အသက် ၁၇ နှစ်ဆိုသော အသက်အရွယ် သည်ကား တက်ကြွဖျတ်လတ်နေချိန် ဖြစ်သည် ။ သူမ အဖို့တော့ တက်တက်ကြွကြွမရှိလှ ။မျက်မှောင်ကုပ် ထားပြီး တစ်စုံ တစ်ခုကို မကျေနပ်သလို ၊ ဝမ်းနည်းနေသလို ဟန် ဖြင့် ငေးငိုင်နေသည်။ night-more

မသူဇာ(အမည်လွဲ)သည် လွန်ခဲ့သော ၂၅ ရက်တာ ကာလ အတွင်း သူမ မထင်မှတ်ထားသော အဖြစ်အပျက် နှစ် ခု ကြုံခဲ့ရကြောင်း ပြောပြသည်။ သူမ အဓမ္မပြုကျင့်ခံခဲ့ရသည် ။ထို့ပြင် အမျိုးသမီးများ ဖြင့်ဖျော်ဖြေပေး နေသော KTV တစ်ခု တွင် အဓမ္မ ခိုင်းစေခံ ခဲ့ရကြောင်း သူမ က ပြန်ပြောင်း ပြောပြသည်။

“မော်လမြိုင်ဆိုတာ ဘယ်နေရာလဲ ကျွန်မ မသိဘူး၊ ကြိုးတံတားဆိုတာ ဘယ်နေရာလဲ ကျွန်မ မသိဘူး၊ ကျွန်မ ရောက်တဲ့ဆိုင်က ဘယ်နေရာမှာရှိလဲ ကျွန်မ မသိဘူး” ဟု စကားလုံး မပီတပီ၊ လေသံ မထွက်တထွက်နဲ့ ပြောဆို နေချိန်မှာ သူမ၏ မျက်လုံးများ နီမြန်းလာသည်။

ထိုအချိန်တွင် သူမ စကားပြောခြင်း ကို ခေတ္တ ရပ်လိုက်ပြီး မျက်နှာကို ဘေးတစ်ဖက်သို့ အနည်းငယ် လှည့်လိုက် တော့သည်။ သူမရဲ့ဘေးနားမှာ မျက်နှာညှိုးနွမ်းစွာ မသက်မသာ ထိုင်နေသော အမေအိုတစ်ဦးလည်း ပါသည်။

သူမ ပန်းရောင်း ခြင်း အလုပ်ကို လုပ်ကိုင်နေစဉ် အသက် ၃၅ နှစ်အရွယ် အမျိုးသားက ထိုအမျိုးသမီးငယ်ကို သားမယားအဖြစ် အဓမ္မ ပြု ကျင့်ခဲ့ပြီးနောက် မော်လမြိုင်မြို့၊ ဇေယျာမြိုင်ရပ်ကွက်ရှိ ရတနာထက် KTV ကာရာအိုကေ စားသောက် ဆိုင်သို့ ပို့ဆောင်၍ ခိုင်းစေခဲ့သည်။

အောက်တိုဘာလ ၁၀ရက် နေ့ နံနက်ပိုင်း တွင် သူမ ထိုဆိုင်မှ ပြန်လည် လွှတ်မြောက် လာသည် မှာ ၃ ရက် သာ ရှိသေး သည်။

မသူဇာ (အမည်လွဲ) သည် ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာအုပ်စုတွင် နေထိုင်ကာ မိသားစုဝင် ရှစ်ဦး၏ စားဝတ်နေရေးအတွက် နံနက်အရုဏ်တက်ချိန်မှာ တရနာဈေးထဲတွင် အောင်သပြေပန်းများ ရောင်းချ နေသူ ဖြစ်သည်။

ပန်းရောင်းရန် ထွက်သွားသော အမျိုးသမီးငယ်သည် ကျေးရွာမှ ၂၃ ရက်ကြာ ပျောက်သွားခဲ့ပြီး အောက်တိုဘာ ၇ ရက်နေ့ ညနေ ၃ နာရီက အမျိုးသမီးငယ်ရှိရာနေရာကို သတင်းရခဲ့သည်။

ထို့နေ့ည ၇ နာရီတွင် တရနာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာရပ်ကွက်မှူးများက မသူဇာ (အမည်လွဲ) ရှိရာ နေရာအား လိုက်လံစုံစမ်းခဲ့ရာမှ ဇေယျာမြိုင် ရပ်ကွက်ရှိ ရတနာထက် KTV ကာရာအိုကေ စားသောက်ဆိုင်၌ ရှိနေကြောင်း သိရှိသွားသဖြင့် ည ၁၁ နာရီက အမျိုးသမီးငယ်ကို ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း တရနာ ကျေးရွာ အုပ်ချုပ်ရေးမှူး မိသန်းဌေးက ပြောသည်။

