အမေ့လျော့ခံ မွန်ပြည်နယ်လျှပ်စစ်ဥပဒေ

မွန်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရောင်းချနေသောကုမ္ပဏီများအားခွင့်ပြုထားခြင်းမှာ ဥပဒေနှင့် မညီဟု မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ဟင်္သာသို့ပြောသည်။

မွန်ပြည်နယ် အလတ်စားနှင့် အသေးစား ပုဂ္ဂလိကလျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးဆိုင်ရာ ဥပဒေနှင့် အညီလုပ်ဆောင်ရန် မွန်ပြည်နယ်အစိုးရထံ တိုက်တွန်းစာပို့ရန်လည်း ၎င်းက စီစဉ်နေသည်။

အဆိုပါ တိုက်တွန်းစာကို ယခုလအတွင်း ပေးပို့သွားရန် စီစဉ်ထားပြီး၊ ဒီမိုကရေစီ အစိုးရသည် မည်သည့်အရာ မဆို ဥပဒေနှင့်အညီ လုပ်ဆောင်ရန် လိုကြောင်း ဒေါက်တာအောင်နိုင်ဦးကပြောလိုက်သေး၏။

အကြောင်းမှာ ရေးမြို့နယ်ရှိ ပြည်သူများထံ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေသည့် လျှပ်စစ်ကုမ္ပဏီသုံးအခုအနက် စီးဂတ် တစ်ခုသာ ပြည်နယ် လျှပ်စစ်လုပ်ငန်း ဥပဒေနှင့် အညီ လုပ်ကိုင်ခွင့်တင်ပြထားပြီး မြတ်သူရကုမ္ပဏီနှင့် Southern Myanmar Development နှစ်ခု၏ လုပ်ကိုင်ခွင့်မှာ ပြည်နယ်လျှပ်စစ်ဥပဒေနှင့်အညီမဟုတ်ဟု ၎င်းက ယူဆထားခြင်းဖြစ်သည်။

“Southern Myanmar development က ပြည်နယ်အစိုးရအဖွဲ့ကို တရားဝင် ခွင့်ပြုချက်တင်ထားတယ်လို့ ကျွန်တော်တို့သိရတယ် အစိုးရအဖွဲ့ကလည်း သူတို့ကို ခွင့်ပြုခဲ့တယ်။ ပြည်နယ်လျှပ်စစ်ဥပဒေနဲ့အညီခွင့်ပြု တာတော့မဟုတ်ဘူး။ ဒါတွေက တကယ်လုပ်မယ်ဆိုရင်တော့ ၃၀ မဂ္ဂါဝပ်အောက်ဖြစ်တဲ့အတွက် ပြည်နယ် လျှပ်စစ်ဥပဒေနဲ့အတိုင်း လုပ်ဆောင်ရမှာဖြစ်တယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

မြတ်သူရကုမ္ပဏီထံမေးမြန်းချက်အရ ၂၀၁၆ခုနှစ်တွင်ပြဋ္ဌာန်းထားသည့် မွန်ပြည်နယ် အလတ်စားနှင့် အသေးစား ပုဂ္ဂလိကလျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးဆိုင်ရာ ဥပဒေအရ လုပ်ငန်းဆောင်ရွက်နေခြင်းမဟုတ်ဘဲ ၂၀၀၉ ခုနှစ်ကတည်းက ပြည်ထောင်စုအဆင့် လျှပ်စစ်ဝန်ကြီးဌာနနှင့် ချုပ်ဆိုထားသော စာချုပ်အရလုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရသည်။

“တစ်နှစ်တစ်ခါသက်တမ်းတိုးတာတို့က ပြည်ထောင်စုမှာပေါ့နော် အဲ့ဒီတုန်းကတော့ ပြည်နယ်အေးချမ်းသာယာ ရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီခေတ်ဆိုတော့ ပြည်နယ်လျှပ်စစ်ဥပဒေတို့ဘာတို့က မထွက်သေးဘူး အဲ့ဒီအတွက် ခွင့်ပြုချက်ရဖို့က နေပြည်တော်ပဲလျှောက်ရတယ်၊ နောက်ပိုင်း ပြည်နယ်လျှပ်စစ်ဥပဒေပေါ်လာမှ ငါးဦးကော်မတီဖွဲ့ရတာတို့က ၃၀ ရက်နေ့ က လွှတ်တော်မှာလုပ်တဲ့ အစည်းအဝေးမှ ကျွန်တော်တို့သိတယ် မီတာခဈေးနှုန်းကအစ ကော်မတီက ကြီးကြပ်ဖို့ဆိုတာ အခုမှသိတာပေါ့” ဟု မြတ်သူရကုမ္ပဏီ၊ မီးလင်းရေးကော် မတီမှ ဦးတင်ရှိန်က ဆို၏။

