အမျိုးသမီးတွေရဲ့ ဘဝနဲ့ အလှအတွက် လှမ်းလာခဲ့ပါ စက်ချုပ်သင်တန်းကျောင်းလေးဆီ

ဒီတစ်ပတ်မှာတော့ ဟင်္သာပရိသတ်တွေအတွက် သင်တန်းကျောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အသစ်တစ်ဖန်ပြန်လည်ဆန်းသစ်လာတဲ့ မြန်မာဝတ်စုံလှလှလေးတွေကို ပုံစံမျိုးစုံ၊ ဒီဇိုင်းမျိူးစုံနဲ့ မိန်းကလေးတွေ ဝတ်ဆင်နေကြတာတွေ့ကြမှာပေါ့နော်။ ဝတ်စုံလေးတွေကို ကိုယ်တိုင်ချုပ်ဝတ်ဖို့ပဲဖြစ်ဖြစ်၊ ကိုယ်ပိုင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတည်ထောင်ဖို့ပဲဖြစ်ဖြစ်ပေါ့ ပိုပြီးအဆင်ပြေစေဖို့ အခြေခံစက်ချုပ် ပညာနဲ့ ဒီဇိုင်းနာသင်တန်းကျောင်းလေးတစ်ခုဆီကို လမ်းညွှန်ပေးချင်ပါတယ်။

ဒီကျောင်းလေးမှာ တက်ရောက်နိုင်တဲ့ သင်တန်းတွေကတော့ အခြေခံစက်ချုပ်သင်တန်း၊ အဆင်မြင့်ပညာ စက်ချုပ် သင်တန်းနဲ့ ဒီဇိုင်နာသင်တန်းတွေပဲဖြစ်ပါတယ်။ သင်တန်းတစ်ခုကို အချိန်ကာလအနေနဲ့တော့ (၁)လခွဲ သတ်မှတ်ထားပြီး သင်တန်း(၃)ခုလုံးကို တစ်ဆက်တည်းလည်း တက်ရောက်နိုင်ပါတယ်။ သင်တန်းတစ်ခုကို အချိန် (၆)ပတ်၊ တစ်နှစ်မှာ (၈)ကြိမ် အချိန်ခွဲပြီး ဖွင့်လှစ်ပေးထားပါတယ်။ သင်တန်းတွေရဲ့ အချိန်ဇယားကို ကြည့်ပြီး တက်ရောက်ချင်တယ် ဆိုရင်တော့ မိမိကြိုက်နှစ်သက်တဲ့ သင်တန်းပုံစံနဲ့ မိမိအဆင်ပြေမယ့်အချိန်ကို ရွေးချယ်လို့ရပါတယ်။

တက္ကသိုလ် တက်ရောက်နေတဲ့ ကျောင်းသူတွေလည်း ကျောင်းပိတ်ရက် (၂)လအတွင်း သွားရောက်သင်ယူလို့ အဆင်ပြေ နိုင်ပါတယ်။ နှစ်ဝက်ကျောင်းပိတ်ရက်မှာ ပထမအဆင့် အခြေခံစက်ချုပ်သင်တန်းကို တက်ရောက် သင်ကြားထားပြီး ဒုတိယအဆင့် အဆင့်မြင့်ပညာစက်ချုပ်သင်တန်းကိုတော့ ကျောင်းကြီးပိတ်ချိန်မှာ ပြန်လာပြီး သင်ကြားနိုင်ပါတယ်။ ကျောင်းတက်နေတဲ့သူတွေလည်း လာရောက်သင်ကြားတဲ့အခါ အဆင်ပြေစေဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

နွေရာသီအတွက် သင်တန်းချိန် (၁)လလည်း စီစဉ်ပေးထားပါသေးတယ်။ စက်ချုပ်ဝါသနာပါတဲ့ ညီမလေးတွေ နွေရာသီကျောင်းပိတ်ရက်မှာ လာရောက်သင်ယူနိုင်စေဖို့ဖြစ်ပါတယ်။ နွေရာသီသင်တန်းကိုတော့ ဧပြီလ (၁)ရက်ကနေ (၃ဝ)ရက်အထိ (၁)လ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

