Two F-22 Raptors

အမေရိကန်လေတပ်၏ F-22 Raptor တိုက်လေယာဉ် ခြောက်စီးသည် အောက်တိုဘာလ ၈ ရက်နေ့က အင်္ဂလန်နိုင်ငံ Lakenheath လေတပ်အခြေစိုက်စခန်းသို ရောက်ရှိလာခဲ့သည်။ အဆိုပါ တိုက်လေယာဉ်ခြောက်စီးမှာ အမေရိကန်လေတပ် ၏ ဗာဂျီးနီးယားပြည်နယ်အခြေစိုက် အမှတ် ၂၇ နှင့် အမှတ် ၉၄ တိုက်ခိုက်ရေးလေယာဉ်အုပ်စုတို့မှ ဖြစ်သည်။

F-22 Raptor တိုက်လေယာဉ်များသည် ပဉ္စမမျိုးဆက် ကိုယ်ပျောက်တိုက်လေယာဉ် (Fifth Generation Stealth Jet Fighter) များဖြစ်ကြပြီး လက်ရှိကမ္ဘာပေါ်တွင် တန်းပြည့်တာဝန်အား ပြည့်ဝစွာထမ်းဆောင်နိုင်သည့် ကိုယ်ပျောက်လေယာဉ်များဖြစ်ကြသည်။

အမေရိကန်လေတပ်က ၎င်းလေယာဉ်များအား လေကြောင်းအရေးသာမှုသုံးတိုက်လေယာဉ် များအနေဖြင့် အဓိက အသုံးပြုသည်။ F-22 တိုက်လေယာဉ်သည် ရန်သူ့ရေဒါအာရုံခံနိုင်မှု နည်းနိုင်သမျှနည်းပါးစေရန် ကိုယ်ပျောက်နည်းပညာ (Stealth Technology) အသုံးပြုထားသောအဆင့်မြင့် တိုက်လေယာဉ်လည်း ဖြစ်သည်။

လေယာဉ်၏ လေဝင်ပေါက်များ မှအစ လေယာဉ်ဒီဇိုင်း ထောင့်ချိုးများအား ရေဒါဖြတ်ပိုင်းပုံရိပ် (Radar Cross Section) နည်းစေရန် အထူးအလေးပေးတည်ဆောက်ထားပြီး ရေဒါလှိုင်း စုပ်ယူနိုင်သော အဆင့်မြင့် သုတ်ဆေးများ လည်းအသုံးပြုထားပါသည်။

လေယာဉ်မှူးအခန်း (Cockpit) အား အုပ်မိုးထားသော ပေါင်းမိုးကိုပင် ရန်သူ့ရေဒါလှိုင်း သက်ရောက်ခြင်းမှလျှော့ချနိုင်ရန်အတွက် ရွှေနန်းကြိုးမျှင်များ ဖြင့်ထည့်သွင်းတည်ဆောက်ထားသည်။ လက်ရှိကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး တိုက်လေယာဉ်လည်းဖြစ်ပြီး အင်အားအကြီးမားဆုံးလေတပ်ဖြစ်သော အမေရိကန်လေတပ်တွင်ပင် အစီးရေ ၁၈၀ ခန့်သာ တာဝန်ထမ်းဆောင်နေသည်။

ဈေးနှုန်းအရကြီးမြင့်သည်သာမက မဟာဗျူဟာအရ လွန်စွာအရေးပါပြီး နည်းပညာလျှို့ဝှက်ချက် ကြီးမားသောကြောင့် အမေရိကန်နိုင်ငံအစိုးရမှ ပြည်ပသို့လုံးဝထုတ်ယူရောင်းချခြင်းမပြုရန် တားမြစ်ထားသော လေယာဉ်လည်းဖြစ်သည်။

နောက်ဆုံးအကြိမ် F-22 များဥရောပသို့တပ်ဖြန့်ခဲ့စဉ်က ၂၀၁၆ ခုနှစ်နွေဦးရာသီအချိန်တွင်ဖြစ်ပြီး Lakenheath လေယာဉ်ကွင်းသို့ပင် တပ်ဖြန့်ခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က F-22 ၁၂ စီးပါဝင်ခဲ့ပြီး ထိုခေတ်အခါက အကြီးမားဆုံး ဥရောပတပ်ဖြန့်မှုအဖြစ် သတ်မှတ်ခံခဲ့ရသည်။ ယခုတစ်ကြိမ်တွင် F-22 များသည် ပုံမှန်ပြုလုပ်နေကျလေ့ကျင့်ခန်းများအပြင် Lakenheath အခြေစိုက်စခန်းရှိ Eurofighter Typhoon တိုက်လေယာဉ်များနှင့်အတူ Global Response Force Trainning အားပြုလုပ်သွားမည်လည်းဖြစ်သည်။ ၎င်းလေ့ကျင့်ခန်းမှာ ကမ္ဘာစစ်ဖြစ်လာမည့်အပေါ်အခြေခံကာ တိုက်လေယာဉ်တပ်ဖွဲ့၏ အသင့်ဖြစ်မှုအနေအထားအား ဆန်းစစ်လေ့ကျင့်ခြင်းဖြစ်ပြီး နေတိုး တပ်ဖွဲ့ဝင် နိုင်ငံများအကြားတွင်ပြုလုပ်နေကျလေ့ကျင့်ခန်းလည်းဖြစ်သည်။

F-22 တိုက်လေယာဉ်ခြောက်စီးမှာ အင်္ဂလန်တွင် မည်မျှထိ နေမည်ကိုမူ အတိအကျမသိရသော်လည်း အနီးအနားရှိ နေတိုးအဖွဲ့ဝင်နိုင်ငံများဖြစ်သော လစ်သူရေနီးယား ရိုမေးနီးယား ပြင်သစ် စသည့် နိုင်ငံများအား သွားရောက်လည်ပတ်နိုင်ပြီး ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင်ပြုလုပ်မည့် လေကြောင်းပြပွဲ (Air Show) တွင်လည်း ပါဝင်ဆင်နွှဲ မည့် အရိပ်အယောင်များရှိနေသည်။

Written by – ဇွဲထွဋ်ဦး (အမရပူရ)

Leave a Reply