ပြည်နယ်လျှပ်စစ်ဥပဒေအရဆိုလျှင် လျှပ်စစ်လုပ်ငန်းလုပ်ကိုင်လိုသူအနေဖြင့် ခွင့်ပြုမိန့်လျှောက်ထားခြင်းများကို ဖွ့ဲစည်းထားသည့် ကြီးကြပ်ရေးကော်မတီထံ တင်ပြလျှောက်ထားရမှာဖြစ်သည်။ အဆိုပါကော်မတီမှ ခွင့်ပြုခြင်းမပြုခြင်း ကိစ္စရပ်များကို အကြောင်းပြန်ကြားခြင်း၊ အရည်အသွေးပြည့်မီမှုရှိမရှိအပေါ် လျှပ်စစ် စစ်ဆေးမှူးချုပ်၏ စစ်ဆေးမှုခံယူခြင်း၊ လုပ်ငန်းလိုင်စင်လျှောက်ထားခြင်း စသည့် အချက်များ ပြုလုပ်ရမည်ဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မွန်ပြည်နယ် ယာယီ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးဝဏ္ဏကျော်ထံ ဟင်္သာ မီဒီယာမှ သွားရောက် မေးမြန်းခဲ့သော်လည်း ဝန်ကြီးမှာ နေပြည်တော် ခရီးစဉ်သွားနေသဖြင့် တွေ့ဆုံခွင့် မရခဲ့ သလို တယ်လီဖုန်းဖြင့်ဆက်သွယ်ရာတွင်လည်း ခရီးပြန်ရောက်ချိန်မှသာဖြေဆိုနိုင်မည်ဟု အကြောင်းပြန်ကြား ချက် လက်ခံရရှိခဲ့သည်။

ထို့အတူ မွန်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးသက်ပိုင်မျိုးနှင့်တွေ့ဆုံမေးမြန်းခွင့်၊ ဆက်သွယ်မေးမြန်းခွင့် ရရန် ဟင်္သာကကြိုးပမ်းသော်လည်းမအောင်မြင်ခဲ့ပေ။

ယခင်လျှပ်စစ်ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့် ဦးမင်းထင်အောင်ဟန်ကမူ“ပြည်နယ်အစိုးရအနေနဲ့ ပြည်နယ်လွှတ်တော်က အတည်ပြုထားတဲ့ လျှပ်စစ်ဥပဒေကို ကျင့်သုံးနေလားဆိုတော့ ကျင့်သုံးဖို့လုပ်နေတယ် နည်းဥပဒေဆွဲနေတယ် နည်းဥပဒေမပြီးသေးဘူး”ဟု ဟင်္သာသို့ မှတ်ချက်ပြု၏။

ယင်းအပြင် ပြည်နယ်လွှတ်တော်က အတည်ပြုထားသည့် လျှပ်စစ်ဥပဒေအား ပြည်နယ်အစိုးရအနေဖြင့် အမှန်တကယ် စတင်ကျင့်သုံးပါက ရေးမြို့နယ်ရှိကျေးရွာများအားလုံး မီးပြတ်ကာ အခက်အခဲများနှင့် ရင်ဆိုင်ရနိုင်ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

“ဥပဒေအတိုင်း တကယ်လုပ်မယ်ဆိုရင် အဲ့ဒီဥပဒေကိုစပြီး အာဏာတည်တဲ့နေ့က အဲ့ဒီရွာတွေအကုန် မီးပိတ်သွားမယ့်နေ့ပဲ၊ နေရာတိုင်းမှာတော့ ဥပဒေအတိုင်း ချက်ချင်းအကောင်အထည်ဖော်လို့မရဘူးပေါ့၊ ဥပဒေကို အသုံးချတယ်ဆိုပေမယ့် ချက်ချင်းကြီးကတော့ လူတွေလည်း ဒုက္ခဖြစ်မှာတို့ ဘာတို့လည်း အများကြီးရှိသေးတယ်” ဟု ၎င်းက ရှင်းပြ၏။

ပုဂ္ဂလိကလျှပ်စစ်ဓာတ်အားရယူသုံးစွဲနေရသည့် လမိုင်းမြို့မှ ကိုမင်းသိန်းထွန်းဦးကမူ ကုမ္ပဏီများအနေဖြင့် ပြည်နယ်လျှပ်စစ်ဥပဒေနှင့် အညီ လုပ်ဆောင်ထားခြင်းမရှိမှုကြောင့် လက်ရှိအချိန်တွင် ဒေသခံများနှင့် ကုမ္ပဏီအကြား မကျေလည်မှုများ ဖြစ်ပေါ်နေကြောင်း ပြောသည်။

“Southern Myanmar Development ကုမ္ပဏီ အနေနဲ့ စလုပ်တုန်းက တစ်ယူနစ်ကို ၂၈၅ကျပ်နဲ့ ကောက်မယ်ဆိုပြီး ပြောထားတာရှိတယ်။ ဆီဈေးနှုန်းတက်တဲ့အခါကျရင် ကော်မတီတွေနဲ့ ညှိနှိုင်းပြီးတော့ ပြောင်းလဲကောက်ခံမယ်ဆိုပြီး ပြောခဲ့တယ်။တကယ်တမ်း ကောက်တဲ့အချိန်မှာတော့ ၄၂၅ ကျပ်နှုန်းနဲ့ကောက်တယ်။ တစ်ယူနစ်ကို ဘယ်ဟာကို အခြေခံပြီး ဘယ်လိုသတ်မှတ်သလဲဆိုတာ ပြည်သူကို မချပြဘူး”ဟု ၎င်းက ပြောပြသည်။

