Civil Society နဲ့ အစိုးရဆိုတာ အတွဲညီရင်ညီသလို နိုင်ငံကောင်းအောင်လုပ်နိုင်တာမျိုးပါ။ Civil Society အသံတိတ်နေရခြင်းဟာ တကယ်တော့ ကျန်းမာရေးကောင်းတဲ့ ဒီမိုကရေစီရဲ့ လက္ခဏာမဟုတ်ဘူး ဆိုတာကိုလည်း ရေးကြပြောကြပါတယ်။ ပြည်သူ့လူ့အဖွဲ့အစည်းတွေနဲ့ ပတ်သက်ရင် နိုင်ငံတကာမှာ အစိုးရတွေရဲ့ သဘောထားကဒီဘက်နှစ်တွေမှာ ပြောင်းလဲလာတာကို ဂျာမန်အစိမ်းရောင် ဖောင်ဒေးရှင်း Heinrich Boell Foundation ဟိန်းနရစ်ချ်ဘောဖောင်ဒေးရှင်း)က ဥက္ကဋ္ဌBarbara Unmüssig, ( ဘာဘရာ အန်မန်ဆိုဒ် ရဲ့ ဆောင်းပါးမှာ ဖော်ပြခဲ့ပါတယ်။ မြန်မာလို ပြန်လည်မျှဝေလိုက်ပါတယ်။

2- copy

ဖိနှိပ်ခြင်းများတကျော့ပြန်လာချေပြီ

ကမ္ဘာအရပ်ရပ်တွင်ရှိသော အစိုးရတို့သည် ပိုမို တင်းကြပ်သော ချုပ်ချယ်မှုများဖြင့် ပြည်သူ့လူ့အဖွဲ့အစည်းများ (ဝါ) အရပ်ဘက်လူ့အဖွဲ့အစည်းများကို ဖိနှိပ်တုံ့ပြန်လာနေကြသည်။ ပိုမိုတင်းကြပ်သော ဥပဒေများဖြင့်လည်း ကောင်း၊ ပြည်သူ့လူ့ အဖွဲ့အစည်းလှုပ်ရှားမှုများ ကျဉ်းထဲကြပ်ထဲရောက်သွားစေရန် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအားဖြင့် ခါတိုင်းထက် ပိုမိုဝန်ပိစေခြင်းအားဖြင့် လည်းကောင်း၊ ဆင်ဆာဖြတ်ခြင်းများနှင့် ထောက်လှမ်းရေးနှင့် ရဲတို့က ထိပ်တိုက် တွေ့ပြီး နှိမ်နှင်းခြင်းများအားဖြင့်လည်းကောင်း ပုံစံအမျိုးမျိုးဖြင့် ဖိနှိပ်မှုများပြုလုပ်လာကြသည်။ မည်သည့်နည်းလမ်းကိုသုံးသည်ဖြစ်စေ၊ အစိုးရများ သည် နိုင်ငံရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်းရေးရာ လှုပ်ရှားသူများကို ထိန်းချုပ်ရန် ကြိုးစားနေကြသည့်ယခုအဖြစ်မျိုးမှာ ဥရောပတွင် ကွန်မြူနစ်စနစ်ပြိုကွဲပြီးသည့် နောက်ပိုင်း လွန်ခဲ့သည့် နှစ်အစိတ်အတွင်း မတွေ့ခဲ့ရဘူးသည့် အတိုင်းအတာ သို့ပင်ရောက်ရှိလာခဲ့သည်။

NGO များနှင့်အရပ်ဘက်လူ့အဖွဲ့အစည်းများကို နှိပ်ကွပ်ရန် အစိုးရတို့က အကြောင်းပြချက်မျိုးစုံကိုပေးနေကြ သည်။ အကြမ်းဖက်မှုများကြောင့်နိုင်ငံတော်လုံခြုံရေး ကိိုစိုးရိမ် ရခြင်းကြောင့်ဆိုသောအကြောင်းပြချက်မှာ ထိပ်ဆုံးတွင်ရှိသည်။ စင်စစ်အားဖြင့် မည်မျှပင် လုံခြုံရေးအတွက် စိုးရိမ်ရသည်ဆိုစေဦးတော့ ၊ အစိုးရများအ နေနှင့် လွတ်လပ်သော အရပ်ဘက်အဖွဲ့အစည်းများအား ကန့်သတ်ချက်အထွေထွေဖြင့် ဝါးလုံးရှည်ဖြင့် ရမ်း၍နှိပ်ကွပ်စရာ ခိုင်လုံသည့်အကြောင်းပြချက်မဟုတ်ပါ။

