မော်လမြိုင် စည်ပင်သာ ယာ ရုံးရှေ့တွင် အမှိုက် ထုပ် လာရောက် ပုံ သွားခဲ့သည်။ ပုံထားသော အမှိုက် ထုပ်တွင် အမည် ၊ နေရပ်လိပ်စာ ၊တယ်လီဖုန်းနံပါတ် များ အတိအကျ ရေးသားခဲ့လေသည်။

truck

ထိုသူ ကား မော်လမြိုင်မြို့၊ ကျိုက်ဖနဲရပ်ကွက်၊ ထန်းပင်ကုန်းရပ်ရှိ သုတလမ်းတွင် နေထိုင်လျက်ရှိသော ဦးဟိန်းမိုးဦး ဖြစ်သည်။

စည်ပင်သာယာရေးအဖွဲ့က မြို့လူထုအတွက် အမှိုက်သိမ်းပေးသည့် ဝန်ဆောင်မှုကို အပြည့်အဝ လုပ်ဆောင်ပေးရန် စည်ပင်ရုံးအရှေ့ အမှိုက်စွန့်ပစ်သည့် ကမ်ပိန်းတစ်ခု အနေနှင့် ၎င်း ကလုပ်ဆောင် ခဲ့ခြင်း လည်း ဖြစ်သည်။

ဦးဟိန်းမိုးဦးသည် ၎င်းနေအိမ်မှ အမှိုက်များကို မော်လမြိုင်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ရုံးအရှေ့တွင် ဇူလိုင် ၂၄ ရက် နံနက် ၁၀ နာရီက အမှိုက်များကို သွားရောက်စွန့်ပစ်ခဲ့သည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့ရှိ စည်ပင်သာယာပိုင်လမ်း၌ အမှိုက်လာစွန့်ပစ်ပြီးနောက် ၎င်းနေထိုင်ရာ နေရပ်လိပ်စာနှင့် ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်များကို အညိုရောင် ကတ်ထူပါတင်ပြားပေါ်တွင် ရေးသားခဲ့ပြီး ယင်းစည်ပင်သာယာရေးအဖွဲ့ ခြံစည်းရိုးတွင် ချိတ်ဆွဲထားခဲ့သည်။

စည်ပင်သာယာရေးအဖွဲ့မှ ဒေသခံလူထု၏ လိုအပ်ချက်ကို တောင်းဆိုမှုများအပေါ် အလေးမထားခြင်းကြောင့် ထိုကိစ္စရပ်များအား ဖြေရှင်းပေးနိုင်သော အုပ်ချုပ်ရေးအာဏာပိုင်များ သိရှိစေ၍ ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်ကာ စည်ပင်သာယာရုံးအရှေ့ အမှိုက်လာစွန့်ပစ်ခဲ့သည့် ဦးဟိန်းမိုးဦး ၏ လုပ်ဆောင်ချက်များကို လူမှုကွန်ရက် (Facebook) စာမျက်နှာများတွင် လူကြိုက်များခဲ့ပြီး ဦးဟိန်းမိုးဦး အား ထောက်ခံခဲ့သူများလည်း များပြားခဲ့သည်။

ထိုသို့လုပ်ဆောင်ခဲ့ခြင်းသည် စည်းကမ်းမဲ့အမှိုက်စွန့်ခြင်း ကိစ္စရပ်ဖြစ်၍ တွေ့ဆုံဆွေးနွေးလိုသည်ဟုဆိုကာ သြဂုတ်လ ၂ ရက်နေ့တွင် မော်မြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးသို့ မပျက်မကွက် လာရောက်ရန် ဦးဟိန်းမိုးဦးကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမြင့်သိ်န်းက အကြောင်းကြားစာ ပေးပို့ခဲ့သည်။

