ခင်နှင်းဝေ /Myanmar Now

ငွေကျပ် ၂၆သိန်းကျော်ကို အမှုသည်ထံမှ တောင်းယူခဲ့သည့် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် အမှတ်(၃)နယ်မြေရဲစခန်းမှူးနှင့် အမှုစစ်တို့ကို ယနေ့ဇွန်လ၁၄ရက်နေ့တွင် အမှုဖွင့်အရေးယူကာ ဖမ်းဆီးလိုက်သည်ဟု အဂတိတိုက်ဖျက်ရေး ကော်မရှင်ထံမှ သိရသည်။

“မတရားလည်းဖမ်းဆီးခံရတယ်၊ ညှဉ်းပန်းနှိပ်စက်ပြီး ပိုက်ဆံတောင်းတယ်ဆိုပြီး ကျွန်တော်တို့ဆီကို တိုင်ကြားလာတဲ့အတွက် သွားရောက်စစ်ဆေးတဲ့အခါမှာ ပေါ်ပေါက်လို့ အမှတ်၃နယ်မြေရဲစခန်းမှာ အမှုဖွင့်ခဲ့တယ်”ဟု အဂတိတိုက်ဖျက်ရေးကော်မရှင် မှညွှန်ကြားရေးမှူး ဦးကျော်စိုးကပြောသည်။

၎င်းတို့သည် ပုဒ်မ ၄၂၀ အရ ဖွင့်လှစ်သည့်အမှုအတွက် ရဲစခန်းအာမခံ ရရှိရန် ငွေကျပ် တစ်သိန်းငါးသောင်း၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဂ)အရ ဖွင့်လှစ်သည့် အမှုအတွက် အာမခံ ရရှိရန် ငွေကျပ် ၂၅ သိန်း၊ စုစုပေါင်း ငွေကျပ် ၂၆သိန်းကျော်ကို အမှုသည်ထံမှ တောင်းယူခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ အမှတ်၃ရဲစခန်းမှူးသိန်းနိုင်၊ ရဲအုပ်ကျော်သူ၊ ဒုရဲအုပ်ကျော်ဇောလင်းတို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေရဲစခန်းတွင် အမှုဖွင့်ခဲ့ကာ ဖမ်းဆီးထိန်းသိမ်းထားသည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံမှ သိရသည်။

Leave a Reply