အမျိုးသမီးငယ် ပျောက်ဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ တရနာကျေးရွာ အုပ်ချုပ်ရေးမှူးက တရနာနယ်မြေ ရဲစခန်းမှူး ထံ ဖုန်းဖြင့် အကြောင်းကြား တိုင်ကြားထားခဲ့ကြောင်းလည်း ၎င်းက ပြောပြသည်။

“ဖြစ်ပုံက ကျွန်မရဲတွေကိုလည်း ကျွန်မခေါ်မလာဘူး။ ကျွန်မက သူ့ကို ချက်ချင်းထုတ်လာမယ်လို့ ကျွန်မ မစဉ်းစားခဲ့ဘူး။ ထင်လည်း မထင်ထားခဲ့ဘူး။ ကျွန်မစုံစမ်းရုံပဲ စဉ်းစားထားတယ်”ဟု ၎င်းက ရှင်းပြသည်။

တရနာဈေးတွင် ပန်းရောင်းရန်အတွက် စက်တင်ဘာ ၁၄ ရက် နံနက် ၄ နာရီကျော်က နေအိမ်မှ လမ်းလျှောက် ထွက်လာသော အမျိုးသမီးငယ်မှာ ရွာလမ်းထိပ်အရောက်တွင် ဟိုက်ဂျက်ကားပေါ်က ယာဉ်မောင်း အမျိုးသားက ဓာတ်ဆီဆိုင် ဘယ်မှာရှိလဲဟု မေးမြန်းခဲ့ခြင်းကို လမ်းညွှန်ပြပေးခဲ့ပြီး တရနာဈေးဘက်သို့ ပန်းရောင်းရန် လမ်းဆက်လျှောက် နေခဲ့သည်။

ထိုအချိန်တွင် အမျိုးသမီးငယ် လမ်းညွှန်ပေးခဲ့သည့် ဟိုက်ဂျက်ကားမှာ အမျိုးသမီးငယ်အနောက်မှ လိုက်လာ၍ တရနာဈေးသို့ လိုက်ပို့ပေးမည်ဟု ပြောဆိုခဲ့ခြင်းကို အမျိုးသမီးငယ်က လက်မခံ ငြင်းဆိုလိုက်သောအခါ ဟိုက်ဂျက် ယာဉ်မောင်း အမျိုးသားက ကားပေါ်မှ ဆင်းလာကာ အမျိုးသမီးငယ်၏ ပန်းခြင်းတောင်းကို ကား၏ အနောက်ခန်းပေါ် ပစ်တင်လိုက်ပြီး အမျိုးသမီးငယ်ကို ကားယာဉ်ခေါင်းခန်းသို့ ဆွဲတင်ခေါ်ဆောင် သွားခဲ့ ကြောင်း အမျိုးသမီးငယ်က ရှင်းပြခဲ့သည်။

ထို့နောက် အမျိုးသမီးငယ်ကို ဟိုက်ဂျက်ကားဖြင့် တင်ဆောင်၍ တရနာကျေးရွာ ရွာရှောင်လမ်းမှ မော်လမြိုင်သို့ မောင်းနှင်လာပြီး ဘာဘူကုန်းကျေးရွာအလွန် ကားလမ်းဘေးတစ်နေရာတွင် သားမယားအဖြစ် အဓမ္မပြုကျင့် ခံလိုက်ရခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ စစ်ဆေးမှုအရ သိရသည်။

ထိုအချိန်မှ စတင်ကာ အမျိုးသမီးငယ်၏ဘဝ ပြောင်းလဲခဲ့ရချေသည်။
“နောက်မှနင့်ကို အလုပ်ရှာပေးမယ်လို့ ဟိုနေရာ ဒီနေရာ သူပြောပြတယ်၊ မကောင်းတဲ့နေရာတွေပေါ့။ ကျွန်မက အဲ့ဒီမကောင်းတဲ့ နေရာမှာ ကျွန်မ မသွားချင်ဘူး။ မလုပ်ချင်ဘူးလို့ ပြောတော့ သူက အဲဒီရတနာထက်ဆိုင်ကို သူလိုက်ပို့တယ်”ဟု အမျိုးသမီးငယ်က ပြောပြသည်။

တရနာကျေးရွာဈေးကလွဲ၍ မည်သည့်နေရာကိုမှ ရောက်ဖူးခဲ့ခြင်း မရှိသည့် အမျိုးသမီးငယ်မှာ ရတနာထက် စားသောက်ဆိုင်တွင် ညနေ ၆ နာရီမှ ည ၁ နာရီခွဲထိ စားပွဲထိုးအဖြစ် ဘီယာငှဲ့၍ အမျိုးသားများနှင့် ကာရာ အိုကေ ဖျော်ဖြေခန်းတွင် အတူထိုင်ရသဖြင့် ခန္ဓာကိုယ်အပေါ်ပိုင်း ကိုင်တွယ်ခြင်းနှင့် ဖက်နမ်းခြင်းများကို ပြုလုပ်ခံခဲ့ ရကြောင်း ၎င်းက ပြန်လည်ပြောပြသည်။

