Dr. Anthoy Wanis-St.John နှင့် Dr. Darren Kew ( စာရေးသူများမှာ နိုင်ငံတကာငြိမ်းချမ်းရေးဖြစ်စဉ် အချို့တွင်စေ့စပ်ညှိနှိုင်းပေးသူများ၊ စောင့်ကြည့်သူများအဖြစ် ဆောင်ရွက်ခဲ့ကြသည့် လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံရှိသူများဖြစ်ကြသည်)
နိုင်ငံတကာတွင် ပဋိပက္ခများအလွန်ငြိမ်းချမ်းမှုတည်ဆောက်ရေးဖြစ်စဉ်များတွင်အရပ်ဘက်လူ့အဖွဲ့အစည်းများပါဝင်လာရမည်ဟူသောအယူအဆကို အများလက်ခံစပြုလာသည်မှာ အတန်ငယ်ကြာခဲ့ပါပြီ။ သို့သော်လည်း အရပ်ဘက်လူ့ အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းသည့် စားပွဲဝိုင်းများပေါ်တွင် အမှန်တကယ် နေရာပေးခံရန် ကိုမူ လက်ခံလိုသူများ ရှားပါးနေမြဲဖြစ်သည်။

3 copy

အရပ်ဘက်လူ့အဖွဲ့အစည်းမှာ ဆွေးနွေးပွဲစားပွဲဝိုင်း ပေါ်တွင်ပါဝင်နိုင်ခြင်းမရှိပါက ရေရှည်တွင် ငြိမ်းချမ်းရေးကို မြဲအောင် ခိုင်အောင်လုပ်ဖို့ရာ တွင် အထစ်အငေါ့များ ရှိလာနိုင်ကြောင်းကို အထက်ပါစာရေးသူနှစ်ဦး၏ နိုင်ငံတကာ ငြိမ်းချမ်းရေးဖြစ်စဉ်များစွာကို နှိုင်းယှဉ်သုံးသပ် ချက်စာတမ်းတစ်စောင်က ဖော်ပြခဲ့ပါသည်။ ထိုစာရေးသူများက အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် ငြိမ်းချမ်းရေး စားပွဲဝိုင်းများကြားဆက်ဆံပုံ သုံးမျိုးကိုဤသို့ခွဲခြားခဲ့သည်။

( ၁) ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင် အရပ်ဘက်လူ့ အဖွဲ့အစည်းများပါဝင်နိုင်ရန် တရားဝင် နေရာ ( ထိုင်ခုံနှင့် ပါဝင်ဆွေးနွေးခွင့်) ပေးသည်။ ( ၂) စားပွဲဝိုင်းတွင် ကုလားထိုင်မရသော်လည်း စာပွဲဝိုင်းတွင် ညှိကြနှိုင်းကြသူများအပေါ်တွင် သြဇာသက်ရောက်မှုရှိလျက် အကျိုးအကြောင်းကို အရပ်ဘက်လူ့အဖွဲ့အစည်းအနေနှင့် သွယ်ဝိုက်တင်ပြနိုင်သည်။ (၃) မည်သည့်နည်းနှင့်မျှ ပါဝင်ခွင့်မရဘဲ လုံးဝဖယ်ထားခံရသည်။

