“မြန်မြန်လာကြတော့ ကားက ထွက်တော့မယ်။ မြန်မြန်လာကြ ဒုက္ခရောက်လိမ့်မယ်“ အထုပ်ကိုယ်စီဆွဲလာကြတော့ အမျိုးသမီးအုပ်စုထဲမှ မိန်းမကြီးတစ်ဦး၏ နှိုးဆော်အော်ဟစ်သံက အမှိုက်သိမ်းယာဉ်ဆီမှ ထွက်ပေါ်လာသည့် ခေါင်းလောင်းသံနှင့် အပြိုင်စူးရှစွာထွက်ပေါ်လာသည်။

    မော်လမြိုင်မြို့၏ ရပ်ကွက်အသီးသီးမှ မိသားစုသုံးအမှိုက်များ၊ မီးဖိုချောင်သုံးစွန့်ပစ်ပစ္စည်းများအတွက် မြို့စည်ပင်သာယာရေးကော်မတီမှ အမှိုက်သိမ်းယာဉ် (Dump Truck) ကိုးစီးအပါအဝင် (Garbage truck တစ်စီး၊ Tractor တစ်စီးနှင့် အခြားအမျိုးအစားအမှိုက်သိမ်းယာဉ်များဖြင့် လိုက်လံသိမ်းဆည်းလျှက်ရှိသည်။ မြို့ပေါ်တွင် ၂၉ ရပ်ကွက်ရှိသော်လည်း ၂၃ ရပ်ကွက်သာ အမှိုက်သိမ်းနိုင်သေးကြောင်းနှင့် မော်လမြိုင်မြို့၏ လူဦးရေမှာ ၂၁၇,၇၄၅ ဦးရှိခြင်းကြောင့် လူတစ်ဦးလျှင် တစ်နေပတာအမှိုက်စွန့်ပစ်မှုနှုန်း ဝ ဒသမ ၅၅ ကီလိုဂရမ်ဖြင့်တွက်သော် မြို့၏ တစ်နေတာအမှိုက်စွန့်ပစ်မှုမှာ တန် ၁၂ဝ မှ ၁၅ဝ ကြားရှိသော်လည်း စည်ပင်အနေဖြင့် တန် ၆ဝ သာသိမ်းနိုင်သေးကြောင်း မြို့တော်စည်ပင်သာယာရေးအဖွဲ့၏ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သိန်းက ပြောသည်။

    “ဒါတွေကို နိုင်အောင်သိမ်းမယ်။ ကားသစ်တွေရောက်လာရင် အားလုံးသိမ်းနိုင်မှာပါ“ ဟု သူကပြောသည်။ ပြည်သူများအနေဖြင့် အမှိုက်သိမ်းယာဉ်နောက်ကျပါက စမ်းသပ်ကာလဖြစ်သည့်အတွက် သည်းခံပေးကြပါရန် စည်ပင်က မေတ္တာရပ်ခံထားသည်။ မော်တော်ယာဉ်ဖြင့် သိမ်းသော စနစ်တွင် လတ်တလောအားနည်းချက်မှာ လူဦးရေထူထပ်သော ဆင်ခြေဖုံးရပ်ကွက်တချို့၏ လမ်းများအတွင်းသို့ အမှိုက်ကားဝင်မရခြင်းဖြစ်ကြောင်း အဆိုပါလမ်းများ၌ နေထိုင်သူများအတွက် အခက်အခဲများဖြစ်နေခြင်းပင်ဖြစ်သည်။

    မရမ်းကုန်းရပ်ကွက်မှ ဒေါ်ကြည်မြင့်က“ အမှိုက်ကားလာပြီဆိုတာနဲ့ အမှိုက်ကားအသံကြားတာနဲ့ လုပ်လက်စအလုပ်တွေချထားပြီး အမြန်ပြေးရတယ်။ ဒီလိုမှ မလုပ်ရင် အမှိုက်ကားမမီမှာလည်း ကြောက်ရသေး“ ဟု လှိုက်ရပ်ကွက်မှ ဒေါ်သန်းသန်းအေးက အမှိုက်ပစ်ရခြင်း၏ တစ်စိတ်တစ်ပိုင်း၏ဒုက္ခကို ပြောပါသည်။ အဆိုပါ ရပ်ကွက်များအတွက် နေ့စဉ်အမှိုက်ကားစောင့်၍ အမှိုက်ပစ်ရခြင်းမှာ မလုပ်မဖြစ်တာဝန်တစ်ရပ်ဖြစ်သည်။

    “စည်ပင်လုပ်နေတဲ့ ပုံစံက ကျွန်တော်တို့လို လမ်းကြိုလမ်းကြားက ထူတွေဘယ်သူမှ အမှိုက်မပစ်ရဘူး“ ဟုလည်း လှိုင်ရပ်ကွက်မှ ကိုသိန်းဇော်က ဝေဖန်လိုက်သည်။

