ခေတ်သစ် ကမ္ဘာ၌ လျှပ်စစ်မီး တစ်နေ့ထက် တစ်နေ့ တိုးတက်လိအပ် လာနေသည်မှာ မြင်သာသည့် ပြသနာရပ် ဖြစ်လာပြီး လူတဦးချင်းစီမှ စ၍ နိုင်ငံ တနိုင်ငံ အဆုံးပင် လျှပ်စစ်မီး ရရှိအောင် ကြိုးပမ်း နေကြ ပေသည်။

elecstric-1

မြို့ပြ အဆောက် အအုံများ ဖွံ့ဖြိုးမှု နောက်ကျ ခဲ့ရသည် တစ်ခေတ် တစ်ခါက အချိန်များတွင် မွန်ပြည်နယ် အတွင်းရှိ ကျေးရွာများတွင် ဖယောင်းနှင့် မီးခွက်တို့သည်သာ အလင်းများကို ဆောင်းကြဉ်း ပေးသည့် ပင်မ အရင်းအမြစ် ဖြစ်ကာ လျှပ်စစ်မီး ဆိုသည်မှာ ထိုခေတ် ကာလများ၌ အိမ်မက် အရာတစ်ခုသာလျှင် ဖြစ်သည်။

၂၀ဝ၈ – ၂၀၁၀ ကာလ များ၌ အစိုးရ၏ လျှပ်စစ်မီးအား ရရှိ နိုင်ရန် အတွက် ကျေးရွာ အတော် များများတွင် ရွာသာများ ကိုယ်ထူ ကိုယ်ထ မီးလင်းရေး ကော်မတီ များကို သက်ဆိုင်ရာ အစိုးရ ဋ္ဌာနဆိုင်ရာ အဆင့်ဆင့် လျှောက်ထားပြီး မီးရရှိရေး အတွက် ကြိုးစား ဆောင်ရွက် ခဲ့ကြသည်။

ကိုယ်ထူကိုယ်ထ မီးလင်းရေး ကော်မတီမ၏ ရည်ရွယ်ချက်မှာ ရပ်ကွက် ကျေးရွာ များရှိ နေအိမ်များ၌ လျှပ်စစ်မီး အလျှင်အမြန် ရရှိစေရေးနှင့် ကိုယ်ထူကိုယ်ထ မီးလင်းရေး ဆောင်ရွက်ရာ၌ စီမံခန့်ခွဲရေး ကိစ္စရပ်များကို လုပ်ဆောင်ရန် အတွက် ရည်ရွယ် ဖွဲ့စည်း ထားခဲ့သည်။

ကိုယ်ထူကိုယ်ထ မီးလင်းရေး ကော်မတီ များသည် မီးလင်းရေး အတွက် ထရန်စဖော်မာ အပါအဝင် ဓါတ်မီး တိုင်များနှင့် 11KV ဓါတ်ကြိုးလိုင်း၊ 400 V ဓါတ်ကြိုးလိုင်း၊ မီတာပုံးတို့ကို ကျေးရွာ အတွင်းရှိ မီးသုံးစွဲ ရယူ လိုသည့် ရွာသာများ၏ စုပေါင်း ငွေကြေးများဖြင့် ဆောင်ရွက်ခဲ့ကြသည်။

ယခု နောက်ပိုင်းတွင် ကိုယ်ထူကိုယ်ထ မီးလင်းရေး လုပ်ငန်း လုပ်ဆောင်ရာတွင် အစိုးရအနေဖြင့် ထရန်စဖော်မာနှင့် 11 KV ဓါတ်ကြိုးလိုင်းများကို ထောက်ပံ့လျက်ရှိကြောင်း ကတိုးမြို့ လျှပ်စစ်မှူး ဦးနေဝင်းက ပြောဆိုသည်။
ထိုသို့ ရည်ရွယ်ချက် ကောင်းစွာဖြင့် စတင်၍ စုဖွဲ့ ခဲ့သည့် ကိုယ်ထူ ကိုယ်ထ မီးလင်းရေး ကော်မီတီ များသည် ပြသနာပေါင်း သောင်းခြောက်ထောင်နှင့် ရင်ဆိုင်နေကြရပြီး အရှုပ်တော်ပုံ တစ်ခုအလား ဖြစ်နေသည်။ ထိုမျှ နှင့်ပင် မရပ်တန့်ပဲ “အရပ်ကူပါ လူဝိုင်းပါ” ဆိုသည့် စကားပုံ အတိုင်း အစိုးရ အဖွဲ့နှင့် လွှတ်တော် ကပါ ဝင်ရောက် ဖြေရှင်း ပေးနေရသည်။