ထိုစာရေးသူများ၏ ရေရှည်အတွေ့အကြုံများအရ အရပ်ဘက်လူ့အဖွဲ့အစည်းသည် ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင် ပါဝင်မှုနည်းလေလေ၊ ထိုသက်ဆိုင်ရာဒေသတွင်တိုက်ပွဲပြန်စရန် မြန်လေလေဖြစ်သည့်အခြေအနေများကို တွေ့မြင်ခဲ့ကြရသည်။ ငြိမ်းချမ်းရေးကို တာရှည်ခံအောင် တည်ဆောက်ကြရာ အောင်မြင်မှုပန်းတိုင်ရောက်ရန် မှာ အကြောင်းရင်းများစွာကို အခြေခံပါသည်။ ထိုအကြောင်းရင်းခံတို့မှာ များပြားသလို ရှုပ်ထွေးစွာ ချိတ်ဆက်လှုပ်ရှားနေကြသည်။ စစ်ပွဲတစ်ခုကို စတင်ရန် အကြောင်းရင်းများ များပြားရှုပ်ထွေးကြသကဲ့သို့ပင် ငြိမ်းချမ်းရေးကို ပြန်တည်ယူရန် ထည့်စဉ်းစားရမည့် အကြောင်းအရာများကလည်း ကျယ်ပြောလှသည်။

အရပ်ဘက်လူ့အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ခြင်း နှင့်ဖယ်ထုတ်ခံရခြင်း
လွန်ခဲ့သောနှစ်များအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အဆင့်ဆင့်တွင် အရပ်ဘက်လူ့အဖွဲ့အစည်းများပါ ဝင်မှုရှိနေရ မည်ဟူသောအချက်ကို ပိုမိုကျယ်ပြန့်စွာလက်ခံလာကြပါသည်။ သို့သော် နိုင်ငံတကာမှ ငြိမ်းချမ်းရေး အတွက်ဝင်ရောက်စေ့စပ်ပေးသူများနှင့် ဆွေးနွေးမှုစားပွဲဝိုင်းတွင် မျက်နှာစုံညီပါဝင်နေကြသော ရန်မီးကို မငြှိမ်းနိုင်သေးသော အီလစ်ခေါင်းဆောင်များသည် အရပ်ဘက်လူ့အဖွဲ့အစည်းအတွက် ကြည်ကြည်သာသာ တံခါးဖွင့်ပေးလိုသူများ မဟုတ်ကြောင်းအဖန်ဖန်တွေ့မြင်ခဲ့ကြရပြီးဖြစ်သည်။ အရပ်ဘက်လူ့အဖွဲ့အစည်းသည် ထိုစားပွဲဝိုင်းသို့ချဉ်းကပ်နိုင်ရန် ၎င်းတို့ဘာသာ အားထုတ်နေရဆဲဖြစ်သည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများစွာသည် ဖွဲ့စည်းတည်ဆောက်ပုံ သဘောအရ အခြေခံကျကျပင် အရပ်ဘက်လူ့အဖွဲ့အစည်းကို ဖယ်ထုတ်ထားသော ဆွေးနွေးပွဲဒီဇိုင်းကိုရေးဆွဲကြသည်။ သို့သော် အရပ်ဘက်လူ့အဖွဲ့အစည်းသည် ဖယ်ထုတ်ထားသည့် စားပွဲဝိုင်းအပြင်တွင် ရောက်နေသည့်တိုငေ် အာင် တိတ်တိတ်ဆိတ်ဆိတ်ငြိမ်နေကြတော့မည်မဟုတ်ပါ။

လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုစာအတွင်း ဆောင်ရွက်ခဲ့သော ကမ္ဘာအရပ်ရပ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အရပ်ဘက်လူ့အဖွဲ့အစည်းဟာ ထိုင်ခုံ ပေးထားခဲ့လျှင် အခြေအနေမည်သို့ရှိမည်နည်းဟု ငြိမ်းချမ်းရေးစေ့စပ် ညှိနှိုင်းပေးသူများအားမေးလိုလှသည်။ ငြိမ်းချမ်းရေးဖြစ်စဉ် ( Peace process) သည် ငြိမ်းချမ်း ရေးအတွက် စေ့စပ်ညှိနှိုင်းသည့် စားပွဲဝိုင်းများထက် ပိုမို ကျယ်ပြန့်ပါသည်။ အရပ်ဘက်လူ့အဖွဲ့အစည်းမည်သည် ထိုအကျယ်အပြန့်ကို ခြုံငုံမိသော ဌာနအရပ်ရပ်ကို ကိုယ်စားပြုသည်။
စေ့စပ်ညှိနှိုင်းမှုများကို ပါဝင်သူများနှင့်လေ့လာသူပညာရှင်များသည် အီလစ်အချင်းချင်းဆွေးနွေးကြသော ရလဒ်များကိုသာ ပစ်မှတ်ထားလေ့ရှိကြသည်။

