မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၆ ။ ။ မော်လမြိုင်မြို့၊ စျေးကြိုရပ်ကွက်၊ တောင်ဝိုင်းလမ်းရှိ မြတ်စေတနာ အမျိုးသမီးဘော်ဒါဆောင် အတွင်းသို့ တစ်စုံတစ်ရာ ခိုးယူရန် ညအချိန်၌ ပုန်းလျှိုးအိမ်ကျော်နင်းသူကို ဖမ်းဆီးရမိခဲ့ကြောင်း မုပွန်နယ်မြေရဲစခန်းမှ သိရသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၁၂ နာရီ ၁၅ မိနစ်က မြတ်စေတနာ အမျိုးသမီးဘော်ဒါဆောင်အတွင်း အမျိုးသားတစ်ဦး ပုန်းလျှိုးဝင်ရောက်နေကြောင်း ခြံစောင့်ဖြစ်သူ ဦးမောင်ပု (ခ) ဦးအရှည်ကြီးက အဆောင်ပိုင်ရှင် ဒေါ်မူမူလွင်ထံ ဖုန်းဖြင့်အကြောင်းကြားခဲ့ကြောင်း ယင်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆောင်ပိုင်ရှင် ဒေါ်မူမူလွင်မှာ နေအိမ်ရှိ CCTV ကင်မရာအား ကြည့်ရှုရာ အမျိုးသားတစ်ဦးကို နေအိမ် အနောက်ဆောင် ခြံဝင်းအတွင်း တွေ့ရသဖြင့် (ချစ်စံအိမ် အမျိုးသမီးဘော်ဒါဆောင်) ပိုင်ရှင် ဦးငွေညွှန့်၊ ဦးပြည်တာ၊ ဦးမြင့်နွယ်နှင့် မဌေးဝေဖြိုးတို့အား ဆက်လက်အကြောင်းကြားပြီး ဝိုင်းဝန်းဖမ်းဆီးခဲ့ကြကြောင်း ၎င်းက ဆက်လက်ပြောသည်။

အဆောင်အတွင်း ပုန်းလျှိုးဝင်ရောက်သူသည် ဖုန်းခိုးယူရန် ဝင်ရောက်ခြင်းဖြစ်သည်ဟု အဆောင်ပိုင်ရှင်များက ပြောဆိုနေကြပြီး ၎င်းကို အဆိုပါညက တောင်ဝိုင်းလမ်း၊ ကုန်းထိပ် ROYAL 9 သောက်ရေသန့်စက်ရုံအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

ညအချိန်တွင် အမျိုးသမီးဘော်ဒါဆောင်အတွင်းသို့ တစ်စုံတစ်ရာ ခိုးယူရန် ပုန်းလျှိုးအိမ်ကျော်နင်းသူ တင်ထွန်းအောင်ကို မုပွန်နယ်မြေရဲစခန်းမှ (ပ) ၃၇/၂၀၁၆၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၅၆ ဖြင့် အမှုဖွင့်ထားပြီး အမှုအား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ရဲစခန်းမှ သိရသည်။

Leave a Reply