အမေရိကန်သည် မြောက်ကိုရီးယားအား နျူးကလီးယားလက်နက်စီမံကိန်း လုပ်ဖြစ်အောင် ရန်စနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလဗ်ရော့ဗ်က ပြောသည်။

မြောက်ကိုရီးယား၏ လောလောလတ်လတ် ဒုံးပျံစမ်းသပ်မှုနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်မှုတွင် ပူးပေါင်းရန် အမေရိကန်နိုင်ငံ၏ ကုလသမဂ္ဂသံအမတ်၏ ဖုန်းခေါ်ဆိုမှုကို သူက ငြင်းဆိုခဲ့သည်။

အရေးယူပိတ်ဆို့မှုလုပ်ခြင်းသည် ပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သင့်ကြောင်း ရုရှားက တိုက်တွန်းသည်။

အကယ်၍ စစ်ပွဲဖြစ်လျှင် မြောက်ကိုရီးယားအစိုးရကို လုံးဝဖျက်ပစ်မည်ဟု အမေရိကန်က သတိပေးထားသည်။
ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က မြောက်ကိုရီးယားသည် နှစ်လအတွင်း ပထမဆုံးအကြိမ် ဒုံးပျံစမ်းသပ်မှုကို ပြုလုပ်ခဲ့ရာ အောင်မြင်ခဲ့ပြီး ထိုဒုံးပျံသည် အမေရိကန်သို လှမ်းပစ်နိုင်စွမ်းရှိသည်။

အမေရိကန်သည် မြောက်ကိုရီးယားကို ဖျက်ဆီးရန် ကြိုးစားနေသလားဟု မစ္စတာ လဗ်ရော့ဗ်က မေးခွန်းထုတ်ခဲ့သည်။

‘အခုလုပ်တာတွေက ကင်ဂျုံအန်ကို စိတ်ဆိုးအောင်လုပ်ပြီး နောက်ထပ် ထိန်းမနိုင်သိမ်းမရ လုပ်ရပ်တွေ လုပ်လာအောင် တွန်းအားပေးနေသလားလို့ သံသယဝင်စရာဖြစ်နေတယ်။ ကျွန်တော်တို့ကို သေချာ ရှင်းပြဖို့ သင့်တယ်’ ဟု သူကဆိုသည်။

‘တကယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆိုင်ရာ အမေရိကန်သံအမတ်ပြောသလိုသာ သူတို့က မြောက်ကိုရီးယားကို ဖျက်ဆီးဖို့ အကြောင်းရှာနေတာဆိုရင် ပွင့်ပွင့်လင်းလင်းပြောပါ။ အမေရိကန်ထိပ်ဆုံးခေါင်းဆောင်က အတည်ပြုပေးပါ’ ဟု သူက ပြောခဲ့သည်။

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးကောင်းရှိပြီး နှစ်နိုင်ငံစလုံးသည်ပင် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဗီတိုအာဏာကိုင်ထားသော နိုင်ငံများပင်ဖြစ်သည်။

အမေရိကန်၏ ကုလသမဂ္ဂသံအမတ် နစ်ကီဟာလေကတော့ နိုင်ငံများအားလုံးအနေဖြင့် မြောက်ကိုရီးယားနှင့် ကုန်သွယ်ရေး၊ သံတမန်ရေး ဆက်ဆံမှုများကို ဖြတ်တောက်ကြရန် တိုက်တွန်းခဲ့သည်။

Source: BBC

Leave a Reply