Advertisements

မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးစိုးလွင်နှင့် တွေ့ဆုံခြင်း

မော်လမြိုင်မြို့ရှိ ပန်းခြံများနှင့် ပြည်သူအပန်းဖြေသောနေရာများတွင် အရက်သေစား သောက်စားသူများကို အောက်တိုဘာ ၅ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ ပညာပေးကာလ သတ်မှတ်ပြီး လုပ်ဆောင်ခဲ့သည်။ သို့ဖြစ်ပါ၍ ပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် ယင်းနေရာများတွင် အရက်သေစား သောက်စားမှုများကို မည်သို့ အရေးယူဆောင်ရွက်မည့် အခြေအနေ၊ ပန်းဦလွှတ်သည်ဟု သတင်းထွက် ပေါ်နေသည့် ခွန်တန် ကိစ္စအတွက် ဆောင်ရွက်ထားသည့် အခြေအနေ၊ ရဲတပ်ဖွဲ့မှ မှုခင်းကျဆင်းရေ၊ မူးယစ်ဆေးဝါး ဖမ်ဆီးမှု၊ လူကုန်ကူးမှု အန္တရာယ်အတွက် ကြိုတင်ကာကွယ်မှုများအပါအဝင် တပ်ဖွဲ့ဝင်များ လာဘ်ပေးလာဘ် ပြုလုပ်သည့် ကိစ္စရပ်များကို မည့်သို့ ထိန်းကြောင်းနေသည့် ကိစ္စရပ်များကို မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးစိုးလွင်နှင့် တွေ့ဆုံ မေးမြန်းခဲ့ထားမှုကို ဟင်္သာမီဒီယာက ပြန်လည် ကောက်နုတ်ဖော်ပြပေးလိုက်ပါသည်။

ဟင်္သာမီဒီယာ။ ။ ပထမအနေနဲ့ မော်လမြိုင်မြို့ပေါ်မှာရှိတဲ့ ပန်းခြံတွေ ၊ ပြည်သူတွေ အပန်းဖြေ နားယူတဲ့ နေရာတွေမှာ အရက်သေစား သောက်စားမှုတွေကို အရေးယူဖို့ လုပ်နေတာတွေ့နေရတယ်၊ ဒီဟာကို ဘာကြောင့် လုပ်ဖြစ်တာလဲ။
ရဲမှူးစိုးလွင်။ ။ မော်လမြိုင်မြို့ရဲ့ အများပြည်သူ ပန်းဖြေတဲ့ နေရာတွေမှာ ဝိုင်းဖွဲ့ပြီး သောက်စားမူးယစ်နေတဲ့ သူတွေကို ပညာပေးကာလ တစ်လအဖြစ် သတ်မှတ်ပြီး ဆောင်ရွက်တာဖြစ်တယ်၊ အဓိကကတော့ တရားဥပဒေစိုးမိုးနှင့် ရပ်ရွာအေးချမ်းသာယာရးအတွက် မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရဲ့ ညွှန်ကြားချက်ကြောင့် လုပ်ဆောင်တာ ဖြစ်တယ်။