ကိုယ်ထူ ကိုယ်ထ မီးလင်းရေး ကော်မီတီ များ၏ အဓိက ပြဿနာမှာ ငွေရေး ကြေးရေး ရှင်းတမ်း ပြသနာပင် ဖြစ်သည်။
မွန်ပြည်နယ် တွင်းရှိ မီးလင်းရေး ကော်မတီ ကိစ္စရပ်များနှင့် ပတ်သက်၍ မွန်ပြည်နယ်ဝန်ကြီး ချုပ် ဦးမင်းမင်းဦးနှင့် မွန်ပြည်နယ်လွှတ်တော်သို့ တိုင်ကြားထားသည့် တိုင်ကြား စာပေါင်း ၁၀ဝ နီးပါးရှိသည်။

“ချောင်းဆုံမှာက မီးကော်မတီတွေနဲ့ အဓိက ပြသနာ တတ်နေတယ်၊ ငွေရေးကြေးရေ ရှင်းတမ်းတွေကို မီးသုံးစွဲသူတွေကို တရားဝင်မချပြတာတွေကြောင့် ပြသနာတတ်နေကြတယ်”ဟု ချောင်းဆုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြက ပြောဆိုသည်။

ပေါင်မြို့နယ် ထန်းပင်ချောင်းကြီးကျေးရွာတွင် လျှပ်စစ်မီးရရှိရေးအတွက် ကိုယ်ထူကိုယ်ထူ လုပ်ဆောင်ခဲ့ရာမှ အိမ်ထောင်စု တစ်ခုလျှင် ကျပ် ၅၃၀ဝ၀ဝ မှ ၁၀ သိန်း အထိ ကုန်ကျခဲ့ကြောင်း ထန်းပင်ချောင်း ကျေးရွာနေ ဦး ထွန်းလှိုင်က ဆိုလေသည်။

အိမ်ထောင်စု တစ်စုလျှင် ကျပ်ငွေ ငါးသိန်းခန့် ပျှမ်းမျှချ၍ တွက်ကြည့်လျှင်ပင် အိမ်ထောင်စု (၁၀ဝ) ခန့်ရှိသည့် ကျေးရွာငယ်၌ပင် မီးလင်းရေး အတွက် ရန်ပုံငွေ သိန်း (၅၀ဝ) ကို မီးလင်းရေး ကော်မီတီ များက စီမံ ခန့်ခွဲ ရမည် ဖြစ်သည်။

မွန်ပြည်နယ်ရှိ အချို့ ရွာကြီးများတွင် အိမ်ထောင်စု (၇၀ဝ) မှ (၁၀ဝ၀) ကျော် ရှိသည့် ရွာကြီးများလည်း ရှိပေသည် ဖြစ်ကာ မီးလင်းရေး ကော်မီတီ များ၏ လက်ထဲ၌ လည်ပတ် နေသည့် ငွေကြေး ပမာဏ သည်ကား များပြား လှသည် ဖြစ်၍ ထိုငွေ များအား မည်သို့ စီမံခန့်ခွဲ နေသည်ကို ရွာသားများက မေးခွန်းထုတ် နေကြခြင်း ဖြစ်သည်။

လက်ရှိတွင် နေအိမ်သုံး မီတာခများကို ကောက်ခံနေသည့် နှုန်းထားများမှာ ၁ ယူနစ်မှ ၁၀ဝ ယူနစ်အထိ ၃၅ ကျပ်နှုန်း၊ ၁၀ဝ ယူနစ်မှ ၂၀ဝ ယူနစ် အထိ ၄၀ ကျပ်နှုန်း၊ ၂၀ဝ ယူနစ်နှင့် အထက် ၅၀ ကျပ်နှုန်းဖြင့် ကောက်ခံလျက် ရှိနေသည်။
မွန်ပြည်နယ်အတွင်း ကိုယ်ထူကိုယ်ထ မီးလင်းရေး ကော်မတီများသည် ကျေးရွာ လိုင်းမင်း အတွက် ကုန်ကျမည့် စရိတ်များနှင့် ရံပုံငွေများ ထားရှိနိုင်ရန် မီတာခ တိုးကောက်ခံမှုများ ရှိနေသည်။