ထိုအကြောင်းကြားစာကြောင့် ဦးဟိန်းမိုးဦးသည် သြဂုတ် ၂ ရက်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့ သွားရောက် တွေ့ဆုံစဉ် စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့ အမှိုက်စွန့်ပစ်မှုနှင့် ပတ်သက်၍ ထိုသို့နောက်နောင် မလုပ်ရန် ခံဝန်ကတိထိုးပေးခြင်းနှင့် ဒဏ်ငွေပေးဆောင်စေခြင်း စသည့်ပြစ်ဒဏ်တစ်ခုခုကို ရွေးချယ်စေခိုင်း၍ မွန်ပြည်နယ် စည်ပင်သာယာရေး ဥပဒေ၏ ပြဋ္ဌာန်းချက်များတွင် ဝန်ခံလက်မှတ်ထိုးခြင်းကို ပြဋ္ဌာန်းမှုမရှိသဖြင့် ဒဏ်ငွေဆောင်ခြင်းကို ရွေးချယ်လိုက်ကြောင်း ဦးဟိန်းမိုးဦးက ရှင်းပြသည်။

ထိုရွေးချယ်မှုကြောင့် မွန်ပြည်နယ် စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၆၄ (ဃ) အရ ဒဏ်ငွေတစ်သိန်းကျပ် ပေးဆောင်ရမည်ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း အမှိုက်လာစွန့်ပစ်သူ ဦးဟိန်းမိုးဦးက ပြောသည်။

လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီးနောက် သြဂုတ် ၄ ရက်တွင် ဦးဟိန်းမိုးဦးနှင့် မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး နှစ်ဦးနှစ်ဖက် အခက်အခဲများကို ရှင်းပြခဲ့ပြီးချိန်တွင် ဦးဟိန်းမိုးဦးကို မွန်ပြည်နယ် စည်ပင်သာယာရေးဥပဒေဖြင့် ဒဏ်ငွေရိုက်သည့် အရေးယူမှု မပြုလုပ်တော့သည်အပြင် ခံဝန်လက်မှတ်လည်း ထိုးခိုင်းခြင်းများကို မပြုလုပ်တော့ပေ။

“သူ့ကို ကျွန်တော်တို့က ဥပဒေအရ ပထမအကြိမ်ဒဏ်ငွေတို့ နောက်ဆက်လုပ်မယ်ဆိုရင် တရားစွဲတာတွေ ရှိတယ်၊ စသဖြင့်ပေါ့ ပြောပြခဲ့တာပဲရှိတာပေါ့၊ အတင်းအကျပ်ကြီး သူကိုဒဏ်ရိုက်ဖို့ခေါ်ပြောတာ မဟုတ်ဘူး၊ ခေါ်ပြီးရှင်းပြပြောဆိုတယ် သူကလည်း နောက်မလုပ်တော့ပါဘူးဆိုတော့ ဒဏ်ရိုက်စရာလည်း မလိုတော့ဘူးလေ”ဟု မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမြင့်သိ်န်းက ဆိုသည်။

မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ အဓိက အခက်အခဲသည် အမှိုက်သိမ်းယာဉ် မလုံလောက်ခြင်း၊ ဝန်ထမ်းအင်အား မလုံလောက်ခြင်းနှင့် အမှိုက်မှရရှိသည့် အခွန်ငွေမှာ အလွန်နည်းနေကြောင်းလည်း ဦးမြင့်သိန်း က စည်ပင်သာယာ၏ အခက်အခဲကို ရှင်းပြသည်။

ထိုအခက်အခဲများကြောင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံရှိသည့် အမှိုက်သိမ်းယာဉ် ၁၁ စီးဖြင့်သာ မြို့ပေါ်ရပ်ကွက် ၂၅ ရက်ကွက်တွင် အလှည့်ကျစနစ်ဖြင့် အမှိုက်သိမ်းဆည်းနေရပြီး ထိုရပ်ကွက်များတွင်လည်း အချက်အချာကျသည့် အဓိကလမ်းများကိုသာ အမှိုက်သိမ်းဆည်းနိုင်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