ဤအခြေအနေသည် ယာယီဖြစ်ပေါ်နေခြင်းမျိုးမဟုတ်ဘဲ နိုင်ငံတကာ ပထဝီနိုင်ငံရေးကိုအခြေခံလျှက် ဖြစ်ပေါ်လာ နေသော ပြောင်းလဲမှု ဖြစ်စဉ်သစ် တစ်မျိုးအဖြစ်ပေါ်ပေါက်လာလျှက်ရှိသည်။ ထွန်းသစ်စ စီးပွားရေးအင်အားရှိလာသောနိုင်ငံများတွင် အကြီးအကျယ် အာရုံစိုက်လာနေကြသော ကိစ္စမှာ “ အချုပ်အခြာကို ကာကွယ်ရေး” ဟူ၍ဖြစ်သည်။ အီဂျစ်မှစ၍ ထိုင်းနိုင်ငံအဆုံး တစ်သဘော တည်းဖြစ်လာ နေကြသည်။

နိုင်ငံ၏ အချုပ်အခြာကို ကာကွယ်ရမည်ဟူသော ဆိုစကားနှင့်အညီ ဖွံ့ဖြိုးဆဲနှင့် ထွန်းသစ်စ စီးပွားရေး အင်အားစု နိုင်ငံများမှ အစိုးရ အသီးသီးတို့သည် ဒီမိုကရေစီထွန်းကားပြန့်ပွားရေးလုပ်ငန်းစဉ်များအတွက် ချမ်းသာသောနိုင်ငံများမှာ ငွေကြေးထောက်ပံ့မှုများအပေါ် သံသယကြီးစွာစောင့်ကြည့်လာကြည်သည်။ ၁၉၉၀ နှစ်များထက်စာလျှင် ယခုအခါထိုသို့ငွေလွှဲပြောင်းပေးသည့်ကိစ္စများကို ပို၍အပူတပြင်းစောင့်ကြည့်လာ တော့သည်။

ပြည်တွင်း မှ အစိုးရမဟုတ်သော အဖွဲ့အစည်းများအတွက်ပေးသော နိုင်ငံခြား အကူအညီများသည် ၄င်းတို့၏ ပြည်တွင်းရေးကို အချိန်အခါမဟုတ်စွက်ဖက်တတ်သည်ဟုအမြင်ရှိလာကြသည်။ ကမ္ဘာ့ တောင်ဖက်ခြမ်းမှ နိုင်ငံများ၏ အစိုးရတို့သည် ထိုနိုင်ငံခြားမှ ဝင်လာသောငွေများကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် အားထုတ် လာကြသည်။ အထူးသဖြင့် အရပ်ဘက်လူ့အဖွဲ့အစည်းများ၏ လှုပ်ရှားမှုအတွက်ရည်ရွယ်ကာ ပေးအပ်လာ သောငွေဖြစ်ခဲ့လျှင် နိုင်ငံတကာ အချိတ်အဆက်များအားဖြင့် အစိုးရက ရစရာရှိသော နိုင်ငံခြားထောက်ပံ့ငွေ များကို ထိုအရပ်ဘက်လူ့အဖွဲ့အစည်းများက ဝေစုခွဲရယူနေကြသည်ဟု ရှုမြင်လာကြ သည်။

