အမှန်တကယ် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့

အာရှတိုက်အတွင်း သဘာဝဘေးဒဏ်ခံနိုင်သည့် မြို့ငါးမြို့စာရင်းတွင် မြန်မာနိုင်ငံမှ မော်လမြိုင်မြို့ကိုပါ ကုလသမဂ္ဂဘေးအန္တရာယ်လျှော့ချရေးရုံး (UNISDR)က ရွေးချယ်လိုက်သည်။

မကြာသေးမီ အောက်တိုဘာ တတိယပတ်ကလည်း အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများမှ စမတ်စီးတီးမြို့တော် ၁၀ မြို့တွင် မန္တလေးမြို့လည်း ပါဝင်ကြောင်း Cio-asia.com တွင် ဖော်ပြထားခဲ့သည်။

ဂုဏ်ယူဖွယ်ရာ ရွေးချယ်ခံရမှုတို့ပါပေ။

သဘာဝဘေးဒဏ် ခုခံနိုင်စွမ်း မြင့်မားပြီး ဖွံ့ဖြိုးတိုးတက်သော မြို့ပြများဆီ တက်လှမ်းရန် လမ်းစဟုပင် ဆိုဖွယ်ရာ အကြောင်းရှိ၏။

မော်လမြိုင်အတွက် ဆက်လက်လုပ်ဆောင်မည့် အသေးစိတ်အကဲဖြတ်မှုများအတွက် အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၁ ရက်နေ့အထိ ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ကျင်းပခဲ့ပြီး ရှေ့လုပ်ငန်းစဉ် မူကြမ်း ရေးဆွဲနိုင်ခဲ့သည်၊ ကုန်ကျစရိတ်နှင့် နည်းပညာများပါဝင်ပြီး ဆိုင်ကလုန်းဒဏ်ခံ အဆောက်အဦနှင့် မြေထိန်းနံရံများတည်ဆောက်ခြင်း၊ ရှိပြီးသားအဆောက်အဦများကို ဒဏ်ခံနိုင်မှုရှိမရှိ စိစစ်ခြင်း စသည်တို့ကို ကဏ္ဍတစ်ခုချင်းစီ ရေးဆွဲထားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုထားသည်။

ယင်းအစီအစဉ်အတွက် UNISDR မှ နည်းပညာနှင့် ကျွမ်းကျင်ပညာရှင်များ ပံ့ပိုးပေးမည်ဖြစ်ပြီး စီမံချက်အောင်မြင်ပါက မော်လမြိုင်မြို့သည် သဘာဝဘေး ကျရောက်သော်လည်း ချက်ချင်းပုံမှန်အတိုင်း ပြန်လည်ထူထောင်နိုင်သည့် မြို့တစ်မြို့ဖြစ်လာမည်ဟု ၎င်းကပြောသည်။

အာရှ ၅ နိုင်ငံတွင် မော်လမြိုင်အပြင် မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာမြို့၊ နီပေါရှိ ကတ်တမန်ဒူမြို့တော်၊ ဘင်္ဂလားဒေ့ရှ်တွင် ဒါကာမြောက်ပိုင်းမြို့တော်၊ အင်ဒိုနီးရှားတွင် စီလာကတ်တို့ကိုလည်း သဘာဝဘေးဒဏ်ခံနိုင်သော မြို့အဖြစ် သတ်မှတ်ထားသည်။

မန္တလေးမြို့ကို စမတ်စီးတီးမြို့ဖြစ်စေရန်အတွက် အခြေခံအဆောက်အဦများ လိုအပ်နေဆဲဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင်တစ်ဦးက ဆိုထားသည်။ ယင်းပြောဆိုချက်မှာ ယခုလို ရွေးချယ်ခံရမှုများသည် ရလဒ်များ မဟုတ်ဘဲ အလားအလာများသာ ဖြစ်ကြောင်း သက်သေပြ ညွှန်းဆိုဖွယ်ရာ တစ်ရပ်ဟု ဆိုရမည်။

ဂုဏ်ယူနေရုံမျှနှင့် မပြီး၊ ဂုဏ်ဆောင်နိုင်ရန် ပိုအရေးကြီးပေသည်။

လူမှုဘဝရှုခင်းတွင် လုံခြုံစိတ်ချရမှုသည်လည်း မရှိမဖြစ် အရေးပါသော ကဏ္ဍတစ်ရပ်ဖြစ်သည်။ ထို့ထက်ပို၍ ဖွံ့ဖြိုးတိုးတက်မှုဆီ ရွေ့လျားလျှောက်လှမ်းရန် အကြောင်းရင်းခံလည်း ဖြစ်ပြန်သည်။

ပန်းတိုင်မှာ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်မှုပင် ဖြစ်၏။

အားသာချက်တို့အပေါ် ခြေကုပ်မြဲစွာ ရယူလျက် တစ်ထစ်ချင်း တက်လှမ်းရန် တာဝန်အရပ်ရပ်မှာမူ အစိုးရ၊ လွှတ်တော်နှင့် ပြည်သူတစ်ရပ်လုံးတို့ ပခုံးကိုယ်စီထက် ရောက်ရှိလာပြန်ချေပြီမို့ အသိ၊ သတိ ယှဉ်တွဲကာ တစ်စိတ်တစ်ဝမ်းညီ ဆက်လက်လုပ်ဆောင်ရမည့် အခါအခွင့်ပင် ဖြစ်ပါကြောင်း ဟင်္သာက တိုက်တွန်းရေးသားလိုက်ရပေသည်။

အောင်ပွဲဟူသည် ခုခံနိုင်စွမ်း၊ ခံနိုင်ရည်သာမက ထိုးဖောက်တိုးဝင် အရယူနိုင်စွမ်းအပေါ်လည်း မူတည်သည်မဟုတ်ပါလား။

အယ်ဒီတာ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.