မော်လမြိုင် မတ်

မော်လမြိုင်မြို့ မြေနီကုန်းရပ်ကွက် မြို့ရှောင်လမ်းဘေးရှိ လင်းရောင်ခြည် တည်းခိုခန်းသို့ မတ် ၂၆ ရက် ညနေ ၅ နာရီခန့်က ရောက်ရှိလာသော အမျိုးသမီးတစ်ဦး၏ ထဘီကြားအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၂ ပြားကို မွန်ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ မှုခင်းအကူဌာနစုမှ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများသတင်းအရ သီရိမင်္ဂလာရပ်ကွက်၊ သီရိမင်္ဂလာအိမ်ရာနေသူ မမူယာစန်း (ခ) အဉာဏ် (၃၈ နှစ်) ဆိုသူ ရောက်ရှိနေသည့် တည်းခိုခန်းအမှတ် (၁၁၃) သို့ ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းဝတ်ဆင်ထားသော ထဘီကြားတွင် အပြာရောင်ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့်

စိတ်ကြွရူးသွပ်ဆေးပြား ၁၆၂ ပြားနှင့် မူးယစ်ဆေးဝါးများ ရောင်းချရာမှ ရရှိငွေဟု ယူဆရသည့် ငွေစက္ကူ ၈၀,၀၀၀ ကျပ်တို့ကို စစ်ဆေးတွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း ဖမ်းဆီးရေးအဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

“ဒီအမျိုးသမီးက မူးယစ်ဆေးဝါးတွေ လိုက်လံရောင်းချနေတာ သတင်းရလို့ အခုလိုဖော်ထုတ်ဖမ်းဆီးခဲ့တာဖြစ်တယ်။ ခုလိုဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး အသေးစိတ်စစ်ဆေးနေတယ်” ဟု မွန်ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူဌာနစုမှ တာဝန်ရှိရဲအရာရှိက ပြောသည်။

မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိ ရောင်းချခဲ့သည်ဟုဆိုသူ မမူယာစန်းကို ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှ မယ (ပ) ၅/ ၂၀၁၉၊ မူးယစ်ဆေးဝါးများဆိုင်ရာပုဒ်မ ၁၉ (က)၊ ၂၀ (က) အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ခေတ်မင်း

==

Leave a Reply