အကျိုးဆက်အားဖြင့် ပြည်တွင်း NGO များ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် နိုင်ငံတကာ NGO များ၊ ဖောင်ဒေးရှင်းများနှင့် ပြည်ပ အလှုရှင်များ ကြားတွင်ဖြစ်ပေါ်နေသော ကွန်ရက်ဖွဲ့လှုပ်ရှားမှုများ၊ ငွေကြေးစီးဝင်နေမှုများကို ယခင်ကထက် ပိုမိုတင်းကြပ်စွာ စစ်ဆေးလာကြသည်။ ထိုအရပ်ဘက်အဖွဲ့အစည်းများ၏ လုပ်ငန်းများကို ရပ်တန့်စေရန်၊ ကန့်သတ်ပစ်ရန် ဆောင်ရွက်ရာ၌ ပြင်ပမှ ငွေကြေးအထောက်အပံ့ရယူခြင်းကို ကန့်သတ်သည့်အချက်များပါဝင်သည့် ဥပဒေများ ထုတ်ပြန်ခြင်းမှာ အများဆုံး အသုံးပြုသည့် လက်နက်တစ်ခုဖြစ် လာခဲ့သည်။ တကမ္ဘာလုံးတွင် ထိုကဲ့သို့သော ဥပဒေများအားထုတ်ပြန်ရန် စဉ်းစားကြသည့် နိုင်ငံပေါင်း ၅၀ ခန့်မျှ ရှိမည်။ ရုရှားသည် ထိုနိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်လက ရုရှားရှိ နိုင်ငံခြား NGO အဖွဲ့ပေါင်း ၁၂ ခုကို အမည်မည်း စာရင်းသွင်းလိုက်ပြီး ပြည်တွင်းတွင် နောက်ထပ်မည် သည့် လှုပ်ရှားမှုမျှ မလုပ်ရဟုတားမြစ် ခြိမ်းခြောက်ခဲ့သည်။ ရုရှားတွင် နိုင်ငံခြားအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း ကပင် ဥပဒေအရ အရေးယူနိုင်သည့်လုပ်ရပ်တစ်ခုသဖွယ် သတ်မှတ်လာကြရာ ရုရှားရှိ အရပ်ဘက်လူ့အဖွဲ့အစည်းတို့ကို ရှင်သန်ရန် ထောက်ပံ့နေသည့် အသက်သွေးကြောပြတ် တောက်ရ တော့သည်။ ယခုနှစ်ဖေဖော်ဝါရီအစောပိုင်းက အစ္စရေးပါလီမန်တွင် ပြင်းထန်သော မူဝါဒရေးရာ အငြင်း အခုံတစ်ခုဖြစ်ပေါ်ခဲ့သည်။ ထိုအငြင်းအခုံမှာ NGO များဆိုင်ရာ ဥပဒေနှင့်ပတ်သက်သည်။ အငြင်းအခုံ များပြင်းထန်ခဲ့ပြီးနောက် အစ္စရေးရှိ NGO တို့အနေဖြင့် မိမိ၏ လုပ်ငန်းလည်ပတ်ငွေ ထက်ဝက်ခန့်အား ပြည်ပမှာ လက်ခံရရှိနေခဲ့သည် ဆိုပါလျှင် ထို NGO များအနေဖြင့် မိမိတို့အား ထောက်ပံ့နေသူများကို အများသူငါသိအောင်ထုတ်ဖော်ကြေညာရမည်ဟူသော ဥပဒေကြမ်းကို ပါလီမန်ကအတည်ပြုလိုက်သည်။

