ယခုနှစ် ကျောင်းဖွင့်ရာသီတွင် ဆရာ၊ဆရာမများ ကျူရှင်မသင်ကြားရန် ပြည်နယ်ပညာရေးမှူးရုံးက ခေါ်ယူ သတိ ပေးမှုများပြုလုပ်ထားသည်။ ယင်းမှာ အစိုးရသစ်၏ ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲရေးတွင် ကျူရှင် စနစ်ပပျောက်ရေးအတွက် စတင်ပြင်ဆင်လာသော ခြေလှမ်း တစ်ရပ်ဖြစ်သည်။

IMG_2046 - Copy copy

ယခုအစိုးရလက်ထက်တွင် ကျူရှင်စနစ် ပပျောက်ရေးကို လုပ်ဆောင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောဆိုထားပြီး ထိုသို့လုပ်ဆောင်မည်မှာကောင်းမွန်ကြောင်း ပညာရေးသုတေသီတို့က ထောက်ခံ ပြောဆိုကြ သည်။

မြန်မာ့ပညာရေးကို နိမ့်ကျခြင်းလောင်းရိပ်အောက်သို့ တွန်းပို့ခဲ့သော အကြောင်းအရင်းများတွင် တစ်ခုအပါ အဝင်ဖြစ်သော ကျူရှင်စနစ်ကို အမြစ်ပြတ်ပပျောက်ရန်မှာ မဖြစ်မနေ လုပ်ဆောင်ရမည့် အရာတစ်ခု ဖြစ်နေ သည်။

” ကျူရှင်စနစ်ဟာ ပညာရေးမြှင့်တင်တာကိုလုံးဝအားပေးတာမဟုတ်ဘူး ” ဥပဒေပညာပါမောက္ခတစ်ဦးဖြစ်သူ ဒေါက်တာ မိခင်စောအောင်က ပြောဆိုသည်။

သို့သော် ကျောင်းသားများ၊မိဘများ အားကိုးနေရဆဲဖြစ်ပြီး မြန်မာနိုင်ငံ၏ ပညာရေးတွင် ယဉ်ကျေးမှု တစ်ရပ် သဖွယ်ဖြစ်နေသည့် ကျူရှင်စနစ်ပပျောက်ရေးမှာ လွယ်ကူမည် မဟုတ်ဘဲ ရေရှည်စီမံကိန်းဖြင့် ဆောင်ရွက်ရ မည့်ကိစ္စရပ်တစ်ခုဖြစ်ကြောင်း ပညာရှင်များက သုံးသပ် ပြောဆိုကြသည်။

အခြေခံမှ အဆင့်မြင့်အထိ

မြန်မာ့ပညာရေးလောကတွင် ကျူရှင်ပညာရေးမှာ ၁၉၈၀ ပြည့်နှစ်ဝန်းကျင်ကာလများတွင် အနည်းအကျဉ်း စတင်ပေါ်ပေါက်နေပြီဖြစ်ကြောင်း လေ့လာသုံးသပ်သူတို့က ဆိုကြသည်။

ယင်းအချိန်က စာမလိုက်နိုင်သူများသာ ကျူရှင်တက်ရောက်ကြသည့်အတွက် ထင်ထင်ပေါ်ပေါ် မလုပ် ဆောင်ကြဘဲ တိတ်တဆိတ်သာ တက်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း မွန်အမျိုးသားပညာရေးဌာနမှ Education Program Administer လုပ်ကိုင်သူ မင်းအောင်ဇေဖြစ်သည်။

“အဲဒီတုန်းက ကျူရှင်တက်တဲ့သူများကို ဒီကောင်အသုံးမကျတဲ့ကောင်ဆိုပြီးတော့ အထင်သေးကြတယ်၊ အဲဒီမှာ ကျူရှင်သွားရင် ခိုးပြီးသွားကြတယ် ” ဟု ၎င်းက ဆိုသည်။

