Justice for Victoria/Photo: Facebook

Written by Moe Moe
HI Burma
May 22, 2020

ပေ ၃၀ ပတ်လည်တိုက်ခန်းလေးဟာ သိပ်မကျယ်လှပေမယ့် သပ်သပ်ရပ်ရပ်ဖွဲ့ထားတဲ့ အခန်းလေးတွေကြောင့် ကြည့်ကောင်းနေပါတယ်။

သိပ်မများတဲ့ ကစားစရာတွေနဲ့ ပြန့်ကျဲနေတဲ့ ဒီအခန်းလေးဟာ တခါတရံ ကလေးဆော့တဲ့အသံနဲ့ သက်ဝင်လှုပ်ရှားနေပေမယ့် အချိန်အတော်များများမှာတော့ တိတ်ဆိတ်ခြောက်ကပ်နေပါတယ်။

“အခုကာလက ဟိုး… အစကို ပြန်ရောက်သွားသလို ခံစားနေရတယ်။ အနားမှာ ဘယ်သူမှ မရှိတော့သလို ဖြစ်နေတာပေါ့” လို့ အိမ်ရဲ့ ဧည့်ခန်းမှာ ထိုင်နေတဲ့ အသက် ၃၇ အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

သူ့ရဲ့မျက်နှာဟာ မလှမ်းမကမ်းမှာ ကစားနေတဲ့ သမီးလေးကို ကြည့်တဲ့အချိန် ပြုံးနေတတ်ပြီး ကျန်တဲ့အချိန်မှာတော့ တခုခုကို တွေးတောနေဟန်နဲ့ မျက်နှာညှိုးနေတတ်ပါတယ်။

သူကတော့ သမီးငယ် ဗစ်တိုးရီးယားရဲ့ ဖခင်ဖြစ်ပါတယ်။

ဗစ်တိုးရီးယားလေးဟာ နေပြည်တော်မှာရှိတဲ့ Wisdom Hill ပုဂ္ဂလိကကျောင်းမှာ မူကြိုကျောင်းတက်နေရင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရမှုကြောင့် မိခင်ဖြစ်သူက ရဲစခန်းမှာ အမှုဖွင့်ခဲ့တာဟာ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့မှာ တစ်နှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ ကျူးလွန်သူ တရားခံကတော့ အခုချိန်ထိ အစအန ပျောက်လို့နေဆဲဖြစ်သလို ကျောင်းတာဝန်ရှိသူတွေအနေနဲ့လည်း အမှုဟာ ကျောင်းတွင်းမှာဖြစ်ခဲ့တာ မဟုတ်ကြောင်း ယနေ့အချိန်ထိ တွင်တွင်ငြင်းဆိုလျှက်ရှိဆဲပါ။ တချိန်တည်းမှာ အမှုအပေါ် လူတွေရဲ့ အာရုံစိုက်မှုဟာလည်း အချိန်ကြာလာတာနဲ့အမျှ လျော့ကျလို့ လာခဲ့ပါတယ်။

အသွားအလာ ကန့်သတ်မှုတွေဖြစ်စေတဲ့ လတ်လောပြန့်ပွားနေတဲ့ ကိုဗစ် ၁၉ ကပ်ရောဂါကလည်း အမှုရှေ့ဆက်တိုးဖို့ အဟန့်အတားဖြစ်စေခဲ့သလို အမှုအတွက် တောက်လျှောက်ကူညီပေးနေသူနဲ့ပါ အဆက်အသွယ်ဝေးစေခဲ့ပါတယ်။

“ကိုဗစ်ကာလကို လွန်အောင်ဆိုတာမျိုး စောင့်ရမလား၊ ရောဂါပြန့်နှံ့မှု ငြိမ်သွားတဲ့ အခါမှ ကျွန်တော်တို့က ဒါနဲ့ ပတ်သက်ပြီး လှုပ်ရှားရမလား ဆိုတာ မသည်းကွဲသေးဘူး” လို့ အမှုကို တောက်လျှောက်ကူညီခဲ့သူ သက္ကမိုးညိုလို့ လူသိများတဲ့ ဒေါက်တာ ဝင်းကိုကိုသိန်းက ဆိုပါတယ်။