အရပ်ဘက်လူ့အဖွဲ့အစည်းကို ဖယ်ထုတ်ထားခြင်းရလဒ်ကိုမူ မမြင်တတ်ခဲ့ကြပေ။ ထိုသို့ဖယ်ထုတ်ထားခြင်းအကြောင်းရင်းများတွင် (၁) မိမိတို့ စားပွဲဝိုင်းအတွင်းပါဝင်သော Hardliner သဘောထားတင်းမာသူများကို ထိန်းမရတော့မည်ကို စိုးရိမ်ခြင်း ( ၂) မိမိတို့ရန်သူနှင့် မိမိတို့ ညှိနှိုင်းနေရသောအချက်များကို မိမိဘက်မှ ရပ်တည်နေသော ပြည်သူများ မသိစေလိုခြင်း ( ၃) စားပွဲဝိုင်းတွင် ပါဝင်နေသူများနှင့် ယုံကြည်မှုတည်ဆောက်ရန် လိုအပ်နေချိန်ဟု ယူဆခြင်းတို့ပါဝင်သည်။ ပစ်နေခတ်နေဆဲ အခြေအနေမျိုးတွင် တစ်ဖက်နှင့် တစ်ဖက်စေ့စပ်ပြေငြိမ်းရန် စကားပြောသောအခါမျိုးတွင် ပို၍ပင်လျှို့လျှို့ဝှက် ဝှက်ဆောင်ရွက်တတ်ကြသေးသည်။ ထိုအချိန်မျိုးတွင် သုံးသော လျှို့ဝှက်လမ်းကြောင်းကို ဟင်နရီကစ်ဆင်းဂျားက Black Channel ဟုခေါ်သည်။ စေ့စပ်ညှိနှိုင်းသူတို့သည် ၎င်းတို့ လိုလားချက်တစ်ခုရ အောင်တောင်းဆိုချိန်တွင် မိမိဘက်ကလည်း အပြန်အလှန်လိုက်လျောပေးရခြင်းမျိုးလည်း သဘောတူညီချက် တွင် ပါလာမြဲဖြစ်သည်။ အကယ်၍ လျှို့ဝှက်ညှိနှိုင်းကြခြင်းတွင် အပေးအယူများလေလေ အရပ်ဘက်လူ့အဖွဲ့ အစည်းကဲ့သို့ ပါဝင်သင့်သူများကိုဖယ်ထုတ်ထားခြင်းက ရေရှည်တွင် ဆိုးကျိုးများလေလေဖြစ်သည်။ ၁၉၉၃ ခုနှစ် အော့စလိုတွင်
ကျင်းပသော ပါလက်စတိုင်း- အစ္စရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲ မှာ ဥပမာတစ်ခုဖြစ်သည်။ တင်းကျပ်စွာ လျှို့ဝှက ်သောကိစ္စတစ်ခုဖြစ်ခဲ့သည်။အကျိုးဆက်မှာ မကြာမတင်ပင် အကွဲအပြဲများပြန်ပေါ်ကြပြီး ၂၀ဝ၁ တွင် နောက်ထပ်စေ့မရအောင်ဖြစ်သည့်အဆင့်သို့ရောက်သည်။