“ကျွန်တော်တို့က မီတာ ထိန်းသိမ်းခ အတွက် ၅၀ဝ တိုးကောက်တာဖြစ်တယ်၊ မတိုးရင်လည်း မရတော့ဘူး၊ ရံပုံငွေက ကုန်သွားမယ်ဆိုရင် ကျေးရွာမှာ ရှိတဲ့ ထရန်စဖော်မာတွေ ပျက်ဆီးသွားမယ်ဆိုရင် ဘယ်က ပိုက်ဆံနဲ ယူမလဲ၊ အခုဆို မီးလင်းရေးအတွက် တစ်လတစ်လကို မနည်းကြီး စိုက်ရတယ်”ဟု ထန်းပင်ချောင်းကြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောဆိုသည်။

“လိုင်းမင်တွေကို ရွာတွေကပဲ လခပေးပြီး ခန့်ရတယ်၊ ဝန်ထမ်းဆိုတော့လည်း အစိုးရ ဝန်ထမ်းလည်း မရှိဘူး၊ အဲဒီ အတွက်ကို သူတို့က ပိုကောက်တာဖြစ်မယ်”ဟု မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်က ဆိုသည်။

ထို့အပြင် မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာ မီးလင်းရေး ကော်မတီအနေဖြင့် မီတာပုံးများကို တပ်ဆင်သည့် အပိုင်းတွင် ဒေသခံ ပြည်သူများနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်း မရှိဘဲ ကော်မတီ အမိန့်ဟုဆိုကာ မီတာပုံးများကို ပြောင်းလဲ တပ်ဆင် ခြင်းကြောင့် မလိုလား အပ်သည့် ပြသနာမျိုးလည်း ရှိနေကြောင်း အဆိုပါ ကျေးရွာမှ ရွာသား များက ပြောဆိုနေကြသည်။
အလားတူ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာတွင် မီးလင်းရေး ကော်မတီက လေးလကျော်သွားသည့်တိုင် ငွေစာရင်း ရှင်းတမ်းကို မဖြေရှင်းပေးသည့်အတွက်ကြောင့် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ရန် စီစဉ်နေခြင်းကို မြို့နယ် အုပ်ချုပ်ရေးမှူးမှ တာဝန်ယူဖြေရှင်းပေးမည်ဟု ပြောဆိုခြင်းကြောင့် ဆန္ဒပြမည့် ကိစ္စကို ရပ်ဆိုင်းထားကြောင်း အဆိုပါ ကျေးရွာသားများက ပြောကြားသည်။

ပြည်နယ်လွှတ်တော်၏ ကော်မတီတစ်ခုဖြစ်သည့် တိုင်ကြားစာ၊ အသနားခံစာနှင့် အထွေထွေကိစ္စ ရပ်များ လေ့လာ သုံးသပ်ရေးကော်မတီသို့ ရောက်ရှိလာသည့် မီးလင်းရေးပြသနာများကို အစိုးရထံ လွှဲပြောင်း ခဲ့ရာ လုပ်ဆောင်မှု ပြီးစီးသွားသည့် အကြောင်းကြားစာ တစ်ခါမှ ပြန်မရောက်ကြောင်း ရွာသား တဦးက ဆိုပါသည်။

မွန်ပြည်နယ် အတွင်းရှိ ကျေးရွာ အများစုတွင် ကိုယ်ထူကိုယ်ထ မီးလင်းရေး ကော်မတီများ ဖွဲ့စည်း၍ မီးလင်းရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ၌ ထိုကဲ့သို့သော မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ် ခဲ့ခြင်းကြောင့် မီးလင်းရေး ကော်မီတီ များ၏ ပြဿနာများကို ဖြေရှင်း နိုင်ရန် စီမံချက် ရေးဆွဲကာ လုပ်ဆောင်လျက် ရှိနေကြောင်း ဦးမင်းထင်အောင်ဟန်က ပြောသည်။

