အရက်မူးကာ အထိန်းအကွပ်မဲ့ သောင်းကျန်းနေသော ငှက်အုပ်စုများကို သတိထားကြရန် ဒေသခံများကို အမေရိကန်နိုင်ငံ မီနီဆိုးတားပြည်နယ်၊ ဂီလ်ဘာ့ထ်မှ ရဲတပ်ဖွဲ့က သတိပေးခဲ့သည်။

‘မူးနေပုံရပြီး ပြတင်းပေါက်တွေ၊ ကားတွေကို မရှောင်ဘဲ ပျံသန်းပြီး ထူးထူးဆန်းဆန်း အပြုအမူတွေ ပြုလုပ်နေတဲ့ ငှက်တွေအကြောင်း တိုင်ကြားမှုများစွာ လက်ခံရရှိခဲ့ပါတယ်” ဟု ရဲမှူး တိုင် တက်ချာက ကြေညာချက်ထဲတွင် ရေးသားထားသည်။

ယခင်ရာသီများထက် စောစီးစွာ ရေခဲမှုကြောင့် ဘယ်ရီသီးများအနေဖြင့် ပုံမှန်ထက် ပိုမိုစောစီးစွာပင် အချဉ်ပေါက်သွားခဲ့ပြီး ငှက်များမှာ အဆိုပါ အချဉ်ပေါက်နေသော အသီးများကို စားကာ မူးသွားခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယခုအချိန်တွင် ငှက်များအနေဖြင့် တောင်ဘက်သို့ ပျံသန်း ပြောင်းရွှေ့ကြခြင်း မရှိသေးသဖြင့် အရက်မူးနေသော ငှက်များကြောင့် အခင်းဖြစ်ပွားမှုနှုန်းသည်လည်း ပြီးခဲ့သည့် နှစ်များထက် ပိုမို တွေ့ရှိရသည်ဟုဆိုသည်။

“တချို့ငှက်တွေက တော်တော်လေး ‘ကောင်း’နေပုံ ရပါတယ်။ အထူးသဖြင့် အသက်ငယ်ရွယ်တဲ့ ငှက်တွေရဲ့ အသည်းဟာ အရွယ်ရောက်ငှက်တွေရဲ့ အသည်းလိုမျိုး အရက်ဒဏ်ကို ကောင်းကောင်း မခံနိုင်ပါဘူး” ဟု ၎င်းက ထပ်ပြောသည်။

“ဒီငှက်တွေဟာ အချိန်တိုအတွင်းမှာ အမူးပြေသွားတတ်ကြတဲ့အတွက် မူးနေတဲ့ ငှက်တွေနဲ့ ပတ်သက်ပြီး ရဲကို ဖုန်းဆက်ခေါ်စရာ လိုမှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုထားသည်။

ဂီလ်ဘတ် ပြည်သူများက ရဲတပ်ဖွဲ့၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် မှတ်ချက်များရေးသားခဲ့ကြပြီး ငှက်များ ဘာကြောင့် ယခုကဲ့သို့ ထူးထူးဆန်းဆန်း ပြုမူနေရသလဲဆိုသည်ကို ရှင်းပြခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း ရေးသားခဲ့ကြသည်။

အမျိုးသမိးတစ်ဦးကလည်း ယခုရက်ပိုင်းအတွက် ၎င်း၏ အိမ်ရှေ့တွင် ငှက်သေ သုံးကောင် တွေ့ရှိခဲ့ရကြောင်း ရေးသားခဲ့သကဲ့သို့ အခြားတစ်ဦးကလည်း ၎င်းကားမောင်းနေစဉ် ရှေ့တည့်တည့်မှ ပျံသန်းလာသည့် ငှက်များကြောင့် ဘရိတ်ကို အတင်းနင်းခဲ့ရကြောင်း ရေးသားခဲ့သည်။

“ဒီလိုရှင်းပြလိုက်မှ ဒီတစ်ပတ်ထဲမှာပဲ ကားမောင်းရင်း ငှက် ၇ ကောင်ကို ဘာကြောင့် ဝင်တိုက်မိသလဲဆိုတာ သိသွားတော့တယ်” ဟု အခြားတစ်ဦးက ရေးသားခဲ့သည်။

ငှက်များ မူးနေခြင်း ရှိမရှိ သိရှိရန်မှာ ၎င်းတို့၏ ထူးခြားသော အပြုမှုများကို ကြည့်၍ သိနိုင်သည်ဟု ဆယ်စုနှစ်နှင့်ချီ၍ ငှက်ကို လေ့လာခဲ့သေ မက်သယူး ဒေ့ါဒါက ဆိုသည်။

“သူတို့ ပျံတာတွေက ထူးထူးဆန်ဆန်းတွေ။ ကားတွေကြားမှာ ပုံမှန်ထက် နိမ့်နိမ့်လေး ပျံတယ်။ သူတို့ပျံနေပုံက ဘာကိုမှ ဂရုမစိုက်တဲ့ပုံ။ ကားတွေ၊ ရှေ့တိုက်မိမှာတွေ ကြည့်မနေဘူး” ဟု သူကဆိုသည်။

Source: Washington Post

Leave a Reply