Advertisements

မော်လမြိုင်၊ ဒီဇင်ဘာ

မော်လမြိုင်မြို့နယ်မှ ထွက်ရှိသည့် အမှိုက်များ စွန့်ပစ်ရာ ခြောက်မိုင် အမှိုက်ပုံမှ ထွက်ပေါ်လာသော အနံ့ဆိုးများကို ထိန်းချုပ်ရန်အတွက် အစီအစဉ် တစ်ရပ် ရေးဆွဲသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင်က ပြောကြားသည်။

ဒီဇင်ဘာ ၄ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ်မွန်ပြည်နယ် လွှတ်တော်၊ အဌမ ပုံမှန် အစည်းအဝေး၌ ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က မင်းရွာကျေးရွာရှိ ခြောက်မိုင်အမှိုက်ပုံသို့ အဝင်လမ်းကို ကျောက်ချောလမ်းဖြစ်စေ၊ ကတ္တရာလမ်းဖြစ်စေ ခင်းပေးရန် အစီအစဉ်ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဝန်ကြီးက ယင်းသို့ ဖြေကြားခဲ့ခြင်းလည်းဖြစ်သည်။

ယင်းသို့ စီမံချက် တစ်ရပ် ရေးဆွဲနိုင်ရန် နိုင်ငံခြား ကုမ္ပဏီအချို့ကို ခေါ်ယူတွေ့ဆုံမှုများ ပြုလုပ်ထားပြီးဖြစ်ရာ အမြန်ဆုံး လာရောက်ဖို့အတွက်လည်း မွန်ပြည်နယ်ဝန်ကြီးချုပ် နှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

“ဆိုးဝါးတဲ့ အနံ့အတွက် ကျွန်တော်တို့ ပြည်နယ် အစိုးရက call တွေ ခေါ်ထားတယ်။ call ခေါ်ပြီးရင်တော့ စီမံချက် ရေးဆွဲပြီး အကောင်အထည် ဖော်သွားမယ်”ဟု ဝန်ကြီးက ဆိုသည်။

အမှိုက်ဖျက်ဆီး စက်ရုံ တည်ဆောက်ပြီးပါက ယခုထွက်ရှိနေသည့် စွန့်ပစ်အမှိုက်အနံ့ဆိုးများကို ထိန်းချုပ်နိုင်မည်ဖြစ်သည့်အပြင် တစ်နေ့လျှင် အမှိုက်တန်ချိန် ၁၅၀ ကျော်အထိ ဖျက်ဆီးသွားဖို့ ရှိကြောင်းလည်း ၎င်းက ထပ်လောင်းပြောဆိုသည်။

ယင်းနှင့် တစ်ဆက်တည်း၌ ခြောက်မိုင် အမှိုက်ပုံ အဝင်လမ်းကိုလည်း ဘတ်ဂျက်ငွေ ကျပ် ၆၆ ဒသမ ၄၈ သန်း အကုန်ကျခံပြီး ကွန်ကရစ်လမ်း တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

မေးခွန်းရှင် ဒေါ်ခင်းမျိုးမြင့်က “မော်လမြိုင်- ကျိုက်မရောဘေးက ခြောက်မိုင်အမှိုက်ပုံရဲ့ အနံ့ဆိုးဟာဆိုရင် ဆိုင်ကယ်၊ကားနဲ့ ခေတ္တခဏ ဖြတ်သွားတာနဲ့ ဆိုးဝါးတဲ့ အနံ့တွေကို ခံစားနေရတယ်”ဟု ဆိုသည်။

ထိုလမ်းသည် ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များ ဖြတ်သန်းသွားလာနေရာဖြစ်သည့်အတွက် စွန့်ပစ် အမှိုက်များ၏ အနံံ့ဆိုးကို စနစ်တကျ လုပ်ဆောင်သွားဖို့ လိုကြောင်း ဒေါ်ခင်မျိုးမြင့်က ထောက်ပြ ဆွေးနွေးခဲ့သည်။

ယခုအခါ မော်လမြိုင်မြို့တွင် တစ်နေ့လျှင် အမှိုက် တန်ချိန် ၁၂၀ ကျော် ထွက်ရှိနေပြီ အမှိုက်တန်ချိန် ၆၀ ကိုသာ သိမ်းဆည်းနိုင်သေးကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဝန်ခံထားသည်။

Written by ဇော်ထိုက်

Advertisements
<

Leave a Reply