ဟင်္သာမီဒီယာ။ ။ ဒီနေရာတွေမှာ သောက်စားတဲ့ သူတွေကို ဘယ်လို ပုံစံတွေနဲ့ အရေးယူသွားမှာလဲ။ နောက်ပြီး တစ်ပြည်နယ်လုံးမှာကော ဒီလို လုပ်ဆောင်သွားဖို့ ရှိလား။
ရဲမှူးစိုးလွင်။ ။ ကျွန်တော်တို့က ပညာပေးကာလ တစ်လလို့ သတ်မှတ်ထားတယ်၊ ပညာပေးကာလကျော်ရင်တော့ ၁၉၅၄ ခုနှစ် ရဲအက်ဥပဒေပုဒ်မ ၄၇ အရ အမှုဖွင့် အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်၊ သူ့ရဲ့ ပြစ်ဒဏ်ကတော့ ထောင်ဒဏ် ၇ ရက်နဲ့ ဒဏ်ငွေ ၅၀ ချမှတ်နိုင်တယ်၊ လက်ရှိ နိုဝင်ဘာ ၅ နေ့အထိ မော်လမြိုင်မြို့ပေါ်မှာ အရေးယူဆောင်ခဲ့တာ သုံး မှုရှိသွားပြီး၊ ဒါနဲ့ ပတ်သက်ပြီး အများပြည်သူအပန်းဖြေတဲ့ နေရာမှာ မူးယစ်သောက်စားတဲ့ သူတွေကို ဖမ်းဆီးအရေးယူဖို့ မွန်ပြည်နယ် ၁၀ မြို့နယ်လုံးမှာ လုပ်ဆောင်သွားဖို့ ညွှန်ကြားထားပါတယ်။

ဟင်္သာမီဒီယာ။ ။ ခွန်တန်ကိစ္စနဲ့ ပတ်သက်ပြီး မွန်ပြည်နယ် ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ထားတဲ့ အခြေအနေလေးကို ပြောပြပေးပါဦး။
ရဲမှူးစိုးလွင်။ ။ ခွန်တန်ကိစ္စနဲ့ ပတ်သက်ပြီး သထုံမြို့မ ရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၃ ၊ ၃၆၆၊ ၁၄၄ အရ အမှုဖွင့် အရေးထားပါတယ်၊ တရားခံ ဖမ်းဆီးရမိဖို့အတွက်လည်း ကျွန်တော်တို့ ရဲတပ်ဖွဲ့ စီစဉ် ဆောင်ရွက်နေပါတယ်၊ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ ခွန်တန် နေတဲ့ နေရပ်လိပ်စာ အနီးအပတ်ဝန်းကျင်မှာရှိတဲ့ ရဲစခန်းတွေကို တရာခံပြေးပုံစံတွေ လိုက်ပို့ပြီး စုံစမ်းနေတယ်၊ ဒီအတွက်လည်း သတင်းရတာနဲ့ ကျွန်တော်တို့ သွားရောက် ဖမ်းဆီးမှာ ဖြစ်တယ်။

ဟင်္သာမီဒီယာ။ ။ မွန်ပြည်နယ် ရဲတပ်ဖွဲအနေနဲ့ မှုခင်းကျဆင်းရေးအတွက် ကြိုတင်ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်လေးတွေကို ပြောပြပေးပါဦး။
ရဲမှူးစိုးလွင်။ ။ မှုခင်းကျဆင်းလုပ်ငန်းစဉ်ကတော့ ငါး ရပ်ရှိပါတယ်၊ လုပ်ငန်းစဉ် ငါးရပ်က နယ်မြေအတွင်း ကင်းလှည့် စောင့်ကြပ်ခြင်း၊ ပြစ်မှု ကျူးလွန်သူလို့ အလာလာ ရှိသူတွေကို စောင့်ကြည့်ထိန်းကြောင်းခြင်း၊ ဒုစရိုက်မှုများ နှိမ်းနင်းခြင်း၊ ဒုစရိုက်မှုများ ပပျောက်အောင် ပညာပေးခြင်း၊ ထိရောက်တဲ့ ဟန်တားနိုင်လောက်တဲ့ ပြစ်ဒဏ်ရအောင် ဆောင်ရွက်နေတယ်၊ ဒါအပြင် ကျွန်တော်တို့ မှုခင်းကျဆင်းရေးရဲ့ အဓိကသော့ချက် ငါးချက်ဖြစ်တဲ့ ထိရောက်တဲ့ ကြိုတင်ကာကွယ်မှုများကို အရေးယူဆောင်ရွက်ခြင်း၊ လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းတွေကို ဆောင်ရွက်ခြင်း၊ နောက် ပြေးလေးပြေးတွေကို အရှိန်တိုးမြင့် ဖမ်းဆီးခြင်း၊ နောက် မှုခင်းကန့်သတ်ချက်များ သတ်မှတ်ပြီး မျက်ခြေမပြတ် စောင့်ကြပ်ကြည့်ရှု့ခြင်း၊ နယ်မြေလူထုပါဝင်သော ရဲလုပ်ငန်းစနစ် ကျင့်သုံးခြင်းတို့ကို ဆောင်ရွက်နေပါတယ်။