၁၉၉၀ ပြည့်နှစ်ဝန်းကျင်နောက်ပိုင်းတွင်မူ ကျူရှင်ပညာရေးမှာ အားကောင်းလာခဲ့ခြင်းဖြစ်ပြီး တက္ကသိုလ် ဝင်တန်း ဖြေဆိုကြသူများနှင့် အလယ်တန်းအဆင့်ကျောင်းသားများ အဓိက တက်ရောက်လာကြသည်။

ရှေးက တိတ်တဆိတ်ခိုးကြောင်းခိုးဝှက်ပင်တက်ရောက်ခဲ့သည့် ကျူရှင်စနစ်မှာ မြန်မာ့ပညာရေး နိမ့်ကျခြင်းနှင့် အတူ ယခုအခါ မူလတန်းအဆင့်ကျောင်းသားများအရွယ် ကလေးငယ်များမှ တက္ကသိုလ်ကျောင်း သားများပင် တက်ရောက်သည်အထိ တွင်ကျယ်နေပြီဖြစ်သည်။

မိဘများသည် အခြေခံပညာအဆင့်တွင် ကျောင်းများ၌ မိမိကလေး စာမလိုက်နိုင်မည်ကို စိုးရိမ်ခြင်းကြောင့် ကျူရှင်ထားရှိကြခြင်း ဖြစ်ကြောင်း ပြောဆိုကြသည်။

“ကျောင်းမှာသင်တာမလုံလောက်ဘူးထင်လို့ပါ။လုံလောက်တယ်ဆိုရင် မထားဘူး”ဟု မရမ်းကုန်းရပ်ကွက်တွင် နေထိုင်သည့် ကျောင်းသားမိဘတစ်ဦးက ပြောဆိုသည်။

ထို့အတူ ဆရာ၊ဆရာမများမှာလည်း စားဝတ်နေရေးနှင့် ဝင်ငွေစသောအကြောင်း များကြောင့် ကျူရှင်သင်ကြား ကြခြင်းဖြစ် သည်။ ကျောင်းသား၊မိဘ နှင့် ဆရာများအကြား အကြောင်းအရင်းအမျိုးမျိုးနှင့် ညီညွတ်ပေါ်ပေါက် နေသော ကျူရှင်ပညာရေးမှာ လက်ရှိမြန်မာ့ပညာရေးတွင် အရိုးစွဲနေသော ယဉ်ကျေးမှုတစ်ရပ်ဖြစ် နေပြီဖြစ် သည်။

“မိဘတွေစိတ်ထဲမှာစွဲနေတာက ကျူရှင်မထားရင် သူတို့ကလေးတွေ ပညာမတတ်ဘူးလို့စွဲနေကြတယ်။ အဲဒါနဲ့ဆရာ၊ဆရာမတွေက အခွင့်အလမ်းတစ်ခုလိုမျိုးဖြစ်နေတယ်”ဟု မင်းအောင်ဇေက ဆိုလေသည်။

ဝန်ပိုရလဒ်

ဆရာ၊ဆရာမများသည် ကျူရှင်သင်ခြင်းကြောင့် အခွင့်အလမ်းတစ်ရပ်အဖြစ်ငွေကြေးအပိုအလျှံ ရရှိသော်လည်း ကျောင်းစာသင်မှုအပိုင်းတွင်လစ်ဟင်းလာနိုင်ကြောင်း NNER အဖွဲ့ဝင်တစ်ဦး လည်းဖြစ်သူ မင်းအောင်ဇေက သတိပေးပြောဆိုသည်။
ကျူရှင်အများစုမှာအခြေခံကျောင်းများမဖွင့်လှစ်မီ တစ်လ၊နှစ်လခန့်အလိုတွင်ပင် စတင် ဖွင့်လှစ်လေ့ရှိပြီး ကျောင်းသားအများစုမှာ ယင်းအချိန်၌ပင် သင်ခန်းစာများကို ကြိုတင်လေ့လာလေ့ရှိကြသည်။

