ဝါရှင်တန် မေ ၁၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် တောင်ကိုရီးယားနိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရန်၊ သံတမန်အရေးပိုမိုနီးကပ်မှုရှိရန် ဇွန်လတွင် တောင်ကိုရီးယားသို့ သွားရောက်မည်ဖြစ်ကြောင်း မေလ ၁၆ရက်နေ့တွင် ပြောကြားခဲ့သည်။

ခရီးစဉ်အကြောင်းကို အိမ်ဖြူတော်မှ တရားဝင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ခရီးသွားမည့် ရက်အတိအကျကိုမူ အတည်ပြုပေးခြင်းမရှိသေးပေ။

“သမ္မတ ဒေါ်နယ်ဂျေထရမ့်က သမ္မတ မွန်ဂျေအင် (Moon Jae-in) နဲ့တွေ့ဖို့နဲ့ G20 ထိပ်သီးအစည်းအဝေး တက်ဖို့အတွက် ဇွန်လနှောင်းပိုင်းမှာ တောင်ကိုရီးယားသွားဖို့ရှိတယ်” ကြေညာချက်တွင် ဖော်ပြထားသည်။

နိုင်ငံရေးသုံးသပ်သူများက သမ္မတထရန့်၏ တောင်ကိုရီးယားခြေလှမ်းသစ်ကြောင့် တောင်၊ မြောက်အရေး တင်းမာမှုများ ပြန်လည်မြင့်တက်လာဖွယ်ရှိကြောင်း ခန့်မှန်းလျက်ရှိသည်။

“မြောက်ကိုရီးယားရဲ့ နျူကလီးယားကင်းစင်ရေးကို နောက်ဆုံး အပြည့်အဝ စိစစ်အတည်ပြုမှု အောင်မြင်ရန် အားထုတ်ကြိုးပမ်းမှုများအား နီးကပ်စွာ ဆက်လက် ဆွေးနွေးညှိနှိုင်းသွားမှာဖြစ်တယ်” ဟု အိမ်ဖြူတော်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်နိုင်ငံ မဟာမိတ်ပြုခြင်းနှင့် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရန် နည်းလမ်းများအား ဆွေးနွေးမည် ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောခဲ့သည်။

ထရမ့်နှင့် ၎င်း၏ ဇနီး မယ်လာနီယာတို့သည် မေလကုန်ပိုင်း၌ ဂျပန်နိုင်ငံ၏ ဘုရင်သစ်အား တွေ့ဆုံရန် ဂျပန်နိုင်ငံသို့ သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဧပြီလက ပြောခဲ့သည်။

ထရန့်သည် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) နှင့် တတိယအကြိမ်မြောက် တွေ့ဆုံပွဲပြုလုပ်ရန် ရည်မှန်းထားကြောင်း သိရသည်။

Ref: CNN

Leave a Reply