ဖုံညိုလိပ်ရွာအတွင်း ကျရောက်ပေါက်ကွဲသည့် လက်နက်ကြီးအပိုင်းအစ (ဓာတ်ပုံ - ကောင်းမြတ်နိုင်)

By အောင်ငြိမ်းချမ်း/Myanmar Now
26/03/2019

ယမန်နေ့ ညဦးပိုင်းက ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်ရွာမှ အသက်၂၈ နှစ်အရွယ် အမျိုးသမီး လက်နက်ကြီး ထိမှန်ခဲ့ပြီးနောက် ယင်းလက်နက်ကြီးကို ပစ်ခတ်သူမှာ ၎င်းတို့မဟုတ်ဟု တပ်မတော် နှင့် ရခိုင်လက်နှက်ကိုင်တပ်ဖွဲ့ (AA) တို့သည် အသီးသီး ငြင်းဆိုခဲ့ကြပြီး အဆိုပါဖြစ်ရပ်အတွက် အပြန်အလှန် အပြစ်ဖို့ခဲ့ကြသည်။

ယမန်နေ့ည ၇ နာရီဝန်းကျင်ခန့်တွင် လက်နက်ကြီးကျည်တစ်လုံး ဖုံညိုလိပ်ရွာ ကျေးရွာဆေးပေးခန်းအနီး ကျရောက် ပေါက်ကွဲခဲ့ပြီးနောက် ဆေးမှူး၏ ဇနီး မနွယ်ဦးခင်သည် ခြေထောက်တွင် အသေးစားဒဏ်ရာ ရခဲ့ပြီး ဆေးခန်းမှန်တံခါးများလည်း ပျက်စီးသွားခဲ့သည်။

ဒဏ်ရာရခဲ့သည့် အမျိုးသမီးနေထိုင်ရာ ရွာအနီးတွင် AA နှင့် တိုက်ပွဲဖြစ်ခဲ့သည်မှာ မှန်ကန်သော်လည်း အရပ်သားများအား ပစ်ခတ်မှုမှာ တပ်မတော်၏ လက်ချက်မဟုတ်ဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ငြင်းဆိုခဲ့သည်။

ယမန်နေ့ ည ၇နာရီ ခန့်မှ စတင်ပြီး AA တပ်သားများ စခန်းချနေသည့် ဖုံညိုလိပ်ရွာအနီးရှိ ထိုက်တူးပေါက်တောင်ပေါ်သို့ တပ်မတော်ဘက်က လက်နက်ကြီးဖြင့် ၆ကြိမ် ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း၊ တောင်ကြောပေါ်မှ AA တပ်ဖွဲ့ဝင်များဘက်က ပြန်လည်ပစ်ခတ်ရာတွင် တပ်မတော် တပ်စခန်းများအပြင် ကျေးရွာအတွင်းသို့လည်း ကျည်များ ကျရောက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့လက်နက်မဟုတ်ဘူး AA ကနေ ဖုံညိုလိပ်ကိုပစ်တာ၊ အဲဒါ AA ပစ်တဲ့လက်နက် ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

သို့သော် AA ပြောခွင့်ရ အရာရှိ ခိုင်သုခက တပ်မတော်ဘက်က တိုက်ပွဲဖြစ်ပွားခဲ့သည်ဆိုသည့် အဆိုပါနေရာတွင် ၎င်းတို့ နှင့် ပစ်ခတ်မှုမရှိခဲ့ကြောင်း၊ ယမန်နေ့က မြောက်ဦး၊ မင်းပြားနှင့် ရသေ့တောင်မြို့နယ်များ တိုက်ခိုက်ခဲ့ကြသော်လည်း ဖုံညိုလိပ်ရွာအနီးတွင် တိုက်ပွဲမဖြစ်ခဲ့ဟု ငြင်းဆန်ခဲ့သည်။

“ရွာတွေနဲ့နီးတဲ့နေရာတွေမှာ ကျွန်တော်တို့စစ်ကြောင်းတွေ မရှိဘူးဗျ၊ သူတို့က ညအချိန်တွေမှာ မထင်ရင်မထင်သလိုမျိုး ရမ်းသမ်းပြီးပစ်နေတာ” ဟု ခိုင်သုခက ပြောသည်။

ဖုံညိုလိပ်ရွာတွင် လူဦးရေ ၁၆၀ ခန့်ရှိပြီး လက်နက်ကြီးကျည်များ ရွာထဲသို့ ထပ်မံကျရောက်မည်ကို စိုးရိမ်သည့်အတွက် ရွားသား ၁၀၀ ခန့်သည် ဘူးသီးတောင်မြို့ပေါ်သို့ ညတွင်းချင်း ထွက်ပြေးသွားကြကြောင်း ဒေသခံများက ပြောသည်။

“ကျွန်တော်အိမ်က အမေရော၊ အမရော မြို့ပေါ်ရောက်သွားကြပြီ။ ရွာမှာ လူတောင်သိပ်မရှိတော့ဘူး ” ဟု ဖုံညိုလိပ်ရွာသား ကိုမင်းနိုင်စိုးက ပြောသည်။

ယမန်နှစ် နိုဝင်ဘာလမှ စတင်ပြင်းထန်လာသည့် တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင်အရေအတွက် ၁၄၀၀၀ ထက်မနည်း ရှိနေကြောင်း စစ်ရှောင်များအရေး ကူညီဆောင်ရွက်ပေးနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) က မတ် ၂၃ ရက်နေ့က ထုတ်ပြန်ထားသည်။

By အောင်ငြိမ်းချမ်း/Myanmar Now

ဖုံညိုလိပ်ရွာအတွင်း ကျရောက်ပေါက်ကွဲသည့် လက်နက်ကြီးအပိုင်းအစ (ဓာတ်ပုံ – ကောင်းမြတ်နိုင်)

Leave a Reply