Myanmar Now

အိမ်ပေါ်ခေါ်တင်ကာ ပေါင်းသင်းနေသည့် အမျိုးသမီးတစ်ဦးကို အပြင်းအထန် ရိုက်နှက်နှိပ်စက်ခဲ့သည့် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာမှ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသဖြင့် အပြင်းအထန်ထိခိုက်နာကျင်စေမှု၊ မူးယစ်ဆေးဝါးပုဒ်မတို့ဖြင့် ရုံးတင်လိုက်သည့်ဖြစ်စဉ်တစ်ခု ဇူလိုင်လကုန်ပိုင်းက ဖြစ်ပွားခဲ့သည်။

မြောက်ဥက္ကလာမြို့နယ်ရှိ (ဆ) ရပ်ကွက်၊ သုနန္ဒာ (၉) လမ်းရှိ ရဲဝင်းထွန်းသည် ၎င်းကို ကောင်းမွန်စွာ ထားပါမည်၊ မိဘများကိုလည်း ထောက်ပံ့ပါမည်ဟု ကတိခံ၍ ဇူလိုင်လဆန်းပိုင်းတွင် အိမ်သို့ခေါ်လာခဲ့ကြောင်း၊ ရက် ၂၀ ခန့်အကြာတွင် တစ်ညနှင့်တစ်နေ့လုံး အိမ်ခန်းတွင်းပိတ်ကာ ရိုက်နှက်ညှဉ်းပန်းခြင်း၊ မူးယစ်ဆေးသုံးခိုင်းခြင်းများကို အတင်းအကျပ် စေခိုင်းခဲ့ကြောင်း ကာယကံရှင်အမျိုးသမီးက Myanmar Now ကို ပြောပြသည်။

အသက် ၂၂ နှစ်အရွယ်ရှိ ၎င်းသည် ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်သို့ အလုပ်ရှာရန် ရောက်နေခြင်းဖြစ်ပြီး ဒုက္ခရောက်နေချိန်တွင် အသိအမျိုးသမီးတစ်ဦးက မြောက်ဒဂုံမြို့နယ်ရှိ ပြည့်တန်ဆာအိမ်သို့ ကျပ် ၃၀,၀၀၀ ဖြင့် ရောင်းချခံရသေးကြောင်းနှင့် ထိုအိမ်တွင် ငါးရက်ခန့် ပြည့်တန်ဆာအဖြစ် စိတ်မပါဘဲ လုပ်ကိုင်ခဲ့ရကြောင်းလည်း ပြောသည်။

ထိုအိမ်တွင် ပြည့်တန်ဆာအဖြစ် လုပ်ကိုင်စဉ်အတွင်း အတူပျော်ပါးဖူးသည့် ရဲဝင်းထွန်းက အပြင်မှာတွေ့ရန် ချိန်းဆိုကာ ၎င်းကို အိမ်သို့ခေါ်သွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ပြည့်တန်ဆာအိမ်တွင် မနေချင်သည်ကတစ်ကြောင်း၊ ရဲဝင်းထွန်း၏ ကတိများကို ယုံကြည်သည်ကတစ်ကြောင်းကြောင့် လိုက်သွားခဲ့ခြင်းဖြစ်သည်ဟု ထိုအမျိုးသမီးက ဆိုသည်။

ဇူလိုင် ၂၀ ရက်နေ့ညတွင် ရဲဝင်းထွန်းက အိမ်လာလည်သည့် သူ၏သူငယ်ချင်းများကို ကြည့်၍ဆိုကာ ၎င်းကို ပါးနားရိုက်ခြင်းလုပ်ကြောင်း၊ ရဲဝင်းထွန်းနှင့် ၎င်း၏သူငယ်ချင်းများသည် အုပ်စုဖွဲ့ ဆေးရှူကြပြီး အနီရောင် ဆေးပြားများအပါအဝင် မူးယစ်ဆေးဝါးများ ရောင်းဝယ်ကြသည်ကို မြင်ခဲ့ကြောင်း ထွက်ပြေး လွတ်မြောက်လာခဲ့ပြီးနောက် ထိုအမျိုးသမီးက ပြောသည်။