မော်လမြိုင်တွင် အမှိုက်အခွန်မှ နှစ်စဉ်ရရှိသောငွေသည် သိန်း ၂၀ဝ ကျော်သာရှိနေပြီး အမှိုက်သိမ်းဆည်းမှုတွင် ပြန်လည်ကုန်ကျသည့် ငွေကြေးသည် နှစ်စဉ်သိန်း ၁၇၀ဝ ကျော်ရှိနေခြင်းကြောင့် လိုအပ်သည့် ငွေကြေးများကို စည်ပင်သာယာ၏ အခြားသော အခွန်ငွေကြေးမှ သုံးစွဲနေရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
မြို့ပေါ်ရပ်ကွက်များတွင် စည်ပင်အမှိုက်သိမ်းယာဉ်ဖြင့် အမှိုက်မသိမ်းပေးနိုင်သေးသည့် ရပ်ကွက်များတွင် သာယာအေး၊ ငန်းတေး၊ ညောင်ပင်ဆိပ်၊ ဇေယျာမြိုင်၊ ကျောက်တန်းရပ်ကွက်များ ပါဝင်နေသည်။

မော်လမြိုင်မြို့မှ မြိုင်သာယာရပ်ကွက်နှင့် ဖားအောက်ရပ်ကွက်တွင် ၎င်းရပ်ကွက်ဒေသခံများက ပုဂ္ဂလိက ကိုယ်ပိုင် အမှိုက်သိမ်းယာဉ်များဖြင့် အမှိုက်သိမ်းဝန်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိနေပြီး ကိုယ်ပိုင် ပုဂ္ဂလိက အမှိုက်သိမ်းယာဉ်ဖြင့် အမှိုက်သိမ်းဆည်းရန် လှိုင်ရပ်ကွက်ဒေသခံများက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံ ခွင့်ပြုချက်တောင်းခံထားမှုများလည်းရှိနေကြောင်း ဦးမြင့်သိန်းက ဆိုသည်။

မော်လမြိုင်မြို့ထဲတွင် အမှိုက်စွန့်ပစ်က ဒဏ်ငွေ ၅၀ဝ၀ဝ ကျပ် ဆိုသည့် ဆိုင်းဘုတ်နီများသည်လည်း လမ်းဘေး အမှိုက်ပုံများရှိရာ နေရာများတွင် ချိတ်ဆွဲထားမှုများရှိ နေသည်။

အမှိုက်သိမ်းယာဉ်များ မလာရောက်နိုင်သည့် လှိုင်ဈေး-ဘဲကုန်းလမ်းရှိ ဘဲကုန်းချောင်းတွင် ရပ်ကွက်လူထု စွန့်ပစ်အမှိုက်များကြောင့် ရေချောင်းအသွင်မှ အဖြူရောင် ပလပ်စတစ် အမှိုက်ချောင်းအဖြစ် ပြောင်းလဲနေပြီ ဖြစ်သည်။

မော်လမြိုင်သံလွင်မြစ်ရေ တက်လာချိ်န်တွင်လည်း အမှိုက်များကို လွယ်လင့်တကူ စွန့်ပစ်နေကြခြင်းကြောင့် ပလပ်စတစ်ဖော့များသည် သစ်ပင်များရှိရာ ကမ်းနားဘေးတွင် ဖြူဖွေးနေသည်ကို တွေ့မြင်ကြရမည်။

အမှိုက်သိမ်းယာဉ် ၁၁ စီးမှ နေ့စဉ်အမှိုက်သိမ်းဆည်းမှုမှ အမှိုက်တန်ချိန် ၇၀ ထွက်ရှိကြောင်း ဦးမြင့်သိန်းက ဆိုသည်။

ဦးဟိန်းမိုးဦးဟူ ဆိုသော လူငယ်တစ်ဦးက မော်လမြိုင်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ရုံးအရှေ့တွင် သွားရောက် ပစ်ခဲ့သည်။

မော်လမြိုင် မြို့ တွင်အမှိုက်သိမ်းစနစ် အသေအချာ ဆောင်ရွက် ပေးရန် လိုအပ် နေကြောင်း ကမ်ပိန်း တစ်ခု အနေနှင့် ပြသခဲ့သည်။
မော်လမြိုင် မြို့ အမှိုက်သိမ်းကားများ အရေ အတွက်နှင့် အမှိုက်သိမ်း စနစ် သည်ကား ထူး ခြားမလာသေးပေ။

Leave a Reply