ဟင်္သာမီဒီယာ။ ။ မှုခင်း တစ်ခုကို ရဲတပ်ဖွဲ့အအေနနဲ့ မှုအမှန် ပေါ်ပေါက်အောင် ဘယ်လို ရှာဖွေ ဖော်ထုတ်နေလဲ။
ရဲမှူးစိုးလွင်။ ။ ဒါနဲ့ ပတ်သက်လို့ရှိရင်တော့ ကျွန်တော်တို့အနေနဲ့ မှုခင်း အမျိုးအစားလိုက် မူတည်ပြီး ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ အညီ မှုခင်းတွေကို ဖော်ထုတ်ပါတယ်။

ဟင်္သာမီဒီယာ။ ။ ပြည်နယ်ရဲတပ်ဖွဲ့ရဲ လုပ်ငန်းစဉ်ထဲမှာလည်း ပါတဲ့ ပြည်သူ့ဘဝ လုံခြုံရေးအတွက် ဘယ်လို အစီအမံတွေ ချမှတ်ထားလဲ။
ရဲမှူးစိုးလွင်။ ။ ပြည်သူ့ဘဝ လုံခြုံရေးအတွက် မှုခင်းအများဆုံးဖြစ်ပွားတဲ့ နေရာတွေမှာ လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းတွေနဲ့ ဆောင်ရွက်တယ်၊ နောက်ပြီး မြို့ဝင်မြို့ထွက်ဂိတ်တွေမှာ ရှာဖွေ ဖော်ထုတ်တယ်၊ နောက်ပြီး ညည့်နက်လှည်းကင်းလည်း လုပ်ဆောင်ပြီး ပြည်သူ့ဘဝ လုံခြုံရေးအတွက် ဆောင်ရွက်နေတယ်။

ဟင်္သာမီဒီယာ။ ။ မူးယစ်ဆေးဝါး သုံးစွဲမှု ကျဆင်းနဲ့ လူကုန်ကူးမှု ကျဆင်းရေးအတွက် ပြည်နယ် ရဲတပ်ဖွဲ့ လုပ်ဆောင်ထားတဲ့ ဖြစ်စဉ်လေးတွေ ပြောပြပေးပါဦး။
ရဲမှူးစိုးလွင်။ ။ မူးယစ်းဆေးဝါး သုံးစွဲမှု ကျဆင်းရေးအတွက် ပြည်နယ်ရဲတပ်ဖွဲ့အနေနဲ့ ၂၀၁၇ ခုနှစ်မှာ အမှုပေါင်း ၂၃၈ မှုကို ဖမ်းဆီးအရေးယူခဲ့ပါတယ်၊ နောက်ပြီး တရားကျားက ၃၇၈ ဦး၊ မ က ၃၇ ဦး၊ အားလုံးပေါင်း ၄၁၅ ဦးကို ဖမ်းဆီးခဲ့တယ်၊ မူးယစ်းဆေးဝါး သုံးစွဲမှု ကျဆင်းရေးအတွက် ကျွန်တော်တို့က ဒီမွန်ပြည်နယ် ၁၀ မြို့နယ်မှာ မှုခင်းပြခန်းတွေ လိုက်ပြပြီး ပညာပေးဟောပြောတယ်၊ နောက်ပြီး မူးယစ်ဆေးဝါး ဆိုးကျိုး အန္တရာယ်အတွက်လည်း စာသင်ကျောင်းတွေ၊ ရပ်ကွက်ရုံးတွေမှာ မြို့နယ် ရဲမှူးတွေက ဦးဆောင်ပြီး ပညာပေးလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်၊ နောက်ပြီး မူးယစ်ဆေးဝါး သုံးစွဲသူတွေ ပပျောက်ရေးအတွက် ဆေးဖြတ်ချင်ရင် သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေမှာ လာရောက်မေးမြန်းလို့ ရတယ်၊ ကျွန်တော်တို့အနေနဲ့ ဒီလို ဆေးဖြတ်တဲ့ သူတွေကို အရေးယူသွားမှာ မဟုတ်ဘူး၊ နောက်ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာလအထိ ဆေးဖြတ်တဲ့သူ ၆၁ ဦးကို ပြည်နယ် ရဲတပ်ဖွဲ့က အတက်နိုင်ဆုံး ကူညီဆောင်ရွက်ပေးခဲ့တယ်၊
လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး ၂၀၁၇ ခုနှစ်မှာ လူကုန်ကူးမှု ၄ မှု၊ ပြည်ပအလုပ်အကိုင် ၆ မှု ကိုလည်း ပြည်နယ်ရဲတပ်ဖွဲ့အနေနဲ့ ရှာဖွေဖော်ထုတ် အရေးယူနိုင်ခဲ့ပါတယ်၊ လူကုန်ကူးမှု ကာကွယ်ရန်အတွက်လည်း မိမိတို့မှာ ရှိတဲ့ အင်းအားတွေ မိတ်ဖိတ်တွေနဲ့လည်း အသိပညာပေးခြင်း ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ မြေစိုက်ပိုစတာများ စိုက်ထူခြင်း၊ ကြိုတင်ကာကွယ်ရေးတွေ ဆောင်ရွက်နေပါတယ်။