တက်ရောက်မယ့် သင်တန်းသားတွေအပေါ် သတ်မှတ်ထားတဲ့ အရည်အချင်းတွေကတော့ အိမ်တွင်းမှုလုပ်ငန်း စိတ်ဝင်စားရတဲ့သူဖြစ်ရမယ်၊ မြန်မာစာ ရေးတတ်၊ ဖတ်တတ်ပြီး ကိန်းဂဏန်းအတွက်အချက်တတ်ရမယ်၊ ကျောင်းစည်းကမ်းကို တိကျစွာ လိုက်နာရမယ် ဆိုပြီး သတ်မှတ်ထားပါတယ်။

သင်တန်းသူတွေရဲ့ အသက်ကို ၁၆နှစ်မှ ၄၅နှစ်ထိလို့ သတ်မှတ်ပေးပေမယ့်လည်း ကျောင်းမနေတော့တဲ့ ကလေးတွေအတွက်ကတော့ မိဘတွေကလာရောက်ပို့ဆောင်ခဲ့မယ်ဆိုရင် အသက် ၁၄နှစ်လည်း လက်ခံသင်ကြားပေးတယ်လို့ သိရပါတယ်။

သင်တန်းကျောင်းကိုတက်ရောက်ဖို့အတွက်တော့ အရမ်းကိုလွယ်ကူပါတယ်။ ထောက်ခံချက်စာရွက်တွေ၊ မှတ်ပုံတင်မိတ္တူတွေကူးနေစရာတွေမလိုအပ်ပါဘူး။ မိဘအမည်၊ မှတ်ပုံတင်နံပါတ်၊ မိမိအမည်နဲ့ မှတ်ပုံတင် နံပါတ် မှတ်မိရင်ရပါပြီး အဲဒါတွေကို လျှောက်လွှာမှာဖြည့်ပေးရုံပါပဲ။ သင်တန်းကျောင်းမှာရှိတဲ့ ဆရာ၊ဆရာမ ဦးရေ၊ အပ်ချုပ်စက်အလုံးရေကိုကြည့်ပြီး ဝင်ခွင့်လျှောက်လွှာကို ပိတ်မှာဖြစ်ပါတယ်။ လျှောက်တဲ့သူများရင် တစ်ရက်၊ နှစ်ရက်နဲ့ ပိတ်လေ့ရှိပြီး နည်းရင်တော့ တစ်ပတ်ထိ အချိန်ပေးပြီးစောင့်လေ့ရှိပါတယ်။ အကောင်းဆုံး ကတော့ လျှောက်လွှာမြန်မြန်တင်နိုင်လေ ပိုသေချာလေပါပဲ။ အဲဒါကြောင့်မို့ လျှောက်လွှာမြန်မြန်တင်ဖို့ အကြံပေးချင်ပါတယ်။

လာမယ့် နိုဝင်ဘာ ၂၄ရက်နေ့မှာတော့ သင်တန်းခွဲတစ်ခု သင်တန်းဆင်းမှာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၂၇ရက်နေ့မှာတော့ သင်တန်းကို ပြန်လည်ဖွင့်လှစ်မှာဖြစ်ပါတယ်။

သင်တန်းကြေးကတော့ သင်တန်းပြီးတဲ့အထိ အခြေခံသင်တန်းအတွက် (၄ဝဝဝ)ကျပ်၊ အဆင့်မြင့်သင်တန်း မှာတော့ စင်တီမီတာအတွက် (၁ဝ,ဝဝဝ)ကျပ်၊ စက်ကြီးပန်းထိုးအတွက် (၁ဝ,ဝဝဝ)ကျပ်သာ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

အပ်ချုပ်စက်နဲ့သက်ဆိုင်တဲ့ လွန်းအိမ်၊ လွန်းဆံ၊ ကတ်ကြေး၊ ပေကြိုး၊ ပေတံနဲ့ အကျီ ၤချုပ်တဲ့အခါအသုံးပြုဖို့ လိုအပ်တဲ့ စတစ်ပြားတွေကို ယူဆောင်လာရမှာဖြစ်ပါတယ်။ တကယ်လို့ ယူလာဖို့အဆင်မပြေဘူးဆိုရင်လည်း သင်တန်းကျောင်းမှာ ဈေးသက်သက်သာသာနဲ့ လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်လို့ရပါတယ်။

