ထားဝယ် အောက်တိုဘာ

တနင်္သာရီတိုင်းဒေသကြီးအတွင်း ထပ်မံဆောက်လုပ်မည့် အများပြည်သူနှင့်သက်ဆိုင်သော နေရာများတွင် မသန်စွမ်းသူများအသုံးပြုနိုင်ရန်ကို ထည့်သွင်းဆောင်ရွက်ပေးရန် သက်ဆိုင်ရာအစိုးရဌာနများသို့ တိုင်းအစိုးရအဖွဲ့က အကြောင်းကြားစာပေးပို့လိုက်သည်။

စည်ပင်သာယာရေးအဖွဲ့၊ လမ်းဦးစီးဌာန၊ အဆောက်အဦးဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့ထံ အောက်တိုဘာလ ၅ရက်နေ့စွဲဖြင့် ယင်းသို့ညွှန်ကြားခြင်းဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ အများပြည်သူနှင့်သက်ဆိုင်သည့် အဆောက်အဦးများ၊ စာသင်ကျောင်းများ၊ လမ်းများ၊ အပန်းဖြေနေရာများတွင် ယင်းသို့ ထည့်သွင်းဆောင်ရွက်ပေးရန် တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ တင်ပြခဲ့ရာမှ အထက်ပါအတိုင်း ညွှန်ကြားစာပေးပို့လာခြင်းဖြစ်သည်။

တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဦးဟိုပင်က “ ဒီဇိုင်းဆွဲကတည်းက ထည့်ဆွဲရမယ့် သဘောရှိတယ်”ဟု ဆိုသည်။

နေပြည်တော်၌အချို့သောအဆောက်အဦးများမြေညီ ထပ်တွင် မသန်စွမ်းသူများပါ တက်ရောက်နိုင်အောင်လှေကားများပြုလုပ် ပေးထားကြောင်း၊ ကျန်သောအထပ်ကို ဓါတ်လှေကားဖြင့် ဆက် တက်သည်ဟုသိရကြောင်း၊ မိမိတို့ဒေသတွင် မသန်စွမ်းသူများ သွားလာနိုင်ရန်မြေညီထပ်လောက်သာလုပ်ပေးနိုင်ဦးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထားဝယ်မြို့၌ တည်ဆောက်ဆဲဖြစ်သည့် ကမ်းနားလမ်းတွင် မသန်စွမ်းသူများ ဝှီးချဲဖြင့်သွားလာနိုင်ရန်နှင့် မျက်မမြင်တို့အတွက် လျှောက်လမ်းတစ်လမ်း ထည့်ပေးရန် တောင်းဆိုထားသည်ဟု သိရသည်။ သို့သော်ဘတ်ဂျက်အခက်အခဲရှိပြီး၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်၌ ထည့်သွင်းရေး ဆွဲနိုင်ခြင်းမရှိသေးကြောင်း ဝန်ကြီးထံမှ သိရသည်။

ထို့အတူပုဂ္ဂလိကလုပ်ငန်းရှင်၊ကုမ္ပဏီများက တည်ဆောက်သည့်အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် မသန်စွမ်းသူအတွက်ပါ ရည်ရွယ်ဆောက်လုပ်ရန် ညွန်ကြားခြင်းမျိုး မရှိသော်လည်း ယင်းတို့စီပွားရေးအတွက် စဉ်းစားရမည်ဖြစ်ကြောင်း ဝန်ကြီးဦးဟိုပင်က မှတ်ချက်ပြုသည်။

တင့်လွင်

Leave a Reply