မော်လမြိုင် ဖေဖော်ဝါရီ ၁၅

မွန်ပြည်နယ်အတွင်း၌ အမှိုက်နှင့် အညစ်အကြေးခွန် အပါအဝင် အခွန် လေး မျိုးကို တိုး မြှင့် ကောက်ခံရန် စီစဉ်နေပြီ ဖြစ်ကြောင်း ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

တိုး မြှင့်မည့် အခွန်များတွင် အဆောက်အအုံနှင့် မြေခွန်၊ ရေခွန်၊ လမ်းမီးခွန်၊ အမှိုက်နှင့် အညစ်အကြေးခွန်တို့ ပါဝင်ပြီး၊ ယင်းအခွန်များမှာ ခြောက် လ တစ်ကြိမ် ကောက်ခံသော အခွန် ဖြစ်သည်ဟု ၎င်းက ပြောသည်။

“အခွန်အခ ဥပဒေကလည်း ထွက်ထားပြီးသားပါ၊ ကောက်မယ်ဆိုရင် တိုးကောက်လို့ ရတယ် ၊ ချက်ချင်းကြီးတော့ တိုးကောက်မှာ မဟုတ်ဘူး၊ ပြည်သူတွေ ဝန်ထုပ်ဝန်ပိုး မဖြစ်အောင်တော့ လုပ်သွားမယ်”ဟု ၎င်းက ဆိုသည်။

ပြည်နယ် စည်ပင်သာယာရေးဆိုင်ရာ အခွန်၊ အခ၊ အကောက်များ ဥပဒေအရ ထိုအခွန်များကို အနည်းဆုံး ၁၂ ဆအထိ တိုးကောက်နိုင်သော်လည်း အမှိုက်နှင့် အညစ်အကြေးခွန်မှ ပြန်လည် ရရှိသော ဝင်ငွေအပေါ် မူတည်ပြီး
လုပ်ဆောင်သွားမည်ဟု ဦးမင်းကျော်လွင်က ဆိုသည်။

ယင်း ဥပဒေ အတည်မပြုခင်က ထိုအခွန်များ ကောက်ခံရာတွင် တစ်အိမ်ထောင်လျှင် တစ်နေ့ အနည်းဆုံး ၈ ကျပ်မှ ၁၅ ကျပ်အထိသာ ကောက်ခံနိုင်သဖြင့် အခွန်များစွာ နစ်နာခဲ့ရသည်ဟု ၎င်းက ပြောသည်။

“အခွန်တွေကိုတော့ ဥပဒေအရ သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်း တိုးကောက်သွားဖို့ ရှိတယ်၊ တချို့မြို့နယ်တွေဆိုရင် စမ်းပြီး ကောက်နေတာတော့ ရှိတယ်”ဟု မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ဆိုသည်။

ထိုသို့ ကောက်ခံရာတွင် ဥပဒေအရ ပစ္စည်းခွန် တစ်နှစ်စံငှားရမ်းခ တန်ဖိုးအပေါ်မူတည်၍ အဆောက်အဦ အမျိုးအစားအလိုက် အမြင့်ဆုံးကျပ် သိန်း ၅၀ မှ အနိမ့်ဆုံး နှုန်းထား ကျပ် ၂၅၀၀ အထိ ကောက်ခံနိုင်ကြောင်း ၎င်းက ပြောသည်။
အမြင့်ဆုံးနှုန်းထားမှာ RC ခြောက်ထပ်နှင့် အထက် အဆောက်အအုံများပါဝင်နေပြီး၊ အနိမ့်ဆုံးနှုန်းထားတွင် ထရံကာ ဖက်မိုးတစ်ထပ် အဆောက်အုံများ ပါဝင်သည်။

ထရံကာ ဖက်မိုး တစ်ထပ်လျှင် အမြင့်ဆုံးကျပ် ၁၅၀၀၀ မှ အနိမ့်ဆုံး ကျပ် ၂၅၀၀ အထိလည်ကောင်း၊ ထရံကာ သွပ်မိုး တစ်ထပ်လျှင် အမြင့်ဆုံး ကျပ် ၂၀၀၀၀ မှ အနိမ့်ဆုံး ကျပ် ၅၀၀၀၊ RC နှစ်ထပ်ဖြစ်ပါက အမြင့်ဆုံး ကျပ် ၆ သိန်းမှ အနိမ့်ဆုံး ကျပ် ၃၀၀၀၀ အထိ တိုး မြှင့် ကောက်ခံနိုင်ကြောင်း ယင်းဥပဒေတွင် ဖော်ပြပါရှိသည်။

“အခွန်တွေ တိုးကောက်တာတော့ လုပ်သင့်တဲ့ ကိစ္စ တစ်ခုပါ၊ တိုးကောက်တယ်ဆိုပေမယ့် တိုးကောက်တာနဲ့ ညီမျှတဲ့ ဝန်ဆောင်မှုတော့ လိုအပ်ပါတယ်၊ ဝန်ဆောင်မှုကတော့ ပျက်သွားလို့ မရဘူး၊ ပိုကောင်းတဲ့ ဝန်ဆောင်မှုကိုတော့ ဆောင်ရွက်ပေးရမယ်”ဟု မော်လမြိုင်မြို့ခံ ကိုကြည်ဇော်လွင်က ဆိုသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်၌ အခွန်ရရှိမှုတွင် အမှိုက်နှင့် အညစ်အကြေးခွန်မှ ၉၃ ဒသမ ၂၄၀ သန်း၊ အဆောက်အဦနှင့် မြေခွန် မှ ၁၂၁ ဒသမ ၈၅၄ သန်း၊ လမ်းမီးခွန် မှ ၅၇ ဒသမ ၄၀၈ သန်း၊ ရေခွန် မှ ၂၉ ဒသမ ၃၂၄ သန်း၊ စုစုပေါင်း ၃၀၁ ဒသမ ၈၂၆ သန်း သာ ရရှိခဲ့ကြောင်း ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ မှတ်တမ်းများအရ သိရသည်။

မွန်ပြည်နယ် စည်ပင်သာယာရေးဆိုင်ရာ အခွန်အခ၊ အကောက်များ ဥပဒေမှာ ၂၀၁၇ ဒီဇင်ဘာ ၂၂ ရက်တွင် ပြည်နယ် လွှတ်တော်၌ အတည်ပြုထားသော ဥပဒေ တစ်ရပ် ဖြစ်သည်။

ဗဟိန်း

Leave a Reply