အခြားသော ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီများဖြစ်သည့် စီးဂတ်ကုမ္ပဏီမှာ ရေးတောင်ပိုင်းဒေသများရှိ ကျေးရွာများသို့ တစ်ယူနစ်လျှင် ၃၉၅ ကျပ်ဖြင့် ဖြန့်ဖြူးကာ လမ်းမီးကို ကုမ္ပဏီမှ တာဝန်ယူပေးလျက်ရှိပြီး မြတ်သူရကုမ္ပဏီမှာ တစ်ယူနစ်လျှင် ၄၅၀ ကျပ်နှင့် လမ်းမီးကို ကုမ္ပဏီမှတာဝန်ယူပေးထားသည်။

ထို့အတူ Southern Myanmar Development ကုမ္ပဏီမှာ ရေးမြောက်ပိုင်းရှိ ကျေးရွာများသို့ တစ်ယူနစ်လျှင် ၄၂၅ ကျပ်နှင့် လမ်းမီးအတွက် တစ်အိမ်လျှင် (တစ်လစာ) ၅၉၅၀ ကျပ်ကို ကောက်ခံ၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေခြင်း ဖြစ်သည်။

အဆိုပါ အခြေအနေအရပ်ရပ်နှင့်စပ်လျဉ်း၍ “ဥပဒေမပြဋ္ဌာန်းရသေးရင်တောင်မှ အခြေခံဥပဒေကို မှီငြမ်းပြီးတော့ လုပ်ရမယ် ဒါမှမဟုတ်ရင် ပြည်ထောင်စုအစိုးရရဲ့ လမ်းညွှန်ကြီးကြပ်မှုအပေါ်မှာ မှီငြမ်းပြီးတော့ လုပ်ရမယ်၊ ဥပဒေပြဋ္ဌာန်းပြီးရင်တော့ ဥပဒေအတိုင်းပဲ လုပ်ရလိမ့်မယ် ဥပဒေအတိုင်း မလုပ်ရင်တော့ ဒါအစိုးရရဲ့ အုပ်ချုပ်မှုဆိုင်ရာ အားနည်းမှုတစ်ခုဖြစ်လာတယ်လို့ပဲ ကျွန်တော်တို့က မြင်တယ်”ဟု ဒေါက်တာ အောင်နိုင်ဦးက သုံးသပ်ထားသည်။

Written by သက်ပိုင်

မွန်ပြည်နယ် အလတ်စားနှင့် အသေးစား ပုဂ္ဂလိကလျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးဆိုင်ရာ ဥပဒေသိမှတ်ဖွယ်အချို့

  • အလတ်စားနှင့် အသေးစားလျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းများအား တာဝန်ယူကြီးကြပ်သည့်ကော်မတီကို သက်ဆိုင်ရာဝန်ကြီးနှင့် အဖွဲ့ဝင်(၅)ဦး ဖွဲ့စည်းရမည်။
  • ကော်မတီရဲ့တာဝန်လုပ်ပိုင်ခွင့်များအရ လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲချမှတ်ပြီး အစိုးရအဖွဲ့ထံမှာ တင်ပြအတည်ပြုရပါမည်။ ခွင့်ပြုမိန့်ရရှိပြီး စတင်ဆောင်ရွက်နေတဲ့ လျှပ်စစ်လုပ်ငန်းများကို စဉ်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုရှိ/မရှိ အစဉ်မပြတ် စစ်ဆေးကြီးကြပ်ရမည်။ လိုအပ်ပါက လုပ်ငန်းရှင်အား အကြံပေးခြင်း၊ အစိုးရအဖွဲ့ထံသို့ ဆောင်ရွက်ထားရှိမှုကို တင်ပြခြင်း ဆောင်ရွက်ရမည်။
  • ကော်မတီ၏လုပ်ပိုင်ခွင့်အရ ခေတ်နှင့်လျှော်ညီသော လျှပ်စစ်ဓာတ်အားခနှုန်းထားကို သတ်မှတ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး လိုအပ်ပါက ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီ/လုပ်ငန်းရှင်များ၏ ဆောင်ရွက်ချက်များ၊ အချက်အလက်များအား ပြည်သူများသိသင့်သိထိုက်သည်များကို ပွင့်လင်းမြင်သာစွာချပြအသိပေးရမည်။
  • ကော်မတီသည် ဒေသအလိုက် လျှပ်စစ်ဓာတ်အားသုံးစွဲမှု၊ လိုအပ်မှုပမာဏများအရ လိုအပ်သလို တိုးချဲ့ခြင်း၊ ထိန်းချုပ်ကန့်သတ်ခြင်းများကို ဆောင်ရွက်နိုင်ပြီးအစိုးရအဖွဲ့ထံ ပြန်လည်တင်ပြရမည်။
  • ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လျှပ်စစ်လုပ်ငန်းများ စနစ်တကျဖြစ်စေရေးအတွက် လိုအပ်တဲ့ အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများကိုလည်း ထုတ်ပြန်နိုင်သည်။

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.