အမျိုးသမီးများ အိုးမကွာအိမ်မကွာအသက်မွေးဝမ်းကျောင်းပြုနိုင်ရန် ပြည်နယ်အစိုးရ ကူညီမည်

ဘားအံ၊ စက်တင်ဘာ ၁

ကရင်ပြည်နယ်ရှိ အမျိုးသမီးများ မိသားစုနှင့်အတူ အိုးမကွာ အိမ်မကွာ အသက်မွေးဝမ်းကျောင်းပြုနိုင်ရေးအတွက် လိုအပ်သော အကူအညီကို အစိုးရအနေဖြင့်  ကူညီ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်နန်းခင်ထွေးမြင့်က ဆိုသည်။

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်မော်တာ အပ်ချုပ်စက်သင်တန်းဆင်းပွဲကို ဘားအံမြို့လှာကမြင်ကွက်သစ်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ပြည်နယ်ရုံး၌ သြဂုတ်လ ၃၀ ရက်က ကျင်းပခဲ့ရာ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားစဉ် ယင်းသို့ ထည့်သွင်းပြောကြားခဲ့သည်။

အချို့မှာ ပညာအရည်အချင်းရှိပြီး တတ်မြောက်ပြီး ဖြစ်သော်လည်း အိမ်နီးချင်း နိုင်ငံ ထိုင်း၌ သွားရောက်အလုပ်လုပ်ကိုင်နေသူများရှိခဲ့ကြောင်း၊ ယခုအခါတွင် အစိုးရအနေဖြင့် အသက်မွေးဝမ်းကျောင်းပညာသင်တန်းများကို တိုးမြှင့်ကူညီပံ့ပိုးလျက်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

သင်တန်း ဆင်းပြီးပါက မိသားစုအတွက်သာမက မိမိဒေသဝန်းကျင်တွင်လည်း လက်ဆင့်ကမ်း ပြန်လည်သင်ကြားပို့ချပေးစေလိုကြောင်း ပြည်နယ်ဝန်ကြီးချုပ်နန်းခင်ထွေးမြင့်က သင်တန်းသူများကို တိုက်တွန်းခဲ့သည်။

အထက်ပါဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးထွန်းတင်ကအိမ်တွင်း၌သာမက  မိမိပြည်နယ်အတွင်းရှိ စက်ရုံ အလုပ်ရုံများ၌ပါ အလုပ်အကိုင်အခွင့်အလမ်း ပွင့်လန်းစေရန် ရည်ရွယ်၍ သင်တန်းပို့ချပေးခြင်း ဖြစ်ကြောင်း ပြောသည်။

“ဒီမော်တာစက်ချုပ်ပညာကို တတ်ချင်တဲ့သူ ရှိတယ်ဆိုရင် အခွင့်ကြုံရင် အခွင့်ကြုံသလို ပြန်သင်ကြား သွားမှာပါ”ဟု သင်တန်းသူ နန်းခင်မာငြိမ်းက ဆိုသည်။

အဆိုပါသင်တန်းကို ဘားအံ၊ လှိုင်းဘွဲ ၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်မြို့နယ်များရှိ ကျေးရွာများမှ သင်တန်းသူ (၃၅) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဇူလိုင်လ ၉ ရက်နေ့မှ သြဂုတ်လ ၃၀ ရက်ထိ ရက်သတ္တပတ် (၈)ပတ်ကြာမြင့်သည်။  ဘာသာရပ်များအဖြစ် စက်ချုပ်ခြင်းနှင့်ပတ်သက်သည့်ပုံစံ ၁၃မျိုးကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

၂၀၁၇/၂၀၁၈ခုနှစ်တွင် စက်ချုပ်ပညာသင်တန်းကို အခြေခံသင်တန်း၂ကြိမ် အဆင့်မြင့်သင်တန်း ၁ကြိမ် စုစုပေါင်း ၃ကြိမ် ပို့ချပေးခဲ့ပြီးဖြစ်သည်။

စောအယ်လ်ဒီ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.