Photo: Facebook

ဒီအခြေအနေဟာ အရင်ကတည်းက သီးသန့်ဖြစ်နေတဲ့ သူတို့မိသားစုအဖို့ ပိုလို့ အထီးကျန်စေခဲ့ပြီး ကလေးရဲ့ တရားမျှတရေးရှာဖို့လည်း လမ်းစပျောက်ခဲ့ရပါတော့တယ်။

“တရားမျှတမှု မရှိဘူးဆိုတဲ့ အတွေးမျိုး တွေးလိုက်ရင် အရမ်း မွမ်းကြပ်လာတာ။ တရားမျှတမှု မရှိဘူး။ ဒီဟာလေးတောင် တရားမျှတမှုအတွက် မရှာပေးနိုင်ဘူးဆိုပြီး စိတ်ထဲမှာ အရိုင်းစိတ်တွေ ဝင်လာတာပေါ့လေ။ စိတ်ကူးထဲမှာ လူတွေ လျှောက်သတ်နေတာပေါ့။ တခါတလေ သတ်တဲ့အထဲမှာ ကိုယ့်ကိုယ်ကိုယ်လည်း ပါတယ်။ ဘာလို့လဲဆိုတော့ ဒီဟာကို ဆက်မတွေးချင်တော့လို့”

ပြောပြနေတဲ့ ဖခင်ဖြစ်သူရဲ့ မျက်နှာဟာ တည်ငြိမ်နေပေမယ့် နာကျင်တဲ့ အရိပ်အယောင်တွေ အထင်းသား မြင်တွေ့ရပါတယ်။

အသက် ၃၆ နှစ်အရွယ် မိခင်ဖြစ်သူကတော့ ကလေးရဲ့ အမှုနဲ့ပတ်သက်လို့ ခံစားချက်တွေကို ထုတ်ပြောခြင်းမရှိသလို အခုချိန်ထိ စိတ်ထိခိုက်နေဆဲဖြစ်တဲ့အတွက် အင်တာဗျူးမလုပ်ဖို့လည်း ဖခင်ဖြစ်သူက ကြိုတင်မေတ္တာရပ်ခံခဲ့ပါတယ်။

အစိုးရဝန်ထမ်းအလုပ်ကနေ တနှစ်နီးပါး လစာမဲ့ခွင့်ယူပြီး သမီးလေးတရားမျှတရေးရဖို့ ကြိုးစားခဲ့သမျှ ရလိုက်တဲ့ ရလဒ်ကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ သူတို့မိသားစုနာမည်တွေကို တိုင်းသိပြည်သိ ဖော်ထုတ်ခံခဲ့ရတဲ့ ခါးသီးမှုပဲဖြစ်ပါတယ်။

အစိုးရကတော့ ကလေးရဲ့ တရားမျှတမှုအတွက် အမှုမှန်ပေါ်ပေါက်ရေးဦးစားပေးဆောင်ရွက်ဖို့ ညွှန်ကြားထားပြီဖြစ်သလို တခုခုလွဲချော်မှုတွေရှိခဲ့ရင် တာဝန်ယူမှု တာဝန်ခံမှုအပြည့်ရှိဖို့ မျက်ခြေမပြတ် တောက်လျှောက်စောင့်ကြည့်နေပါတယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက သမ္မတရုံးကတဆင့် လူထုကို အသိပေးခဲ့ပေမယ့် အခုချိန်ထိ ထူးခြားမှု တစုံတရာ မရှိခဲ့ပါဘူး။

ဒါပေမဲ့ ပြည်သူတွေအနေနဲ့ အစိုးရရဲ့ ကတိကဝတ်ကို မမေ့မလျော့ ဆက်လက်စောင့်ကြည့်နေမှာဖြစ်တယ်လို့ သမီးငယ်လေးဘက်ကနေ အမှုလိုက်ကူညီပေးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်က သတိပေးလိုက်ပါတယ်။

“နိုင်ငံတော် သမ္မတ ဆိုတာ နိုင်ငံ တော်ရဲ့ အကြီးဆုံး အမြင့်ဆုံး။ သမ္မတရုံးကပြောတဲ့ အရေးယူဖို့ရာအတွက်ကို ဌာနတွင်း ဆောင်ရွက်နေပြီ ဆိုတဲ့စကား။ ဆိုခဲ့စေ၊ မြဲခဲ့စေပေါ့”လို့ ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောပါတယ်။