    အဆိုပါပြဿနာများအတွက်   စည်းပင်သာယာအဖွဲ့ဒုတိယညွှန်ကြားရေမှူးဦးမြင့်သိန်းက“ ကျွန်တော်တို့ ဝင်လို့ရတဲ့ လမ်းတွေကို ပြန်စစ်နေတယ်။ ဟိုတုန်းက ဝင်မရတဲ့လမ်းတွေဆို မဝင်ခဲ့ဘူး။ တစ်ပါတ်လောက်ဆိုရင် နည်းနည်းအထိုင်ကျလာမယ်လို့ ထင်ပါတယ်“ ဟု ပြောသည်။ အမှိုက်သိမ်းယာဉ်သည် မိသားစုမီးဖိုချောင်သုံးစွန့်ပစ်ပစ္စည်းများအတွက်သာဖြစ်ပြီး အခြားအမှိုက်များဖြစ်သော သစ်တုံး၊ သစ်ပင်၊ သစ်ကိုင်းများ၊ အိမ်တွင်းအသုံးအဆောင်အကြီးစားစွန့်ပစ်ပစ္စည်းများအတွက်မူ စည်ပင်ဌာနသို့ ဖုန်းဆက်၍ အကြောင်းကြားနိုင်ကြောင်းသိရသည်။

    “ကျွန်တော်ဒီမှာနေလာတာ နှစ်ငါးဆယ်လောက်ရှိပါပြီ ကျွန်တော်တို့လမ်းကို စည်ပင်အမှိုက်သိမ်းဖို့ တစ်ခါမှမလာဘူး“ ဟု ရွှေပြည်အေးရပ်ကွက်နေသူဦးရဲညွှန်ထံမှ သိရသည်။ လှိုင်ရပ်ကွက်အပါအဝင် မြို့ပေါ်မှာ အခြားရပ်ကွက်နှစ်ခုမှာလည်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် အမှိုက်သိမ်းနေရကြောင်းသိရသည်။ အမှိုက်သိမ်းယာဉ်များအနေဖြင့်လည်း မြို့ပေါ်မှာ လမ်းပေါင်း ၅၉၃ လမ်း အနက် ၄၆ လမ်းသာဝင်သိမ်းနိုင်သေးကြောင်း စည်ပင်က ဝန်ခံထားသည်။

    မော်လမြိုင်ယာဉ်ဖြင့် အမှိုက်သိမ်းသောစနစ်၏ နောက်ထပ်အားနည်းချက်တစ်ရပ်မှာ အမှိုက်ကားလာသောအချိန်တွင် လူမရှိသော အိမ်အတွက် အမှိုက်ပစ်ခွင့်မရခြင်းဖြစ်ကြောင်း မြို့တော်သာယာလှပရေးအတွက်  အမှိုက်သိမ်းယာဉ်ဖြင့် မပစ်လိုက်ရသူများအတွက် အမှိုက်ပစ်နိုင်သော နေရာများဖန်တီးပေါ်ရန်လိုအပ်ကြောင်း မြို့မိမြို့ဖဦးမောင်မောင်ဇော်ထွန်းက ဝေဖန်သုံးသပ်ထားသည်။

    ယခုနှစ်အတွက် ရပ်ကွက်များအတွင်း အမှိုက်သိမ်းနိုင်ရန် ပြည်နယ်အစိုးရ၏ ဘတ်ဂျက်ငွေဖြင့် အမှိုက်သိမ်းယာဉ် dump truck ၅ စီး၊ garbage truck ၁၅ စီး၊ Dozer တစ်စီးနှင့် Loader တစ်စီးတို့ ဝယ်ယူအားဖြည့်ထားပြီးဖြစ်သည်။ စည်ပင်ယာသာရေးအဖွဲ့သည် ကောက်ခံရရှိသော အခွန်ငွေများကို တိုက်ရိုက်သုံးစွဲခွင့်မရှိသည့်အတွက် ဝန်ဆောင်မှုလုပ်ငန်းများတွင် အားနည်းချက်များရှိနေကြောင်းနှင့် စည်ပင်ဥပဒေအရ ရရှိသော ဝင်ငွေ၏ ၃ဝ ရာခိုင်နှုန်းကို ဝန်ထမ်းများအတွက် အသုံးပြုရမည်ဖြစ်ပြီး၊ ကျန် ၇ဝ ရာခိုင်နှုန်းကို ဝန်ဆောင်မှုလုပ်ငန်းများတွင် သုံးစွဲရမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ဒုသိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။