ဆိုခဲ့ပါအတိုင်း အစိုးရများသည် လူထုအခြေပြုလှုပ်ရှားမှုများကို နှိပ်ကွပ်ချုပ်ခြယ်လာခဲ့ကြသည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း၌ အလုပ်သမားတို့၏ ခက်ခဲကြမ်းတမ်းသော လုပ်ငန်းခွင်များပြုပြင်ရေးနှင့် မြေယာ မတရားသိမ်းပိုက်ခြင်းကိုဆန့်ကျင်ရေးမှသည် တရားမဝင်သစ်ခုတ်မှုပပျောက်ရေးနှင့် သ ဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝများကို ထိခိုက်ပျက်စီးစေသော ရင်းနှီးမြှုပ်နှံမှုများ အားဆန့်ကျင်ရေးတို့ အထိ အသီးသီး ပါဝင်သော ပြည်တွင်းလူထုအခြေပြု လှုပ်ရှားမှုများမှာ များသည်ထက်များလာခဲ့သည်။ ဒစ်ဂျစ်တယ် နည်းပညာကလည်း ဒေသခံ လှုပ်ရှားတက်ကြွသူများကို နိုင်ငံရေး ဘက်မှ နိုင်ငံတကာ ကွန်ရက်များနှင့် ချိတ်ဆက်မိစေသ လိုကမ္ဘာနှင့်ချီ၍ ကျယ်ပြန့်သော ပရိသတ်ကိုလည်းရရှိစေသည်။ ထိုအခါမျိုးတွင် မြင့်တက်လာသော နိုင်ငံတကာဖိအားများဖြစ်ပေါ်လာခြင်းကြောင့် အစိုးရများအနေနှင့် တက်ကြွလှုပ်ရှားသူတို့၏ တောင်းဆိုချက်များကို လက်ခံလိုက်လျော ရသော အခြေအနေများလည်းပေါ်ပေါက်လာခဲ့သည်။
သို့သော်နေရာအနှံ့အပြားတွင် လူထုအခြေပြု လှုပ်ရှားမှုများမှာတောင်းဆိုချက်များကို လိုက်လျောရမည့်အစား နိုင်ငံရေးနှင့် စီးပွားရေး ထိပ်သီးလူတန်းစားတို့သည် အဆိုပါအရပ်ဘက်လူ့အဖွဲ့အစည်းလှုပ်ရှားမှုများကို တိုက်ခိုက်နှိမ်နှင်းလာကြသည်ကိ်ု တွေ့မြင်လာရသည်။ ထို့ပြင် ပို၍တင်းကြပ်သော အင်တာနက်ဆင်ဆာ အားဖြင့် အစိုးရက ဝင်ပြီးထိန်းချုပ်နိုင်သော မီဒီယာဥပဒေများကို ချမှတ် အကောင်အထည်ဖော်ခြင်း ကိုဆောင်ရွက်လာခဲ့သည်။ ၄င်းတို့သည်နိုင်ငံတော်တည်ငြိမ်ရေးအတွက် လိုအပ်ချက်အရ အရပ်ဘက် အဖွဲ့အစည်းများကို ကြပ်မတ်ဆောင်ရွက်နေရသည် သို့မဟုတ် အနောက်နိုင်ငံများက နိုင်ငံတော် အချုပ်အခြာ အာဏာနှင့်သက်ဆိုင်သောကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ရန်ဆောင်ရွက်နေကြသည်ဟု ထိုအစိုးရများက ဆိုကြပြန်သည်။