ဟင်္သာမီဒီယာ။ ။ မူးယစ်းဆေးဝါး သုံးစွဲမှုနဲ့ ပတ်သက်ပြီး ပြည်နယ်အတွင်းရှိတဲ့ ထောင်တွေမှာ မူးယစ်းဆေးဝါးကြောင့် ပြစ်ဒဏ်ကျခံရသူ ၆၀ ရာခိုင်နှုန်းကျော်ကျော်ရှိနေတယ်လို့ သိရတယ်၊ ဘာကြောင့် မူးယစ်ဆေးဝါး သုံးစွဲသူတွေများပြားနေတာလဲ၊
ရဲမှူးစိုးလွင်။ ။ လူငယ်တွေနဲ့ပတ်သက်ပြီး မူးယစ်ဆေးဝါးမှုတွေ တော်တော်လေးများပြားလာပါတယ်၊ အဓိကကတော့ မွန်ပြည်နယ်က တစ်ဘက်နိုင်ငံ နယ်စပ်နဲ့ နီးနေတာရယ် နောက်ပြီး မူးယစ်းဆေးဝါးတွေကို အလွယ်တကူ ရရှိနေတာရယ်၊ ဒါတွေကြောင့် လူငယ်တွေက မူးယစ်ဆေးဝါးတွေ သုံးစွဲနေကြတာဖြစ်တယ်၊ နောက်တစ်ခုက လူငယ်တွေက မူးယစ်ဆေးဝါးကို စမ်းသပ်သုံးစွဲလိုတဲ့ ဆန္ဒရှိကြလို့ အခုလို ထောင်တွေထဲမှာ ပြစ်ဒဏ်ခံနေရတာ ဖြစ်တယ်။