ကလေးမိဘတွေအဖို့ မရေရာသေးတဲ့ သမီးလေးရဲ့ တရားမျှတရေးတစ်ခုတည်းအတွက်နဲ့ စိတ်ဓာတ်တွေ ပြိုကျနေလို့ မပြီးသေးပါဘူး။ ထိခိုက်ခဲ့တဲ့ ကလေးရဲ့ လက်ရှိစိတ်ဒဏ်ရာကို ကုစားဖို့နဲ့ သူမရဲ့ အနာဂတ်ရှင်သန်ရေးအတွက် စွမ်းသလောက် တဖက်မှာ ကြိုးစားရပြန်ပါတယ်။

“စဖြစ်ခါစက ဒီကိစ္စကို ကျွန်တော်တို့ ပြောရင်ကိုပဲ ဝင်ပြီး ကုတ်ဆွဲတာတွေ လုပ်တာ။ အဲ့တော့ သူ့စိတ်ကို ကျေနပ်အောင် သူလိုချင်တာတွေ ကိုယ်တတ်နိုင်သလောက် ဝယ်ပေးတယ်။ ဖြည့်ဆည်းပေးတယ်။ တခါတည်း မတတ်နိုင်တောင် ခွဲပြီးတော့ ဖြည့်ပေးတယ်။ သူ့စိတ်ကို လုံးဝကို အားငယ်စိတ်၊ သိမ်ငယ် စိတ် မရှိအောင် လုပ်ပေးတယ်” ဖခင်ဖြစ်သူဟာ ပြောနေရင်း အသံတွေ သိသိသာသာ တုန်လာပါတယ်။

သူတို့ဇနီးမောင်နှံဟာ သမီးငယ်ရဲ့ စိတ်ဒဏ်ရာကို မေ့ပျောက်စေဖို့အတွက် အတိတ်ဖြစ်ရပ်နဲ့ဆက်စပ်တဲ့ အကြောင်းအရာမှန်သမျှကို ကလေးရှေ့မှာ ဘယ်သူမှ မပြောကြဖို့နဲ့ ကလေးစိတ်ထိခိုက်စေမယ့်အရာတွေ ဘာမှမလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

“ကျွန်တော့်အမျိုးသမီးလည်း ငိုချင်လို့ ငိုရင်တောင် ကလေးရှေ့မှာ မငိုခိုင်းဘူး” လို့ ဖခင်ဖြစ်သူက ပြောပါတယ်။

အမှန်တော့ သာမန်လူလတ်တန်းစား အစိုးရဝန်ထမ်းမိသားစုဖြစ်တဲ့ သူတို့အဖို့ ရရှိတဲ့ ဝန်ထမ်းလစာနဲ့ ဘဝကို ရုန်းကန်နေရချိန်မှာ သမီးငယ်စိတ်ပျော်ရွှင်ဖို့ လိုအပ်တဲ့အရာတိုင်း ဖြည့်စွမ်းဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒါပေမဲ့ သူတို့ ဇနီးမောင်နှံမှာ ရွေးချယ်စရာမရှိပါဘူး။

အမှုဖြစ်ပြီးကတည်းက ကျောင်းမပို့တော့တဲ့သမီးလေးကို အနီးကပ်စောင့်ရှောက်ဖို့အတွက် မိခင်ဖြစ်သူဟာ အခုထိ လုပ်ငန်းခွင်မဝင်နိုင်သေးသလို ဝန်ထမ်းဘဝကိုပါ ရာသက်ပန်စွန့်လွှတ်ဖို့စဉ်းစားနေရပါပြီ။

သမီးလေးအမှုအတွက် တနှစ်နီးပါး လစာမဲ့ခွင့်ယူ ကြိုးပမ်းခဲ့တဲ့ ဖခင်ဖြစ်သူကလည်း တာဝန်ကျရာ နယ်မြို့ကနေ မိသားစုရှိရာ နေပြည်တော်ပြောင်းပြီး လုပ်ငန်းခွင်ပြန်ဝင်နေပြီဖြစ်ပေမယ့် အဖော်မဲ့နေတဲ့သမီးလေးအတွက် ကစားဖော်အသွင်နဲ့ပါ တာဝန်ယူရပါတယ်။