    စည်ပင်သည်ရရှိသော ငွေများကို ပြည်နယ်အစိုးရသို့ အပ်နှံရပြီး ပြည်နုယ်အစိုးရမှ ပြန်လည်ခွဲဝေပေးသည့် ဘတ်ဂျက်ကိုသာ သုံးစွဲခွင့်ရှိသည်။

    ရေမြောင်းများအတွင်း အမှိုက်များပိတ်ဆို့ကာ ရေလျှံမှုများ ဖြစ်ပေါ်နေခြင်းအတွက်လည်း “စည်ပင်က ဒီမှာရှိတဲ့မြောင်းတွေကို တစ်ခါမှ ဝင်မကြည့်ဘူး။ ကိုယ့်အိမ်ရှေ့မြောင်းကိုယ်ဖော်ကြရတယ်“ ဟု ရွှေပြည်အေးရပ်ကွက်မှ ဦးရဲညွှန်က ပြောသည့်အချက်ကို စည်ပင်မှ ဒုညွှန်မှူး ဦးမြင့်သိန်းက “မြောင်းတွေက အဖုံးမရှိတော့ လူတွေက အမှိုက်ပစ်နေကြတာဖြစ်တယ်။ မြောင်းထဲကို အမှိုက်မပစ်ဖို့လိုတယ်“ ဟု ပြန်လည်ချေပသည်။

    မြို့တော်တစ်ခွင်အမှိုက်ကင်းစင်ရေးအတွက် သံလွင်မြစ်ကမ်းစပ်မှ အမှိုက်များကို ဆယ်ယူသွားမည့်အပြင် ချောင်းမြောင်းများမှ အမှိုက်များကိုလည်း လစဉ်ဆယ်ယူသွားမည်ဖြစ်ကြောင်းသိရသည်။ ထို့အပြင် လူအများသွားလာသော (Public area) နေရာများတွင် အလွယ်တကူအမှုက်စွန့်ပစ်နိုင်ရန် အမှိုက်ပုံးများ ထားရှိရန်လိုအပ်သော်လည်း မော်လမြိုင်ကမ်းနားတွင်သာ တွေ့ရပြီး ရပ်ကွက်များအတွင်း၌ အမှိုက်ပုံးစနစ် မရှိသေးချေ။

    “မော်လမြိုင်ကမ်းနားမှာပဲ အမှိုက်ပုံးတွေထားတယ်။ မြို့ပေါ်ရပ်ကွက်တွေထဲ အမှိုက်ပစ်ဖို့လိုက်ရှာကြည့်လည်း ပစ်စရာအမှိုက်ပုံးမရှိဘူး“ ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ကိုမျိုးမင်းက ပြောသည်။ ထားဝယ်မြို့တွင် လူနေအိမ်ခြေရှိသည့် နေရာများ၌ အမှိုက်ပုံးရှိနေသည့်အတွက် ယင်းကို အရေးယူလုပ်ဆောင်သင့်ကြောင်း သူက အကြံပြုပါသည်။ မော်လမြိုင်တစ်မြို့လုံးအတွက် အမှိုက်သိမ်းယာဉ် စနစ်တစ်ခုတည်းအပေါ်၌ အားကိုးမနေဘဲ အိမ်ရှေ့တိုင်း၌ အမှိုက်ပုံးကြီးများထားပေးရန် လိုအပ်ကြောင်း အကြံပြုသူများလည်းရှိသည်။

    မည်သို့ပင်ဆိုစေကာမူ မော်လမြိုင်ကဲ့သို့ ပြည်နယ်မြို့တော်ကြီးအတွက် အမှိုက်သိမ်းစနစ်မှာ မော်တော်ယာဉ်တစ်မျိုးတည်းဖြင့် မလုံလောက်သည်ပါ သေချာပါသည်။ ထိုကြောင့် ပြည်နယ်အစိုးရနှင့် စည်ပင်သာယာရေးအဖွဲ့တို့ကလည်း ခေတ်မီနည်းစနစ်များဖြင့် တိုးချဲ့လုပ်ဆောင်သွားရန်လိုအပ်သကဲ့သို့ ပြည်သူများကလည်း စနစ်တကျစွန့်ပစ်ခြင်းဖြင့် ပူးပေါင်းပါဝင်မှသာ မြို့တော်အင်္ဂါရပ်နှင့် ပြည့်စုံပေလိမ့်မည်။

    မည်သည့်စနစ်မဆို ပြည်သူလူထုပူးပေါင်းပါဝင်မှသာ အဆုံးပန်းတိုင်သို့ ရောက်စမြဲဖြစ်သည်။ မိမိ၏ စွန်ပစ်အမှိုက်သည် မိမိတွင်တာဝန်ရှိသည်ဟု တာဝန်ယူတတ်ကြပါမူ—–၊၊

Written by – ဇော်ထိုက်

Leave a Reply