သို့ရာတွင် ပင်ကိုကပင်ရှုပ်ထွေးလွန်းသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများထံသို့ အရပ်ဘက်လူ့အဖွဲ့အစည်း များကိုထည့်လိုက်ခြင်းကြောင့်ရလိုသော ငြိမ်းချမ်းရေးနှင့် အလှမ်းပိုမဝေးနိုင်ဘူးလားဟု မေးစရာရှိပါသည်။ သို့သော် ထို ရှုပ်ထွေးသောကိစ္စများကိုဆွေးနွေးသည့် စားပွဲဝိုင်းတွင် ထိုအဖွဲ့အစည်းများရှိမနေခြင်းက ပို၍ အန္တရာယ်ကြီးနိုင်သည်ဟု ဥပမာများစွာတွင်တွေ့ရှိခဲ့ကြသည်။ ၎င်းတို့ထံမှ အသံများကိုနားမထောင်နိုင်ခြင်း၊ ၎င်းတို့၏လိုလားချက်များကို မသိနိုင်ခြင်းက လက်မှတ်ထိုးလိုက်နိုင်သော ငြိမ်းချမ်းရေးစာချုပ်များကိုပင် စစ်ပွဲအလွန် ပဋိပက္ခပြေငြိမ်းရေးကာလအတွင်း ပြန်ပျက်ပြယ်သွားနိုင်စေသည့် အဖြစ်မျိုးများရှိခဲ့ပါသည်။
အရပ်ဘက်လူ့အဖွဲ့အစည်းက လုပ်ပေးနိုင်သည်များတွင် ပြည်သူ့ဘက်ကို ကိုယ်စားပြုသည့် အသံများကို စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်တင်ပေးနိုင်ခြင်းလည်းပါဝင်သည်။

အရပ်ဘက်လူ့အဖွဲ့အစည်း၏ နေရာ

(၁) အရပ်ဘက်လူ့အဖွဲ့အစည်းများ၏ အလုပ်တွင်ပြည်သူများ၏ အကျိုးဖြစ်ထွန်းစေသည့် ကိစ္စ များအထ မြောက်ရာ မြောက်ကြောင်း အစိုးရတို့၏ နားသို့ အရောက်ပို့ရခြင်းပါဝင်သည်။ တစ်ပြိုင်နက်တွင် အစိုးရက ၎င်း၏ လုပ်ပိုင်ခွင့်ဘောင်ကိုကျော်ပြီး လက်လွန်ခြေလွန်ဖြစ်သည့်အခါမျိုးတွင်လည်း ထိန်းကွပ်ပေးသည့် အလုပ် ကိုဆောင်ရွက်ရသည်။ သို့ဖြစ်ရာ အစိုးရသည် အရပ်ဘက်လူ့အဖွဲ့အစည်းဖြစ်တည်နေခြင်း ၏ အကျိုးကို လည်း သတိချပ်ရပါမည်။ နိုင်ငံတော်ဆိုသော ဖြစ်တည်မှုကို အရပ်ဘက်လူ့အဖွဲ့အစည်းက တောင့်တင်းအောင် ကူညီပေးနိုင်သည်။ အထူးသဖြင့် အရပ်ဘက်အဖွဲ့အစည်းများသည် ပြည်သူတို့ဘက်က သတင်းအချက် အလက် များကို အစိုးရထံ ယူဆောင်ပေးသူများဖြစ်ပြီး အစိုးရ၏ မူဝါဒရေးရာဖော်ဆောင်မှုများတွင် ပြည်သူတို့ လို လားသည်များ၊ လိုအပ်ချက်ရှိသည်များထောက်ပြခြင်းအားဖြင့် အစိုးရတစ်ရပ်၏ အများကြည်ညို လက်ခံနိုင်မှု၊ ထောက်ခံမှုကို ထိန်းထားပေးနိုင်သည့်အပြင် အစိုးရအနေနှင့် တာဝန်ခံမှုရှိလာအောင် စောင့်ကြည့်သူ အဖြစ်လည်းနေရာယူထားသည်။