“ကျွန်တော့်ကို သူစိတ်တိုင်းကျဆော့တယ်။ သမီးလေး စိတ်ချမ်းသာဖို့၊ ပျော်ဖို့အတွက်ဆို အကုန်လုပ်ပေးတယ်။ မျက်နှာမှာဆိုလည်း ကုတ်မိတဲ့ ဒဏ်ရာတွေ မနည်းဘူး။ ဒီလောက်က ပါမွှားလေးပါ” ဆိုပြီး မျက်နှာမှာ လက်သည်းရာတွေရှိတဲ့ ဖခင်ဖြစ်သူက သမီးမျက်နှာလေးကို ကြည့်ပြီး ပြောပါတယ်။

ခုချိန်မှာတော့ သမီးငယ်လေးဟာ ပုံမှန်ထက်ပိုတဲ့ မိဘတွေရဲ့ အရိပ်တကြည့်ကြည့် ပြုစုစောင့်ရှောက်မှုအောက်မှာ ကျန်းမာသွက်လက်တဲ့ကလေးအဖြစ် ရှင်သန်နေပြီဖြစ်ပါတယ်။ ဒီအခြေအနေကိုကြည့်ပြီး ပီတိမဖြစ်နိုင်သေးတာက ကလေးရဲ့ မိဘတွေပါပဲ။

ကျောင်းက စာရွတ်သံတွေကြားတိုင်း ကျောင်းနေဖို့ ပူဆာတတ်တဲ့၊ မကြာခင် အသက်ပြည့်လို့ မဖြစ်မနေ ကျောင်းပို့ပေးရတော့မယ့် သမီးလေးအတွက် ဘယ်လိုကျောင်းမျိုးက လုံခြုံမလဲဆိုတာ ခုကတည်းက တွေးနေရတဲ့ အိပ်မက်ဆိုးတစ်ခု ဖြစ်နေပါပြီ။

ဒါပေမဲ့ သမီးလေးကို ဘယ်အချိန်မှာ ကျောင်းထားရမလဲဆိုတာကိုတော့ သူတို့ ကောင်းကောင်း သင်ခန်းစာ ရထားပါပြီ။

“သမီးက စကားပြောတဲ့အခါ လည်လည် ပတ်ပတ်နဲ့ နာမည်၊ အဲဒီလူရဲ့ အဖေ နာမည် ပြောနိုင်တဲ့ အခြေအနေမှပဲ ကျောင်းထားတော့မယ်” လို့ ဖခင်ဖြစ်သူက ပြောပါတယ်။

အာမခံချက်မရှိတဲ့ သမီးလေးရဲ့ အနာဂတ်လုံခြုံရေးအတွက် ခြောက်ခြားရင်း တဖက်မှာ တဖြည်းဖြည်းသွေးအေးလာတဲ့ သမီးလေးရဲ့ တရားမျှတမှုအတွက် ရင်မောနေရတဲ့ သူတို့ ဇနီးမောင်နှံကတော့ တဖြည်းဖြည်း စိတ်ထောင်းကိုယ်ကြေ ဖြစ်မှန်းမသိ ဖြစ်လာပါတယ်။

“အရှည်ကြီးတွေးလိုက်ရင်လည်း ရင်မောစရာကြီးလေ။ သမီးလေးအတွက် အမှန်တရား ရပါ့မလားဆိုတဲ့ တွေးတဲ့ အတွေးက စိတ်တွေ ပူပန်လာလိုက် အဲ့ဒါကို ပြန်ဖျောက်လိုက် ဒီလိုပဲ တရက်ချင်းဆီ၊ တကန့်ချင်းစီပဲ ဘဝကို ရှေ့ဆက်နေရပါတယ်” လို့ ဖခင်ဖြစ်သူက ဆိုပါတယ်။

အမှန်တော့ အကြမ်းဖက်မှုတစ်ခုဖြစ်တဲ့အခါ အခုလို ကာယကံရှင် မိသားစုတွေ ထပ်ဆင့်ရလိုက်တဲ့ လူမှုရေးဆိုင်ရာထိခိုက်မှုနစ်နာမှုအတွက် တရားမမှုနဲ့ တရားစွဲဆိုနိုင်ပါသေးတယ်။ ဒါပေမဲ့ အမှုဖြစ်တဲ့ တစ်နှစ်ကာလအတွင်းသာ စွဲဆိုနိုင်တဲ့အတွက် အဲဒီအခွင့်အလမ်းကိုလည်း ဗစ်တိုးရီးယားတို့ မိသားစု လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။