ဟင်္သာမီဒီယာ။ ။ ဒီအတွက် မူးယစ်ဆေးဝါး ဝင်ရောက်မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ဘယ်လိုတွေ စီစဉ်ထားတာရှိလဲ။
ရဲမှူးစိုးလွင်။ ။ မူးယစ်းဆေးဝါး ဝင်ရောက်မှုတွေ ထိန်းချုပ်နိုင်အောင် ကျွန်တော်ဆီမှာလည်း ရေတို၊ ရေရှည် စီမံချက်တွေ ချမှတ်ထားတာလဲရှိတယ်၊ ဒီစီမံချက်တွေအတိုင်း အကောင်အထည် ဖော်ဆောင်ရွက်နေပါတယ်၊ နောက်ပြီး ဆေးဖြတ်ချင်တဲ့ သူတွေကို ကျိုက်မရော၊ မော်လမြိုင်မှာ ဆေးရုံးတွေ ဆောက်မယ့် စီမံကိန်းကြီးတွေလည်း လုပ်ဆောင်နေပါတယ်။

ဟင်္သာမီဒီယာ။ ။ နောက်တစ်ခုအနေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အဂတိလိုက်စားမှုကို ပြည်နယ်ရဲတပ်ဖွဲ့က ဘယ်လို ထိန်းကြောင်းနေလဲ။
ရဲမှူးစိုးလွင်။ ။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အဂတိလိုက်စားမှု ကင်းစင်ဖို့၊ နောက်ပြီး လာဘ်ပေး လာဘ်ယူကင်းစင်ဖို့အတွက် ညွှန်ကြားချက်တွေ ချထားတယ်၊ ဒီအတွက် အောက်ခြေ မွန်ပြည်နယ် ၁၀ မြို့နယ်ကိုလည်း ပြန်လည် ညွှန်ကြားထားတယ်၊ နောက်ပြီး မနက်တန်းစီတာနဲ့ ဒီညွှန်ကြားချက်တွေကို ဖတ်ပြရှင်းလင်းပြီး ထိန်းချုပ်နေတယ်။

ဟင်္သာမီဒီယာ။ ။ ရဲတပ်ဖွဲ့ဝင်တွေ အဂတိလိုက်စားခဲ့ရင် ဘယ်လို ပုံစံတွေနဲ့ အရေးယူမယ်၊ အရေးယူထားတာကော ရှိလား။
ရဲမှူးစိုးလွင်။ ။ ပထမတော့ ညွှန်ကြားချက်တွေနဲ့ ထိန်းကြောင်းတယ်၊ လွန်ကျူးလာလို့ ရှိရင် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေတွေနဲ့ အရေးယူတယ်၊ အရေးယူပြီးတော့ အဂတိလိုက်စားတယ်လို့ စစ်ဆေးပေါ်ပေါက်လို့ရှိရင် အဂတိလိုက်စားမှု ပုဒ်မ ၅၆ နဲ့ အရေးယူတယ်၊ ကျွန်တော်တို့ ပြည်နယ်ထဲမှာတော့ ရဲတပ်ဖွဲ့ဝင် တစ်ဦးရှိတယ်၊ သူက ရေးမြို့မရဲစခန်းက ရဲအုပ်ကျော်သက်နိုင်ဖြစ်တယ်၊ သူကို အဂတိလိုက်စားမှု ပုဒ်မ ၅၆ အရ အမှုဖွင့် အရေးယူထားပါတယ်၊ သူက ယာဉ်တိုက်မှု တစ်ခုကို အမှုဖွင့်လိုက်တယ်၊ အဲလိုဖြစ်တဲ့ နေရာမှာ တရားခံ အာမခံရဖို့အတွက် ငွေ သုံးသိန်းတောင်းလိုက်တယ်၊ တောင်းလိုက်ပြီးတော့ အာမခံပြီးတော့ အမှုဆောင်ရွက်ဖို့ ငါး သိန်း ထပ်တောင်းတယ်၊ ဒီလိုတောင်းပြီး သင်တန်းသွားတက်ရမယ်ဆိုပြီး ငွေ ငါးသိန်း စုစုပေါင်း ၁၃ သိန်း တောင်းယူခဲ့တယ်၊ ဒါကြောင့် သူကို အဂတိတိုက်ဖျက်မှု ဥပဒေပုဒ်မ ၅၆ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားပါတယ်။

Written by – ဇော်ထိုက်

Leave a Reply