(၂) အရပ်ဘက်လူ့အဖွဲ့အစည်းများ၏ အခန်းကဏ္ဍနောက်တစ်ခုမှာ နိုင်ငံရေးယဉ်ကျေးမှုကို တည်ဆောက် သူများအဖြစ် ရပ်တည်ရခြင်းဖြစ်သည်။ ဒီမိုကရက်တစ်နိုင်ငံသားတို့၏ တန်ဖိုးများကို ပျံ့နှံ့စေသောအလုပ်မှာ အရပ်ဘက်လူ့အဖွဲ့စည်းများ၏ လုပ်ငန်းတစ်ရပ်ဖြစ်သည်။ သူတို့သည် ပြည်သူများအားလည်းကောင်း၊ နိုင်ငံရေးအီလစ်များကိုလည်းကောင်း ဒီမိုကရေစီစံနှင့်ညီညွတ်သော အပြုအမူများမှာ ဤသို့ဖြစ်သည်ဟု ပြသပေးနိုင်ကြသည်။ ဥပမာ- နိုင်ငံသားတစ်ယောက်သည် ဒီမိုကရေစီကျကျ ဖွဲ့စည်းထားသော အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများတွင် ပါဝင်လာသောအခါ ဒီမိုကရစီစနစ်ကိုဖြစ်တည် စေသောတန်ဖိုး များအကြောင်း၊ အမူအကျင့်များအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်တီးခေါက်မိလာပေမည်။ ပွင့်သစ်စ ဒီမိုကရေစီနိုင်ငံတစ်ခုအနေဖြင့် စစ်မှန်သော ဒီမိုကရေစီအမူအကျင့်များကို လေးလေးနက်နက်လက် ခံယုံကြည်ကျင့်သုံးခြင်းမျိုးမဟုတ်လျှင် အမည်ခံဒီမိုကရေစီဖြစ်ရုံမျှသာဖြစ်ပြီး အာဏာရှင်ခေတ်၏ အလေ့အကျင့်အမွေကိုရလာခဲ့သော အီလစ်တို့၏ ဟန်ပြဒီမိုကရေစီဖြစ်ဖို့သာအကြောင်းများပါသည်။ ရင့်ကျက်သောဒီမိုကရေစီနိုင်ငံများတွင်ပင် ထိုကဲ့သို့ သော အမူအကျင့်များကြောင့် ဒီမိုကရေစီအနှစ်အသားများ တိုက်စားပွန်းပဲ့လာနိုင်သည်။