လူထုအခြေပြုလှုပ်ရှားမှုများကို ရှုံ့ချခြင်းပြုသူတို့မှာ အာဏာရှင်အစိုးရများသက်သက်သာ မဟုတ်ပေ။ ဒီမိုကရေစီအစိုးရဟု ဆိုကြကုန်သော သြစတြေးလျ၊ ကနေဒါနှင့်အိန္ဒယကဲ့သို့သော နိုင်ငံကြီးများပင် ပါဝင်လာကြသည်။ ပြည်တွင်း လူထုလှုပ်ရှားမှုများအားသိက္ခာချရန်အတွက် ထိုလှုပ်ရှားမှုများအား ပြည်ပမှ ကြိုးကိုင်မှုများရှိနေသည့်သဖွယ် ပြောဆိုစွပ်စွဲကြသည်။ ၄င်းတို့ ဆောင်ရွက်နေသော လူထုဆန့်ကျင်သည့် ပရောဂျက်ကြီးများ၊ ရေနံပိုက်လိုင်းကြီးများနှင့် ကျောက်မီးသွေးမိုင်းများမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်ဖြစ် သည်ဟု ဆင်ခြေပေးကြသည်။ အရင်းစစ်လိုက်လျှင် ထိုကိစ္စများအားလုံးတွင် အရပ်ဘက်လှုပ်ရှား မှုများအား နှိပ်ကွပ်သူတို့၏ ပန်းတိုင်မှာ တစ်ခုတည်းဖြစ်သည်။ နိုင်ငံရေး အာဏာအတွက် ( သို့မဟုတ်)အာဏာ အဆောက်အအုံ၏ ထိပ်ဖျားတွင် ပါဝင်နေကြသူများ၏ စီးပွားရေးအကျိုးအမြတ် အတွက်သာ ဖြစ်သည်။
လူ့အခွင့်အရေးလှုပ်ရှားသူများ၊ ကျားမခွဲခြားဆက်ဆံမှုကို ဆန့်ကျင်သူများ၊ တရားဥပဒေစိုးမိုးမှုကိုတောင်း ဆိုသူများ၊ LGBT အခွင့်အရေးအတွက်လှုပ်ရှားကြသူများ၊ သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ရေးနှင့် လူမှုရေးသက်ရောက်မှုများကို ထည့်သွင်း စဉ်းစားသော စီးပွားရေးမူဝါဒများကို တောင်းဆိုကြသူများအပေါ် အုပ်ချုပ်သူများက ဖိနှိပ်ကြသည်မှာ ထူးခြားသည့် ဖြစ်စဉ်အသစ်တော့မဟုတ်ပါ။ အရပ်ဘက်လူ့အဖွဲ့အစည်းမှ တက်ကြွလှုပ်ရှားသူတို့သည် ၄င်းတို့၏ ဆိုင်ရာ ဆိုင်ရာ အစိုးရများအား နာလိုခံခက်အောင် ဝေဖန် ထောက်ပြခြင်း အမှုကို ပြုနိုင်သူများဖြစ်ကြရမည်။ ပြုလည်းပြုသင့်ကြသည်။ သူတို့သည်အစိုးရ၏ မူဝါဒများကို စောင့်ကြည့်အကဲခတ်သူများဖြစ်ကြပြီး နိုင်ငံဖွံ့ဖြိုးရေးအတွက် မလျော်ကန်သော အမှုကိုပြုသောအခါ ပြည်သူ တို့အား သတိပေးကြရမည်ဖြစ်ပြီး ပိုမိုကောင်းမွန်သော မူဝါဒများဖြစ်ပေါ်လာစေရေးအတွက် ပြည်သူများကြား ဝိုင်းဝန်းဆွေးနွေးမှုများ၊ အကျိုးရှိသော အငြင်းအခုံများပေါ်ပေါက်လာပြီး နိုင်ငံရေးအရ၊ လူမှုရေးသဘော တရားများအရ အဆင်ပြေမည့် အခြားနည်းလမ်းများကို တင်ပြပေးရမည်ဖြစ်သည်။ နိုင်ငံတကာ အဆင့်ဆောင်ရွက်ရသော မူဝါဒရေးရာကိစ္စများတွင် NGO များ၏ အကူအညီမှာ အရေးပါနေဦးမည်ဖြစ်သည်။ ဥပမာ- ကုလသမဂ္ဂရေရှည်ဖွံ့ဖြိုးရေးရည်မှန်းချက်များနှင့် ပဲရစ်ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ သဘောတူ ညီချက်များအား အကောင်အထည်ဖော်ကြရာတွင် အစိုးရသည် NGO များကိုအား ထားကြရ ပေဦးမည်။

သို့ဖြစ်ရာ အရပ်ဘက်အဖွဲ့အစည်းများ၏ လုပ်ပိုင်ခွင့်များ ကျဉ်းကျပ်လာခြင်းကိုလည်း နိုင်ငံ့လွှတ်တော်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ အဆင့်ညှိနှိုင်းကြသည့်ဆွေးနွေးပွဲများတွင် တင်ပြဆွေး နွေးစရာ အာဂျင်ဒါတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားကြရပေမည်။ လွတ်လပ်စွာ တင်ပြဆွေးနွေးခွင့်၊ လွတ်လပ်စွာစုဖွဲ့လှုပ်ရှားခွင့်၊ စီတန်းဆန္ဒပြခွင့်များသည် ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်များဖြစ်ကြပါ၏။ ထိုအခြေခံလွတ်လပ်ခွင့်များကို ကန့်သတ်ချုပ်ချယ် ရန်ကြိုးစားခြင်းသည် ဒီမိုကရေစီစနစ်ကျင့် သုံးနေသော နိုင်ငံအားလုံးကို စိန်ခေါ်ခြင်းဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အနှောက် အယှက်ဖြစ်စေမည်ဖြစ်သောကြောင့် အရပ်ဘက်လူ့အဖွဲ့အစည်းအား ဖိနှိပ်မှုများ တကျော့ပြန်လာ နေသည် ကိုရပ်တန့်ကြရပါမည်။

နွဲ့ကေခိုင်

Leave a Reply