“မိဘတွေကလည်းကျောင်းကမအပ်ရသေးဘူး။ကျူရှင်ကအရင်အပ်ကြတယ်ဆိုတော့ ကလေးတွေကလည်း ကျူရှင်မှာ ဒါသင်ရမယ်ဆိုတော့ကျောင်းကသင်တာကို နည်းနည်းပေါ့ပေါ့လျာ့လျော့ဖြစ်နေတယ်”ဟု ဒဂုံတက္ကသိုလ်၊ ဥပဒေပညာဌာနမှ ပါမောက္ခဖြစ်သူ မိခင်စောအောင်ကရှင်းပြသည်။

ယင်းသို့သောအခြေအနေကို တက္ကသိုလ်ပညာရေးတွင်ပိုမိုတွေ့ရှိရနိုင်ပြီး တက္ကသိုလ်ပညာရေးတွင် ကျူရှင်တက်ကြသူများမှာ ပုံမှန်ကျောင်းအတန်းချိန်များကို မှန်မှန်မတက်ကြသူများဖြစ်ကြကြောင်း တက္ကသိုလ်ဆရာမများက ပြောဆိုကြသည်။
ထို့ကြောင့် ကျူရှင်ပညာရေးတွင်ကျယ်လာသည့် နောက်တွင် ကျောင်းပညာရေးများမှာ မှေးမိန်လာရသည်။

“ကျူရှင်ကအဓိကကျပြီးတော့ ကျောင်းကအဓိကမကျသလိုဖြစ်နေတယ်၊ ကျောင်းစာကို အဓိကကြိုးစားပြီးတော့ ဒီကျောင်းစာမှာ လွတ်သွားတဲ့ဟာကို မလိုက်နိုင်တော့မှ ကျူရှင်မှာနည်းနည်းလေးသင်တာ မဟုတ်တော့ဘဲနဲ့ ကျူရှင်ကအဓိကဖြစ်နေတာ မဖြစ်သင့်ဘူး”ဟု မိခင်စောအောင် ကထောက်ပြသည်။

ကျောင်းဖွင့်ကာလများတွင် ကျောင်းနှင့်ကျူရှင်နှစ်ခုစလုံးတက်ရောက်ရသည်မှာလည်း ကလေးများအတွက် အဆင်မပြေနိုင်ကြောင်း ပညာရေးလေ့လာသုံးသပ်သူတို့ကဆိုကြသည်။

ပညာရေးကိုမြှင့်တင်ရာတွင် ကျောင်းသားများက သင်ခန်းစာများကို တွေးခေါ်စဉ်းစားရန်လိုအပ်ပြီး ကျောင်းနှင့် ကျူရှင်နှစ်ခုစလုံးကို နေ့စဉ်အချိန်ပြည့်သင်ကြားရသောကြောင့် အလွတ်ကျက်ခြင်းကိုသာ အသားပေး၍ တွေးခေါ်ရန် အချိန်နည်းပါးမှုနှင့်ရင်ဆိုင်နေရသည်။
“ကျောင်းသားတွေဟာ သူတို့လေ့လာထားတဲ့အပေါ်မှာ တွေးခေါ်စဉ်းစားရမယ်၊ အဲဒါသူတို့မှာ မရှိဘူး။ တနည်းအားဖြင့်ပြောရရင် သူတို့မှာ တွေးခွင့်မရှိဘူး။တွေးဖို့အချိန်မရှိဘူးဖြစ်နေတယ်” ဟုမိခင်စောအောင်က ထပ်လောင်းရှင်းပြသည်။

သို့သော်လည်း လက်ရှိ အထက်တန်းအဆင့်တွင် ကျူရှင်ပညာရေးမှာ အောင်မြင်မှုများ ရရှိနေပြီး အထက်တန်း အဆင့်ပညာရေး၏ အောင်ချက်မြင့်နေသည်မှာ ကျူရှင်များကြောင့်ဖြစ်ကြောင်း မင်းအောင်ဇေ ကဆိုသည်။