ထို့ပြင် ထိုညတစ်ညလုံးနှင့် နောက်တစ်ရက်လုံး ရဲဝင်းထွန်းသည် ဆေးရှူရင်း ၎င်းကို ဂစ်တာဖြင့်ရိုက်ခြင်း၊ မျက်နှာကို ဆေးလိပ်မီးဖြင့်ထိုးခြင်း၊ ကတ်ကြေးဖြင့်ထိုးခြင်းတို့ကို လုပ်ခဲ့ကြောင်း ၎င်းက ပြောသည်။

ဒါ ရှူလိုက် ဒါရှူလိုက်ရင် နင် လန်းဆန်းသွားမှာ။ ငါ ထပ်ရိုက်ဦးမှာ။ နင် မရှူချင်ရင် ကောင်လေးနဲ့ နေရမယ်။ သူ့ သူငယ်ချင်းတွေကိုလည်း ‘ဒီဆော်ကို ငါပိုင်တယ် ငါဝယ်ထားတာ’ လို့​ပြောတယ်” ဟု ထိုအမျိုးသမီးက ပြောသည်။

ဇူလိုင်လ ၂၁ ရက်နေ့ နေ့လယ်တွင် နှိပ်စက်ညှဉ်းပန်းမှုဒဏ်ကို မခံနိုင်တော့သည့်နောက် ပြတင်းတံခါးမှ ခုန်ချထွက်ပြေးခဲ့ကြောင်း၊ မြောက်ဥက္ကလာအဝိုင်းလမ်းဆုံအနီး အမျိုးသမီးတစ်ဦးကို အကျိုးအကြောင်း ပြောပြပြီး အကူအညီတောင်းရာ မြောက်ဥက္ကလာမြို့နယ်မှာပင် နေထိုင်သော လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးထံ ဖုန်းဆက်၍ မြောက်ဥက္ကလာမြို့နယ် (ဃ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ ထိုမှတစ်ဆင့် မြို့နယ်ရဲစခန်းသို့ ပို့ပေးကာ တိုင်ချက်ဖွင့်ခဲ့သည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ရဲတပ်ဖွဲ့က ဇူလိုင် ၂၈ ရက်တွင် ရဲအင်အား ၁၀ ဦးထက် မနည်းသုံးကာ လက်နက်အပြည့်အစုံဖြင့် အိမ်တွင်း ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ရဲဝင်းထွန်းကို WY စိတ်ကြွဆေးပြား ၂၆ ပြား ဆေးခြောက်ဟု ယူဆရသော အရွက်များနှင့်အတူ ဖမ်းမိခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ပြောသည်။

ရဲဝင်းထွန်းကို ဇူလိုင် ၂၉ ရက်နေ့တွင် ရာဇသတ်ကြီးပုဒ်မ ၃၂၅၊ ၃၂၆၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ဥပဒေပုဒ်မ ၁၆ (ဂ)/၂၁ တို့ဖြင့် မြောက်ဥက္ကလာမြို့နယ် တရားရုံး၌ အမှုဖွင့်ကာ ရမန်ယူခဲ့သည်။

ရာဇသတ်ကြီးပုဒ်မ ၃၂၅ မှာ အပြင်းအထန်နာကျင်စေမှုဖြစ်ပြီး အမြင့်ဆုံး ခုနစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးအပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကာ ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် သို့မဟုတ် နည်းဖြင့် အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆ မှာ တစ်သက်တစ်ကျွန်းဒဏ် ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