သင်ကြားနေစဉ်အတွင်းမှာလည်း လိုအပ်ရင်လိုအပ်သလို အကျီ ၤပိတ်စအမျိုးအစားတွေကို ယူဆောင်လာ ရမှာဖြစ်ပါတယ်။ ယူဆောင်လာတဲ့ပိတ်စတွေကို အလေအလွင့်မဖြစ်အောင် မိမိရဲ့ ကိုယ်အတိုင်းနဲ့ မိမိဘာသာချုပ်ရမှာဖြစ်ပါတယ်။ အဆင်ပြေတာပေါ့နော်။ စက်ချုပ်လည်းတတ် အကျီ ၤတွေလည်း ရတာပေါ့။

အဝေးမှ လာရောက်သင်ယူချင်တဲ့ သင်တန်းသူတွေအတွက် နေထိုင်ရတာ အဆင်ပြေစေဖို့ အဆောင်ခသက်သာတဲ့ နေထိုင်ရတာ လုံခြုံမှုရှိတဲ့ အဆောင်တွေနဲ့ ချိတ်ဆက်ပေးမှာဖြစ်ပါတယ်။ အဆောင်ခအနေနဲ့တော့ တစ်လကို ၂ဝ,ဝဝဝကျပ်သာ ကုန်ကျမှာဖြစ်ပါတယ်။

ရပ်ရွာအကျိုးပြုသင်တန်းတွေကို တစ်နှစ်မှာ (၈)ကြိမ်၊ (၉)ကြိမ် ကွင်းဆင်းသင်တန်းပေးရလေ့ရှိပါတယ်။ သင်တန်းကျောင်းမှာက ဆရာမအင်အား လုံလောက်မှုမရှိတဲ့အတွက် ထူးချွန်တဲ့သင်တန်းသူတွေကို ပြန်လည်ရွေးချယ်ပြီး ဆရာဖြစ်သင်တန်းပြန်ပေးမှာဖြစ်ပါတယ်။ ရပ်ရွာအကျိုးပြု သင်တန်းတွေအတွက် နယ်တွေကို ဆင်းပြီးသင်တန်းပေးတဲ့အခါ ဆရာအဖြစ်လွှတ်မှာဖြစ်ပါတယ်။ သင်ကြားပေးမှုအတွက်လည်း နစ်နာမှုမရှိစေဖို့ လစာကို သတ်မှတ်ပေးမှာဖြစ်ပါတယ်။

သင်တန်း(၁)လခွဲပြီးတာနဲ့ အလုပ်ဆက်လုပ်ချင်တဲ့သူတွေကိုလည်း ဈေးကြီး၊ ဒိုင်းဝန်ကွင်း၊ မောင်ငံနဲ့ ငန်းတေးရပ်ကွက်တွေမှာရှိတဲ့ အပ်ချုပ်ဆိုင်တွေ၊ အထည်ချုပ်ဒိုင်တွေနဲ့ ချိတ်ဆက်ပေးသွားမှာဖြစ်ပြီး လုပ်အားခကိုလည်း အတတ်နိုင်ဆုံးအဆင်ပြေစေရန် ညှိနှိုင်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ကိုယ်ပိုင်ဆိုင်ဖွင့်ချင်သူတွေအတွက်လည်း သင်တန်းကျောင်းက ဆရာမတွေနဲ့ တိုင်ပင်ပြီး ဖွင့်လှစ်နိုင်ပါတယ်။ သင်တန်းဆင်းသွားပေမယ့် အကူအညီလိုအပ်လာရင် လာရောက်တိုင်ပင်ပြီး အကူအညီတောင်းနိုင်ပါတယ်။

ကဲ ဒီစက်ချုပ်သင်တန်းလေးကို တက်ချင်တယ်ဆိုရင်တော့ အထက်လမ်းမကြီး၊ ရွှေတောင်ရပ်၊ မော်လမြိုင်မြို့။ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းကို လာရောက်လျှောက်ထားနိုင်ပါတယ်။ ဖုန်း- ဝ၅၇- ၂၇၁၆၆ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်။

ယုံကြည်မှုအပြည့်နဲ့ အောင်မြင်ထူးချွန်တဲ့ အမျိူးသမီးတွေဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Written by – ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်