“တကယ်လို့ကျူရှင်မကောင်းဘူး ကျောင်းချည်းပဲ အားကိုးနေမယ်ဆိုလို့ရှိရင်လည်း facilityတွေ၊ capacity တွေမလုံလောက်တဲ့အခါကျတော့ အောင်ချက်ကဒီလောက်ရှိမှာ မဟုတ်ဘူး” ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။

အမြစ်ဖြတ်ရေး

ကျောင်းသင်ခန်းစာများကို ပြန်လည်လေ့ကျင့်ပေးသည့် ကျူရှင်ပညာရေး ပပျောက်အောင်လုပ်ဆောင်သည်မှာ လွယ်ကူသည့် ကိစ္စရပ်တစ်ခုတော့မဟုတ်ပေ။

ပထမအဆင့်အဖြစ် ကျောင်းဆရာ၊ဆရာမများကျူရှင်မသင်ရန်လုပ်ဆောင်သင့်ပြီး ဆရာ၊ဆရာမများ၏ လစာအခြေအနေများကို ပြန်လည်ချိန်ဆသင့်ကြောင်း ပညာရေးလေ့လာသုံးသပ်သူများက ဆိုကြသည်။

လက်ရှိတွင် အခြေခံပညာကျောင်းများရှိ ဆရာ၊ဆရာမများသည် လစာတစ်သိန်းခွဲသာရရှိနေပြီး ယင်းမှာ မိသားစုစားဝတ်နေရေးတွင် မဖူလုံနိုင်ကြောင်း မင်းအောင်ဇေက ထောက်ပြပြောဆိုသည်။

မွန်အမျိုးသားပညာရေးဌာနတွင်လုပ်ကိုင်နေသည့် ၎င်းက “တကယ်တမ်းကုန်ကျတာက မိသားစုရဲ့ တစ်လအသုံးစရိတ်ဟာ သုံးသိန်းလောက်ရှိနေတယ်ဆိုတော့ သူရဲ့လစာတစ်သိန်းခွဲက ဘယ်လိုလုပ် လောက်ငှမလဲ၊ အဲဒါအရေးကြီးတဲ့ အချက်ပါ” ဟု ထပ်လောင်းပြောဆိုသည်။
ကျောင်းသားများ ကျူရှင်မတက်ရန်လုပ်ဆောင်သည့်အပိုင်းတွင်မူ အဆင့်မြင့်ပညာတွင် လုပ်ဆောင်ရ လွယ်ကူနိုင်ပြီး အခြေခံပညာအဆင့်တွင်မူ ခက်ခဲနိုင်ကြောင်း ပါမောက္ခဒေါက်တာ မိခင်စောအောင်က သုံးသပ်သည်။

“အခြေခံကဘာလို့မလွယ်တာလဲဆိုတော့ ဒါကျက်ဒါဖြေဖြစ်နေလို့” ဟု ၎င်းက ပြောဆိုသည်။

ယင်းအတွက် သင်ကြားရေးနည်းလမ်းများနှင့် မေးခွန်းပုံစံများကို ပြောင်းလဲသင့်ပြီး ဆရာ၊ဆရာမများကလည်း ကလေးများကို စာသင်ကြားရာတွင် ပုံမှန်စာသင်နည်းလမ်းများထက် ဘာသာရပ်ဆိုင်ရာ အခြားဗဟုသုတ များကို ပြောဆိုသင်ကြား၍ ကျောင်း၌ စာကို သေချာနားလည်အောင် သင်ကြားရမည်ဖြစ်သည်။