“ကျွန်တော်တို့က စာရင်းမရှင်းရင် ရှင်းပေးအောင် ညှိနှိုင်းဆောင်ရွက်ပေးတယ်၊ ညှိနှိုင်းလို့ အဆင်မပြေရင် တိုင်ကြား ရင်တော့ စစ်ဆေး ပေးတယ်၊ အလွဲသုံးစား လုပ်ရင်တော့ ကျေးရွားသားတွေက တရားလိုလုပ်ပြီး တရား စွဲပေါ့” ဟု ၎င်းက ပြောဆိုသည်။

ထိုသို့ ဆောင်ရွက် နေလင့် ကစားပင် ပြည်နယ် အစိုးရမှ စာရင်းစစ် ချပေးနိုင်ခြင်း မရှိသည့်အတွက် ကြောင့် အစိုးရ လက်မှတ်ရ စာရင်းစစ်များကို ဌားရမ်း အသုံးပြုမည့် နေရာတွင် အခက်အခဲရှိနေ သဖြင့် မီးလင်းရေး ကော်မတီ ကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် အတွက် မြို့နယ် စီစစ်ရေး ကော်မတီတစ်ခုကို ဖွဲ့စည်းဆောင်ရွက်ရန် စီစဉ်ထားချက်များ အခက်အခဲ ရှိနေဆဲ ဖြစ်ကြောင်း ချောင်းဆုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ ပြောသည်။
ယင်းသို့သော ပြသနာမျိုးသည် မွန်ပြည်နယ် ၁၀ မြို့နယ်လုံးရှိ ကိုယ်ထူကိုယ်ထ လျှပ်စစ်မီး ရရှိရေးကို လုပ်ဆောင် ခဲ့သည့် ကျေးရွာမီးလင်းရေး ကော်မတီများတွင် မကြာခဏ ဖြစ်ပေါ်နေသည့် ကိစ္စရပ်များ ဖြစ်နေ ပေတော့သည်။
ထိုပြသနာရပ်များကို ကိုင်တွင် ဖြေရှင်းရန်ကား ပြည်နယ် လျှပ်စစ်စွမ်းအင်နှင့် စက်မှု ဝန်ကြီးဌာန၏ တာဝန် ဖြစ်လာပေတော့သည်။

မီးလင်းရေး ပြဿနာများ ဖြေရှင်းရာတွင် ပြဿနာဖြစ်ပေါ်နေသော မီလင်းကော်မတီများကို ဖျက်သိမ်းပြီး မီးလင်းရေး ကော်မတီများကို ပြန်လည် တည့်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးမင်းထင်အောင်ဟန်က ပြောကြားသည်။
ကျေးရွာမီးလင်းရေး ကော်မတီအသစ်များ ပြန်လည်ဖွဲ့စည်းရန် ပြည်နယ်အတွင်းရှိ ခရိုင် နှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာများကို အကြောင်းကြားစာများ ပေပို့ထားကြောင်း ၎င်းက ပြောဆိုသည်။