“ပိုက်ဆံလည်း တစ်ပြားမှ မရဘူး၊ ပြန်ဖို့ ဘယ်လိုကြိုးစားရမလဲ၊ အပြင်မှ ထွက်လို့မရတာ”ဟု ၎င်းက ဆိုသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသမီးငယ်၏ မိခင်ဖြစ်သူက အောက်တိုဘာ ၁၀ ရက်နေ့တွင် မော်လမြိုင်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပြီးနောက် ကျိုက်မရောမြို့မ ရဲစခန်းတွင် (ပ) ၁၁၂/ ၂၀၁၆၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ အရ အမှုဖွင့်ထားခဲ့သည်။

အမျိုးသမီးငယ်က ရတနာထက် ကာရာအိုကေဆိုင်တွင် အလုပ်လာလျှောက်သဖြင့် အလုပ်ပေးခဲ့ခြင်းသာဖြစ်ပြီး ထိုအမျိုးသမီးငယ်ကို ဖန်ခွက်ဆေးသည့် အလုပ်နှင့် တံမြက်စည်း လှည်းသည့် အလုပ်ကိုသာ ခိုင်းစေခဲ့ကြောင်း ရတနာထက်ဆိုင်ပိုင်ရှင် အမျိုးသမီးက ပြောကြားသည်။

“သူ့ကို မွန်လူမျိုး ဖြစ်နေလို့ ကျွန်မ အလုပ်မလုပ်နဲ့လို့ ပြောခဲ့တယ်။ သူကဒီဆိုင်မှာပဲလုပ်ချင်တယ်ပြောလို့ လက်ခံခဲ့တာပါ” ဟု ရတနာထက်ဆိုင်ပိုင်ရှင် အမျိုးသမီးက ရှင်းပြ သည်။

အသက် ၁၇ အရွယ် အမျိုးသမီးငယ်ကို စက်တင်ဘာ ၁၄ ရက်နေ့က အမည်မသိ အမျိုးသားက အဓမ္မပြုကျင့်၍ ရတနာထက် KTV စားသောက်ဆိုင်သို့ ပို့ဆောင်ခဲ့ခြင်းနှင့် ပတ်သက်၍ ရတနာထက် KTV စားသောက်ဆိုင်မှ ဆိုင်ပိုင်ရှင်အမျိုးသမီးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေဖြင့် အောက်တိုဘာ ၁၃ ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း မော်လမြိုင်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျိုက်မရော မြို့နယ် တရနာ ကျေးရွာ နှင့် မော်လမြိုင် မြို့သည်ကာ တစ်ဆယ်ငါးမိုင် နီးပါးသာ အကွာ အဝေး ရှိ သော်လည်း မသူဇာတစ်ယောက် မော်လမြိုင် မရောက် ဖူးခဲ့ ။သူမ ၏ ပန်းရောင်း သော တရနာ ဈေးသာ သူသိသည်။

သူမ ကို ကား တစ်စီး တင်ဆောင် လာ ပြီး အဓမ္မပြုကျင့် ခံရ ကာ တစ်ကြိမ် တစ်ခါ မျှ မရောက် ဖူး သည့် မော်လမြိုင် မြို့သို့ရောက်လာ ကာ ဇေယျာမြိုင်ရပ်ကွက်ရှိ ရတနာထက် KTV ကာရာအိုကေ စားသောက် ဆိုင် တွင် အလုပ်လုပ်ခဲ့ရသည်။

ထိုကာရာ အိုကေ ဆိုင်ထဲ တွင် သူမ ၂၃ ရက်တာ လမ်းပျောက် ခဲ့ရသည်။ သူမ ကို အဓမ္မပြုကျင့် ကာ ကာရာ အိုကေ ဆိုင်တွင် အလုပ်ခိုင်းစေ ခဲ့သူကိုလည်း သူမ မသိရှိ ခဲ့သည်။ သို့သော် သူမ ထိုဆိုင်တွင် ရောင်းစားခံ အဖြစ် အလုပ်လုပ်ခဲ့ရသည်။

“အဲ့ဒီဆိုင်မှာ ကျွန်မနာမည်ကို ဖူးဖူးလို့ အမည်ပေးခဲ့ကြတယ်”ဟု အမျိုးသမီးငယ်က ပြန်လည်ပြောပြသည်။

Leave a Reply