နယူးယောက်၊ ဧပြီ ၂၆

ကမ္ဘာကျော် အမေဇုံအွန်လိုင်းစတိုးဟာ သူ့ကို အမြဲဝယ်ယူအားပေးနေတဲ့ ဖောက်သည်တွေအတွက် တစ်ရက်ထဲနဲ့ အရောက်ပို့ပေးတော့မယ်လို့ ကြေညာပါတယ်။

အမေဇုံရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ ဘရိုင်ယမ်အိုဆာဗာစကီက ဒီလို ပို့ဆောင်ပေးနိုင်ဖို့အတွက် အမေဇုံက ရင်းနှီးမြှုပ်နှံမှုတွေထပ်ဖြည့်ခဲ့ရတယ်လို့ဆိုပါတယ်။

နိုင်ငံရပ်ခြားမှ မှာယူမှုတွေကို အရင်က နှစ်ရက်အတွင်းပို့ပေးနေရာက အချိန်ကိုချုံ့ပြီး တစ်ရက်တည်းပေးပို့ တာပဲဖြစ်ပါတယ်။

ဒီလိုအချိန်တိုတွင်းပို့နိုင်ဖို့အတွက် အမေဇုံကုမ္ပဏီဟာ အမေရိကန်ဒေါ်လာသန်း၈၀၀ကို ရင်းနှီးမြှုပ်နှံခဲ့ရပြီး ကုမ္ပဏီသက်တမ်းတစ်လျှောက် ပို့ဆောင်ရေးအတွက် အများဆုံးရင်းနှီးမြှုပ်နှံမှု ပမာဏဖြစ်တယ်လို့သိရပါတယ်။

ဒါပေမဲ့ ဒီလိုရက်ကိုလျှော့လိုက်တာကြောင့် တစ်ပတ်အတွင်း ပစ္စည်းမှာယူမှုဟာ အမေရိကန်ဒေါ်လာသန်း၁၀၀ အထိ မြင့်တက်ခဲ့ပါတယ်။

ဒီလိုပြောင်းလဲလိုက်တာဟာ မြောက်အမေရိကဈေးကွက်ကိုလည်း ချဲ့ထွင်ပေးရာရောက်ပြီး ကမ္ဘာနဲ့အဝှမ်း ဈေးကွက်မြင့်တင်ပြီးသားဖြစ်သွားတယ်လို့ အမေဇုံ ကုမ္ပဏီရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီဝန်ဆောင်မှုဟာ တစ်ကမ္ဘာလုံးက အမြဲတမ်းဈေးဝယ်သူတွေအတွက် အကျုံးဝင်တယ်လို့လည်း သိရပါတယ်။

အမေဇုံကုမ္ပဏီက ထုတ်ပြန်တဲ့စာရင်းအရ ပုံမှန်ဈေးဝယ်နေသူဟာ ကမ္ဘာနဲ့အဝန်းမှာ သန်း၁၀၀ကျော်ရှိတယ်လို့ သိရပါတယ်။

ဝန်ဆောင်မှုအသစ်အတွက် အမေဇုံဟာ အမေရိကန်ပို့ဆောင်ရေးဝန်ဆောင်မှု UPS နဲ့လည်းပူးပေါင်းလုပ်ဆောင်ခဲ့သေးတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကမ္ဘာ့နိုင်ငံအသီးသီးက နာမည်ကျော်ပို့ဆောင်ရေးကုမ္ပဏီတွေနဲ့လည်းပူးပေါင်းဖို့လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

တစ်ရက်တာအတွင်းပို့ဆောင်ပေးတဲ့အစီစဉ်သစ်ဟာ အမေဇုံရဲ့ ဈေးကွက်ထိုးဖောက်တဲ့ခြေလှမ်းသစ်ဖြစ်ပြီး သေချာပေါက် အောင်မြင်မှာဖြစ်တယ်လို့ ဈေးကွက်လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

Ref: CNBC

Leave a Reply