မော်လမြိုင် ၊ မေ ၃၁

မော်လမြိုင်မြို့၊ မြေနီကုန်း၊ မဟာမြိုင်ရပ်ကွက်တွင် အရက်သေစာ သောက်စားမူးယစ်နေသူတစ်ဦးက တစ်ရပ်ကွက်တည်းနေ အမျိုးသမီးတစ်ဦးကို သံပိုက်ဖြင့် သေသည်အထိ ရိုက်သတ်မှုဖြစ်ပွားခဲ့ကြောင်း မော်လမြိုင် ဒိုင်းဝန်းကွင်း နယ်မြေရဲစခန်းမှသိရှိရသည်။

မေ ၂၆ ရက်နေ့ ည ၁၁နာရီခွဲ အချိန်တွင် အသတ်ခံခဲ့ရသူ ဒေါ်ဥမ္မာချိုသည်ရပ်ကွက်အတွင်း ဆဲဆိုသံကြားရာ ၎င်း၏ ညီအမဖြစ်သူ လင်မယားချင်း ရန်ဖြစ်တယ် အထင်ဖြင့်ဆင်းကြည့်ရာ အဆိုပါ အရက်မူးပြီး ဆဲဆိုနေသူ က သံပိုက်ဖြင့် ရိုက်ခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများ အရသိရှိရသည်။

အသတ်ခံခဲ့ရသူ ဒေါ်ဥမ္မာချို နေအိမ်အောက်သို့ ဆင်းသွားပြီး ခဏအကြာတွင် ဆူပူသံများ ကြားရသဖြင့် ထွက်ကြည့်ရာတွင် ဇနီးဖြစ်သူမှာ ပတ်လက်အနေအထားဖြင့် ဦးခေါင်းပေါက်ပြဲ သွေးထွက်ဒဏ်ရာများ ဖြင့် သေဆုံးနေကြောင်းတွေ့ရသည်။

ထို့နောက် မေ၂၇ရက်နေ့ မနက်တွင် ဒိုင်းဝန်းကွင်းနယ်မြေ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ဒိုင်ဝန်းကွင်း နယ်မြေရဲစခန်း က သံပိုက်ဖြသ့် သေသည်အထိ ရိုက်သတ်ခဲ့သူ ကျော်မျိုးထက်အား ဖမ်းဆီးရမိထားပြီး အဆိုပါ ပစ်မှုကျူးလွန်နေချိန်အတွင်း အရက်သေစာသောက်စားမူးယစ်ထားကြောင်း စစ်ဆေးချက်များအရ သိရှိရသည်။

အဆိုပါ အမှုကို ဒေါ်ဥမ္မာချို၏ခင်ပွန်း ဦးဘိုသောင်း က တရားလိုပြုလုပ်ပြီး ပုဒ်မ ၃၀၂ဖြင့် ဒိုင်းဝန်းကွင်း နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူထားသည်။

ရန်လင်းအောင်

Leave a Reply