မူးယစ်ပုဒ်မ ၁၆(ဂ)/၂၁ မှာ မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို လက်ဝယ်ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ တစ်ဆင့်ပေးပို့ခြင်း၊ လွှဲပြောင်းပေးခြင်း တို့ကို ကျူးလွန်ခြင်း၊ ကျူးလွန်ရန် အားပေးကူညီခြင်းဖြစ်ပြီး ထောင်ဒဏ် ငါးနှစ်မှ ၁၀ နှစ်ထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ထိုအမျိုးသမီးကို ကျပ် ၃၀,၀၀၀ ဖြင့် ပြည့်တန်ဆာအဖြစ် ရောင်းစားခဲ့သည်ဆိုသော မငယ်ထွေးကို ဇူလိုင် ၂၆ ရက်နေ့တွင် မြောက်ဥက္ကလာပမြို့နယ်တရားရုံး၌ ရုံးထုတ်ပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့်ထားသည်။ ပြည့်တန်ဆာအိမ် ဖွင့်ထားသည့် အမေစန်းဆိုသူကတော့ ယခုထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။

ပုဒ်မ ၂၄/၃၂ သည် အမျိုးသမီးများ၊ ကလေးသူငယ်နှင့် လူငယ်များအား လူကုန်ကူးမှု ကျူးလွန်ခြင်း၊ ပြစ်မှုကျူးလွန်ရန် အားပေးကူညီခြင်းနှင့်ဆိုင်သည့် ပုဒ်မဖြစ်ပြီး အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ် တစ်သက်အထိ ချမှတ်နိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

ရဲဝင်းထွန်းတွင် အလုပ်အကိုင် မည်မည်ရရ ပြစရာမရှိဘဲ ကြက်တိုက်ခြင်း၊ ဆိုင်ကယ်ရောင်းဝယ်ခြင်း စသည်တို့ လုပ်ကိုင်လေ့ ရှိကြောင်း ရဲဝင်းထွန်းနေထိုင်ရာ မြောက်ဥက္ကလာမြို့နယ် (ဆ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ပြောသည်။

ညှဉ်းပန်းနှိပ်စက်ခံရသည့် အမျိုးသမီး ထိုအိမ်တွင် ရှိနေမှန်းသိသော်လည်း “အိမ်ဖော်လား ယူထားတာလား တိတိကျကျ မသိ” ဟု ၎င်းက ဆိုသည်။

ရဲဝင်းထွန်းတို့ မိသားစုသည် လွန်ခဲ့သည့် သုံးနှစ်ခန့်က မြောက်ဥက္ကလာ (ဆ)ရပ်ကွက်သို့ ပြောင်းရွှေ့လာခြင်းဖြစ်ပြီး ၎င်းတို့အိမ်သို့ အမျိုးသမီး လေးယောက်ခန့် ညအိပ် လာသည်များ မနက်ပြန်သည့် ဖြစ်စဉ်များ ရှိသည်ဟု သတင်းကြားရလေ့ရှိပြီး အုပ်ချုပ်ရေးမှူးရုံးအနေဖြင့် ဥပဒေအရ စစ်ဆေးခွင့် မရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဇူလိုင် ၂၈ ရက်နေ့က ရုံးထုတ်တွင် ရဲဝင်းထွန်းကို တခြားအချုပ်သားများနှင့်ကွယ်ပြီး ရဲအချုပ်ကားပေါ်သို့ တင်ခေါ်သွားခဲ့သည်။ ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး အမှုကို စုံစမ်းဆဲဖြစ်သဖြင့် တစ်စုံတစ်ရာ မပြောနိုင်ပါဟု မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောသည်။

ရဲဝင်းထွန်းမှာ ယခင်ကလည်း ဆေးမှုဖြင့် ထောင်ကျဖူးကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ပြောသည်။ ရဲဝင်းထွန်းကို လာမည့် သြဂုတ်လ ၉ ရက်တွင် ပြန်လည် ရုံးထုတ်မည်ဖြစ်သည်။

Leave a Reply