လူမမယ်ကလေးလေးအပေါ် လိင်အကြမ်းဖက်မှု ကျူးလွန်ခံရမှုတွက် တရားမျှတမှုရဖို့အရေး အဖက်ဖက်က အရေးနိမ့်နေရတဲ့အခြေအနေမှာ အစိုးရအနေနဲ့ ကာယကံရှင်မိသားစုကို ကုစားဖို့အတွက် အပြည့်အ၀ တာဝန်ယူသင့်တယ်လို့ ဥပဒေပညာရှင်အချို့က သုံးသပ်ကြပါတယ်။

“ဒီအခြေအနေမျိုးမှာ ဝန်ကြီးဌာန တစ်ခုတည်းတင်မကပဲနဲ့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်ဖြစ်၊ ဥပဒေရေးရာနဲ့ ပတ်သက်ပြီး ဖြစ်ဖြစ် ၊ ဒါ အမှန်တရားပေါ်ပေါက်ပေးဖို့ ကူညီပေးဖို့ဟာ အားလုံးနဲ့ သက်ဆိုင်တဲ့ အခြေအနေမျိုးတောင် ရောက်နေတယ်လို့ မြင်ပါတယ်” လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်က ဆိုပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာနနေနဲ့တော့ အမှုစဖြစ်စဉ်ကတည်းက ကာယကံရှင် မိသားစုတွေနဲ့ ချိတ်ဆက်ပြီး လူမှုရေးပညာဌာနဘက်ကနေ ဆောင်ရွက်စရာရှိတာ ဆောင်ရွက်ပေးထားတယ်လို့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်စန်းစန်းအေးကဆိုပါတယ်။ ဒါပေမဲ့ အမှုဖြစ်စမှာ ကျန်းမာရေးဆေးစစ်ချိန်နဲ့ ကလေးအခြေအနေကို အိမ်မှာ လာကြည့်တဲ့ ၃-၄ကြိမ်ကလွဲလို့ တခြားဘယ်လိုဆောင်ရွက်မှုတွေရှိနေလဲဆိုတာကတော့ သေချာမသိရတဲ့အကြောင်း အမှုကူညီသူတွေနဲ့ ကာယကံရှင် မိသားစုတွေက ဆိုပါတယ်။

“သူတို့ အလွန်ဆုံး လုပ်ပေးသွားတာက ကျွန်တော်တို့ကို တရားချတယ်။ သူများ ကလေးတွေဆို ဘယ်လိုမျိုး ဖြစ်တာ။ ဒီကလေးက တော်သေးတယ်။ တရားနဲ့ ဖြေ၊ ကိုယ့်ကိုယ်ကိုယ်လည်း အရမ်းမခံစားပါနဲ့။ ဒါမျိုးပြောတာတော့ ရှိတယ်” လို့ ဖခင်ဖြစ်သူက ပြောပြပါတယ်။

ဒါပေမဲ့ သမီးလေး အကြမ်းဖက်ခံရမှုကြောင့် နာကျင်ပျက်စီးခဲ့ရတဲ့ သူတို့ရဲ့ဘဝတွေကို အလေးထားပြီး မကုစားပေးလည်း အခုလောလောဆယ် သူတို့ စောဒက မတက်နိုင်သေးပါဘူး။

သမီးလေးအနာဂတ်အတွက် အတိတ်ကို ပြန်ဖော်လို့လည်းမရ၊ တရားမျှတမှုအတွက် အတိတ်ကို မေ့ထားလို့လည်း မရတဲ့ ဒုက္ခငရဲထဲမှာ ရှိသမျှစွမ်းအားတွေသုံးပြီး ဘဝကို အံတုနေရတဲ့ အကြောင်းက တစ်ခုတည်းရှိပါတယ်။

“ကျွန်တော့်သမီးက ဒီကိစ္စ တကယ် ဖြစ်သွားခဲ့တာပါ။ အဲ့ဒီအတွက် အမှန်တရား ရချင်တယ်။ ဒါကို နိုင်ငံတော်အဆင့်ရှိတဲ့သူတွေကို အကူအညီတောင်းရတာဟာလည်း အားနာပေမယ့် မိဘလို သဘောထားပြီး ပြောတာပါ” လို့ ဖခင်ဖြစ်သူက ပြောပါတယ်။    ။

( ယခုဆောင်းပါးကို မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)  က စီစဉ်လုပ်ဆောင်သည့် HI Burma – Honest Information for Burma Website ( www.hiburma.net ) မှ တဆင့်ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။)

Leave a Reply