သတင်းဓါတ်ပုံ -Clean Dawei အဖွဲ
သုတေသနစစ်တမ်းကောက်ယူလျက်ရှိသော Clean Dawei အဖွဲ့

ထားဝယ်၊ မေ ၃၀

ထားဝယ်မြို့ရှိ ရပ်ကွက်(၁၅)ကွက်တွင် မည်သည့်ပုံစံဖြင့် အမှိုက်စွန့်ပစ်လျက်ရှိသည်ကို သိရှိနိုင်ရန် ရပ်ကွက်(၂)ကွက်အား ကနဦးအမှိုက်နှင့်ပတ်သက်၍ သုတေသနစာတမ်းကောက်ယူရန် စီစဉ်ခဲ့ရာမှ ယခုအခါမြို့အပေါ်ရှိ ရပ်ကွက်များအားလွှမ်းခြုံမိစေရန်အတွက် ရပ်ကွက်(၅)ကွက်တွင် သုတေသနစာတမ်း ကောက်ယူသွားမည်ဖြစ်ကြောင်း Cleaṅ Dawei အဖွဲ့ထံမှ သိရသည်။

“ရပ်ကွက်အနေအထားအရ မြို့အထဲက ရပ်ကွက်တွေနဲ့ ဆင်ခြေဖုံးရပ်ကွက်တွေနဲ့ ဘယ်လိုမျိုးအနေအထားရှိလည်း သိရအောင် ၁၅ ရပ်ကွက်ရှိတော့ ၅ ရပ်ကွက်အသံနဲ့ဆို နည်းနည်းလေး အတိုင်းအတားတစ်ခုအထိ လွှမ်းခြုံနိုင်မယ်” ဟု Cleaṅ Dawei အဖွဲ့မှတာဝန်ခံတစ်ဦးဖြစ်သူ ဦးအောင်နိုင်ဦးက ဆိုသည်။

ထားဝယ်မြို့တွင် အမှိုက်စွန့်ပစ်နေသည့် အခြေအနေအား သိရှိရန်အတွက် မေလ ၂၆ ရက်နေ့က ဇရစ်/ခုံဝင်း ဒပ်ရပ်ကွက်တွင် သုတေသနစစ်တမ်း စတင်ကောက်ယူခဲ့ပြီး ဇွန်လ ၂ ရက်နေ့တွင် အနောက်ရပ် ကွက်နှင့် ဒေါင်းငူ/တံငါရပ်ကွက်တို့တွင် ထပ်မံ၍ သုတေသနစစ်တမ်းကောက်ယူသွားမည်ဟု ၎င်းက ပြောသည်။

ကျန်ရှိသော ရပ်ကွက်(၂)ကွက်တွင် သုတေသနစစ်တမ်းကောက်ယူရန်အတွက် အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ရွေးချယ်မည်ဖြစ်ပြီး ဇွန်လအတွင်း ရပ်ကွက်(၅)ကွက်တွင် သုတေသနစစ်တမ်း ကောက်ယူခြင်းလုပ်ငန်း ပြီးစီးမည်ဟု ၎င်းက ဖြည့်စွက်ပြောသည်။

သတင်းဓါတ်ပုံ -Clean Dawei အဖွဲ
သုတေသနစစ်တမ်းကောက်ယူလျက်ရှိသော Clean Dawei အဖွဲ့

ယင်းသုတေသနစစ်တမ်းကောက်ယူပြီးချိန်တွင် အမှိုက်နှင့်ပတ်သက်၍ အမှိုက်သိမ်းလုပ်ငန်းရှင်၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးပါဝင်သော သုံးပွင့်ဆိုင်အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ပြီး ဇူလိုင်လတွင် အဖြေတစ်ခုထွက်လာလိမ့်မည်ဟု Cleaṅ Dawei အဖွဲ့က ခန့်မှန်းထားသည်။

Cleaṅ Dawei အဖွဲ့က အမှိုက်ကိစ္စအား အဖြေရှာရန် တစ်နှစ်ပတ်လုံး (၄) လတစ်ကြိမ် ၇ ဦးပါဝင်သော အဖွဲ့(၃)ဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိပြီး စုပေါင်းတာဝန်ခံအုပ်ချုပ်မှုပုံစံဖြစ် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

လက်ရှိအချိန်တွင် ထားဝယ်မြို့၌ တစ်နေ့လျှင် အမှိုက်တန် ၄၀ မှ တန် ၅၀ ခန့်အထိ ထွက်ပြီး ထားဝယ်မြို့၊ ဝဲကျွန်းရပ်ကွက်ရှိ အမှိုက်ပစ်ကွင်းသို့ ပုဂ္ဂလိက အမှိုက်သိမ်းယာဉ်နှင့် စည်ပင်အမှိုက်သိမ်းယာဉ်၊ သီးခြားယာဉ်များဖြင့် မြို့အတွင်းမှ အမှိုက်များသိမ်းဆည်းပြီး တစ်နေ့လျှင် ပျမ်းမျှအခေါက် ၄၀ မှ ၆၈ ခေါက်အထိ အမှိုက်များကို သွားရောက်စွန့်ပစ်လျက်ရှိသည်ဟု ထားဝယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ထားဝယ်မြို့တွင် ပုဂ္ဂလိက အမှိုက်သယ်ယာဉ် ၁၀ စီးနှင့် စည်ပင်သာယာရေးအဖွဲ့တွင် အမှိုက်သိမ်းယာဉ် ၇ စီးရှိသည်ဟု သိရသည်။

တင့်လွင်

Leave a Reply