ဒေါက်တာမိခင်စောအောင်က “ဥပမာ- သမိုင်းသင်တယ်ဆိုလို့ရှိရင် စာချည်းဘဲသင်နေတာထက် သမိုင်းနဲ့ပက်သက်တဲ့တခြား အကြောင်းအရာတွေကို ပြောပြတာတို့ လုပ်ပြီး ဘာသာရပ်နဲ့သက်ဆိုင်တဲ့ အထွေထွေဗဟုသုတတွေနဲ့ ကလေးတွေကို ဆွဲဆောင်ရမယ်” ဟု သင်ကြားရေးနည်းစနစ်ပိုင်းနှင်ပတ်သက်၍ ပြောဆိုသည်။

ထိုသို့ သင်ကြားနိုင်ရန် ကျောင်းများတွင် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သည့်ဆရာများကို ခန့်အပ်ရန်လိုသည်ဟု မင်းအောင်ဇေက ဖြည့်စွက်ပြောဆိုသည်။

“အခုဟာက ဘယ်လိုသွားနေတာလဲဆိုတော့ မူလတန်းပြကနေပြီးတော့ ရာထူးတိုး promotion ခေါ်တယ်။ အလယ်တန်းပြဖြစ်သွားတယ်။ promotion အထက်တန်းပြဖြစ်သွားတယ်ဆိုတဲ့ အပေါ်မှာဘာသာရပ်နဲ့ ပက်သက်လို့ မကျွမ်းကျင်တဲ့ အခါကျတော့ ကလေးတွေကိ်ုသွားထိတယ်”ဟု ၎င်းက ဆိုသည်။

ယင်းအခြေအနေများအပါအဝင် ပညာရေးစနစ်ကြီးတစ်ခုလုံးရှိ ပြုပြင်ပြောင်းလဲသင့်သည်များကို ပြောင်းလဲရမည်ဖြစ်ကာ အစိုးရဘတ်ဂျတ်တွင် ပညာရေးအတွက် ၂၅ ရာခိုင်နှုန်းအထိ အသုံးပြုသင့်ကြောင်း ပညာရေးအသိုင်းအဝိုင်းက ပြောကြားသည်။

“ဆရာ၊ဆရာမတွေကလည်းကောင်းမွန်တဲ့ လုံလောက်တဲ့လစာရမယ်၊ အဲဒါအပြင်ကျောင်းမှာလိုအပ်တဲ့ ပစ္စည်းကိရိယာတွေသုံးနီုင်မယ်၊ ဆရာအင်အားတွေ လုံလုံလောက်လောက် ခန့်ထားနိုင်မယ်ဆိုရင် ကလေးတွေကတက်လာမယ်”ဟု Education Program Administer မင်းအောင်ဇေက ဆိုသည်။

အစိုးရသစ်ကမူ ပညာရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရာတွင် ကျူရှင်စနစ်ကို ပပျောက်အောင် လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောဆိုထားသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၂၅ ရက်နေ့က ထိုင်းရောက် တက္ကသိုလ် ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် တွေ့ဆုံစဉ် ကျူရှင်စနစ်ကို အစိုးရက ပြောင်းလဲမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိမြန်မာ့ပညာရေးတိုးတက်ရန်မှာလည်း ကျူရှင်ယဉ်ကျေးမှုကို တွန်းလှန်ရတော့မည်ဖြစ်ပြီး အမှန်တစ်ကယ်အကောင်အထည်ဖော်ရန်လိုအပ်နေကြောင်း ပညာရေးအသိုင်း အဝိုင်းက ပြောဆိုနေကြသည်။

လက်ရှိ ဒဂုံတက္ကသိုလ်တွင် ဥပဒေပညာပါမောက္ခအဖြစ်လုပ်ကိုင်နေသူ ဒေါက်တာမိခင်စောအောင်ကမူ ကျူရှင်များလျော့နည်းအောင် အရင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း အကြံပြုပြောဆိုသည်။

“အမြစ်တွယ်ခဲ့တာကြာပြီဆိုတော့ ချက်ချင်းကြီးတော့လုပ်လို့ရမယ်လို့တော့မထင်ဘူး ” ဟု ၎င်းက ဆိုလေသည်။

Leave a Reply