ကျေးရွာမီးလင်းရေး ဖွဲ့စည်းကြီးကြပ်မှု ကော်မတီအနေဖြင့် မီလင်းရေး ကော်မတီအသစ်ကို ရပ်ကွက် ကျေးရွာရှိ ဒေသခံများကို အများဆန္ဒဖြင့် ရွေးချယ်ပြီး အဖွဲ့ဝင် ၁၀ ဦးမှ ၁၅ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းရမည်ဖြစ်ကာ မီးလင်း ရေးကော်မတီအသစ်မှာ တစ်လတစ်ကြိမ် ငွေစာရင်းရှင်းတမ်းကို ဒေသခံပြည်သူထံ ချပြရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ထို့အပြင် ကျေးရွာမီလင်းရေးကော်မတီများ၏ ပြဿနာများကို ဖြေရှင်းရာတွင် မြို့နယ် မီးလင်းရေးကော်မတီ ငွေစာရင်း စစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းပြီး ကျေးရွာမီးလင်းရေးကော်မတီ ငွေစာရင်းဇယား အသေးစိတ်ကို စီစစ်ကာ အလွဲသုံးစာမှုများကို အရေးယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အစိုးရက ချမှတ်ထားသည့် မီးလင်းရေး မူဝါဒ ၁၂ ချက်တွင် ကိုယ်ထူကိုယ်ထ မီးလင်းရေးကော်မတီဖွဲ့စည်းပုံ အပါအဝင် ဓါတ်မီးတိုင်အမြင့်၊ ဝိုင်းယာကြိုး အရွယ်အစား၊ လုပ်ငန်းအရည်သွေး ပြည့်မှီရေးကို ဦးစားပေးရန် ပါရှိသည်။
အစိုးရအနေဖြင့် မီးလင်းရေးကော်မတီ ပြသနာများကို ဖြေရှင်းရာတွင် မူဝါဒအသစ်တစ်ခု ရေးဆွဲပြီး ထိန်းကျောင်း သွားရန် လိုအပ်နေကြောင်း ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိ်ုင်ဦးက ထောက်ပြ ပြောဆိုသည်။
အဆိုပါ မူဝါဒများ ချမှတ်ပြဌာန်းရာတွင် ငွေကြေး ကောက်ခံပုံ၊ ငွေကြေး သိမ်းဆည်းရေး အပိုင်း၊ ငွေရေးကြေး ရေး ပြသနာဖြစ်ပေါ်လာပါက တာဝန်ယူဖြေရှင်းပေးမည့် သူများကိုပါက ထည့်သွင်းရေးဆွဲပြီး ပြည်သူလူထုထံ ချပြသင့်ကြောင်း ၎င်းက ပြောဆိုသည်။

ထို့အပြင် ငွေရေးကြေရေးနှင့် ပတ်သက် ကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်မည့် မီးလင်းရေးကော်မတီ များအနေဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်း များကို မလိုက်နာပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်သင့်ကြောင်း ၎င်းက ပြောသည်။

သို့သော်လည်း မီးလင်းရေးကော်မတီးများကို ဖျက်သိမ်းပြီး အစိုးရအနေဖြင့် အဆိုပါ မီးလင်းရေး ကိစ္စရပ်များကို တာဝန်ယူ ကိုင်တွယ်ရန် လိုးလားနေသည့် ဒေသခံပြည်သူများ ရှိနေကြသည်။

“အခုနောက်ပိုင်းမှာ ကျေးရွာမီးလင်းရေးကော်မတီတွေက မရှိလို့ မရဘူး၊ ကျွန်တော်တို့ အစိုးရက ထရန်စဖော်မာ အထိပဲ ဓာတ်အား ပေးနိုင်တယ်”ဟု ဦးမင်းထင်အောင်ဟန်က ပြောဆိုသည်။

elecstric-3

လက်ရှိ ကျေးရွာမီးလင်းရေးကော်မတီများတွင် ကြီးကြပ်မှုအားနည်ခြင်း၊ စနစ်တကျမရှိခြင်း၊ လုပ်ငန်း မကျွမ်းကျင်ခြင်း၊ အခွင့်အရေးယူခြင်း၊ ငွေစာရင်းကောင်းစွာမရှင်းခြင်း၊ စည်းမျဉ်စည်းကမ်းများ မရှိခြင်းနှင့် ရပ်ကွက် ကျေးရွာရှိ ဒေသခံများနှင့် ဆွေးနွေးညှိနှိုင်းဆောင်ရွက်မှု မရှိခြင်းတို့ကြောင်း ပြဿနာများ ဖြစ်ပေါ်ခဲ့သည်။

ယင်း ပြသာနာများကို လျှင်မြန်စွာ ကိုင်တွယ်ဖြေရှင်း ရန် ပြည်နယ်အစိုးရတွင် အဓိက တာဝန်ရှိသည်။
သို့သော်လည်း အဓိက တာဝန်ရှိသည့် ထိုပြည်နယ် အစိုးရ၏ ကိုင်တွယ်ပုံအား အားမရဘူး ဟုသာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်က ဆိုသွား ခဲ့သည်။

“ပြည်နယ်အစိုးရက မီးလင်းရေး ကော်မတီ ပြသနာတွေကို ဖြေရှင်းနေတဲ့ ပုံကို ဘယ်လိုမှ အားမရဘူး”ဟု
ချောင်းဆုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြက ပြောဆိုသည်။

Written by – ဇော်ထိုက်

Leave a Reply