီးတော့ ကမ္ဘာကြီးငြိမ်းချမ်းဖို့ တွေးနေသူပါ။ ပြောနေသူပါ၊ လုပ်နေသူပါ။ စရဏသတ္တိကြီးသူပါကွယ်။

ထုံးစံအတိုင်းပေါ့သားရယ်။ လူထုခေါင်းဆောင်ရဲ့ “တိုင်းပြည်အခြေပြမိန့်ခွန်း“ အပြီးမှာ နိုင်ငံခြားမီဒီယာတွေဆီက တုန့်ပြန်ချက်၊ ဝေဖန်ချက်တွေတက်လာတော့တာပေါ့။ BBC က ထွက်ပြေးလာတဲ့ ဘင်္ဂါလီ ၄ သိန်းပြန်လက်ခံရေး မပြောရကောင်းလားဆိုပြီး အပြစ်တင်တယ်။ ဥပဒေရဲ့ ညီညွတ်သူကို စိစစ်လက်ခံမယ်လို့ ပြောပြီးသားကို သက်သက်ဖွတာ။ CNN ကတော့ လူထုခေါင်းဆောင် စကားတွေကို highlights လုပ်ပြတယ်။ Times ကတော့ ပြည်ပဖိအားတွေ မကြောက်ဘူးဆိုတာကို ခေါင်းစဉ်တင်တယ်။

ကမ္ဘာ့ဖိအား၊ အခွင့်အရေးစောင့်နေသူတွေကြားမှာ လူထုခေါင်းဆောင်လှုပ်ရှားနေရတာတွေကို New York Times သတင်းစာက မီးမောင်းထိုးပြပါတယ်။ ကမ္ဘာကြီးတစ်ခုလုံး ပွက်လောရိုက် သွားလောက်အောင်ကို မိန့်ခွန်းက ပေါက်သွားတယ် ပြောရမယ်။ လော်ဘီတွေ၊ အခွင့်အရေးသမားတွေ၊ စားဖားကြီးတွေ၊ အာဏာရှင်ကို ငမ်းငမ်းတက်မျှော်သူတွေ ကြိတ်မနိုင်ခဲမရဖြစ်ကြတော့တာပေါ့။

သားလေးရဲဝဏ္ဏရေ…လူထုခေါင်းဆောင်ရဲ့စကား၊ ဒီမိုကရေစီနိုင်ငံတွေရဲ့ ကျင့်သုံးတရားဖြစ်တဲ့ အာဏာဟာ အုပ်စိုးသူလက်ထဲမရှိ၊ ပြည်သူ့လက်ထဲမှာရှိတယ်ဆိုတာကို ပြည်သူတွေဝန်းရံပြသွားပါပြီ။ ပြည်သူနဲ့အတူဆိုတာ ဒါပါပဲသားရေ။ ပြည်သူတွေရဲ့ နှလုံးသားကို ဆွဲကိုင် လိုက်တဲ့စကားကတော့ သားလေးမှတ်မိလိမ့်မယ်။ သားတောင် လက်ခုပ်တီး လိုက်သေးတာမဟုတ်လား။ “We Shall be able to remove conflict from our country and from our world“ ဆိုတာလေ။ ပဋိပက္ခတွေကို တို့နိုင်ငံကနေဖယ်ရှားနိုင်ရမယ်၊ ကမ္ဘာမှာလည်း ဖယ်ရှားရမယ်၊ အဲဒါငြိမ်းချမ်းရေး ဖော်ဆောင်တဲ့စကားပဲ။

သားလေးရေ… လူထုခေါင်းဆောင်ရဲ့ မိန့်ခွန်းအပြည့်အစုံအင်္ဂလိပ်လို ထွက်လာပြီ။ သားလေးပြန်ဖတ်ပေါ့။ အတတ်နိုင်ဆုံး အလွယ်ဆုံး ဝေါဟာရတွေနဲ့ ဝါကျတည်ဆောက်ထားတာမို့ သားလေးဖတ်နိုင်ပါလိမ့်မယ်။ နိမ့်ကျခဲ့တဲ့ပညာရေး ခရီးလမ်းကြောင်း ဘွဲ့ရပေမယ့် အင်္ဂလိပ်မကျွမ်းကျင်မလည်မဝယ် ဖြစ်ရတာတွေထဲမှာ ဖေဖေတို့လည်း ပါခဲ့ပါတယ်သားရယ်။ သားတို့ လက်ထက်အဲဒီအမွေမခံစားရဖို့ သားကိုယ့်ကိုယ်ကိုတည်ဆောက်ပါ။ အင်္ဂလိပ်စာနဲ့လည်း မဝေးစေနဲ့နော်။

သားရဲ့ အမေစုကတော့ “ကျွန်မနိုင်ငံဟာ ကျွန်မ ကမ္ဘာ“ တဲ့။ အားလုံးကို စွန့်လွှတ်ခဲ့သူတစ်ယောက်ရဲ့ နှလုံးသားကစကား ဖေဖေတို့ နှလုံးသားမှာ စွဲနစ်ခဲ့ပြီ။
အာဏာရှင်လက်အောက် ဘယ်တော့မှ ပြန်မရောက်ရအောင် ဖေဖေတို့ ရပ်တည်ချက်မှန်ရလိမ့်မယ်။ ဒါကို သားလေးလည်း သိပါလိမ့်မယ်။ ဒါကြောင့် ဘယ်တော့မှ မယိမ်း၊ မယိုင်စေနဲ့၊ အမုန်းတရားနဲ့ အကြောက်တရားတွေ ကင်းစင်အောင် စိတ်ဓာတ်ကို မြှင့်တင်ပြင်ထား။

ကဲ…..လူထုခေါင်းဆောင်ရဲ့ မိန့်ခွန်းပြန်ဖတ်ပြီး သူငယ်ချင်းတွေကိုလည်း မျှဝေပေးလိုက်နော်။ အမုန်းတရားနဲ့ အကြောက်တရားတွေ ကင်းစင်တဲ့ ကမ္ဘာကြီးဖြစ်ဖို့ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံးမှာ တာဝန်ရှိတယ်။ သားလည်းပါတာပေါ့။

သားရဲ့ ချစ်သော ဖေဖေ

Written by – ရဲသျှမ်း

 

Leave a Reply