အရပ်ဘက်လူ့အဖွဲ့အစည်းသည် ဒီမိုကရေစီတန်ဖိုးများပျံ့ပွားစေရေးတရားကိုနာနာဟောရသူများဖြစ်ကြရာ မိမိတို့ကိုယ်တိုင်တွင်ဖြစ်စေ၊ အဖွဲ့အစည်းအတွင်း၌ဖြစ်စေ ဒီမိုကရေစီသဘော ခိုင်မြဲစွာရှိနေရန် အဖန်တလဲလဲ အားထုတ်ကြရသည်။ လုပ်ငန်းဖွဲ့စည်းဆောင်ရွက်ပုံဒီဇိုင်းကပင် ဒီမိုကရေစီသဘောကိုဆောင်နေမှသာ အဖွဲ့ဝင်များသည်လည်း ထိုနိုင်ငံရေးယဉ်ကျေးမှုနှင့် အရိုးစွဲလာပြီး ပတ်ဝန်းကျင်ကို ထိုတန်ဖိုးများပြန့်ပွားစေ ရေးကိုလည်း ယုံယုံကြည်ကြည်ဆောင်ရွက်နိုင်ကြမည်။
ပြိုသွားသော နိုင်ငံများ ( Failed states)၊ ပြိုလုလုနိုင်ငံများ ( Collapsing states) များတွင်လည်း အရပ်ဘက် လူ့အဖွဲ့အစည်းသည် အထက်ဖော်ပြပါ လုပ်ငန်းများကို တစ်နည်းတစ်ဖုံ မဖြစ်ဖြစ်အောင်ဆောင်ရွက်ခဲ့ကြရ သည်ချည်းဖြစ်သည်။ အစိုးရမရှိသော သို့မဟုတ် တာဝန်မယူသောကိစ္စများတွင် ကြားဝင်ဆောင်ရွက်စရာ ရှိသည်တို့ကို ရန်လိုသူ အစိုးရများ၊ မိမိတို့ကိုအမြင်စောင်းသူအစိုးရများအုပ်စိုးနေချိန်တွင်ပင် မိမိတို့ ရနိုင်သလောက်ဘောင်အတွင်းမှ လှုပ်ရှားခဲ့ကြသည်။ မရိုးဖြောင့်သော အီလစ်များက အရပ်ဘက်လူ့အဖွဲ့ အစည်းအားမိမိတို့ အိတ်ကပ်ထဲကောက်ထည့်လိုခြင်းမျိုးမှာလည်း တွေ့နေကျပုံစံသာဖြစ်သည်။ ၎င်းတို့ သဘောအတိုင်းမဖြစ်သောအခါမျိုးတွင် ကိုယ်ထိလက်ရောက်ခြိမ်းခြောက်မှုကို လုပ်ဆောင်လာနိုင်ပြီး ထိုအခါမျိုးတွင် အရပ်ဘက်လူ့အဖွဲ့အစည်းဘက်မှသဘောထား ပျော့ပျောင်း သူများထံပင်လျှင် ခြိမ်းခြောက်မှုများရောက်ရှိလာပြီး မိမိကိုယ်ကို မကာကွယ်နိုင်တော့သည့်အဖြစ်မျိုးအထိရောက်လာနိုင်သည်။

ထိုသို့အတွေ့အကြုံများရှိနေလင့်ကစား အရပ်ဘက်လူ့အဖွဲ့အစည်းသည် အစိုးရ၏ ဝန်ကိုပခုံးပေါ် မျှဝေကာ ထမ်းသောသူများဖြစ်နေကြစမြဲဖြစ်သည်။ခက်ခဲသော အခြေအနေများတွင်ပင် ကျန်းမာရေးစောင့်ရှောက် မှုပေးခြင်း၊ ပညာရေး၊ အိမ်ရာ နှင့် အခြေခံလိုအပ်ချက်ရှိနေသူများအားကူညီပေးသည့် လုပ်ငန်းများကို လုပ်ကိုင်နေကြမြဲဖြစ်သည်။ အရပ်ဘက်လူ့အဖွဲ့အစည်းသည် တစ်ချိန်တွင် နိုင်ငံရေးအီလစ်ဖြစ်လာမည့်သူများ ယာယီ ခိုအောင်းရာ လုံခြုံသည့်နေရာတစ်ခုလည်းဖြစ်နေနိုင်သေးသည်။ အရပ်ဘက်လူ့အဖွဲ့အစည်းသည် နိုင်ငံတော်အတွက်လိုအပ်သည့် ပညာရပ်ဆိုင်ရာအကြံပေးများထွက်ပေါ်လာရာနေရာလည်းဖြစ်သည်။

ငြိမ်းချမ်းရေးတွင် အရပ်ဘက်လူ့အဖွဲ့အစည်း၏အခန်းကဏ္ဍ

ငြိမ်းချမ်းရေးသည် အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် နည်းလမ်းသုံးသွယ်ဖြင့် ပတ်သက်နေသည်။(၁) အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့်ပြည်သူများ ၏ ကိုယ်စားလှယ်အဖြစ် တစ်စုံတစ်ယောက်က စကားဝိုင်း အတွင်း ရောက်ရှိနေသောအခါ (၂) အရပ်ဘက်လူ့အဖွဲ့အစည်းများက စကားဝိုင်းတွင်ပါဝင်ဆွေးနွေး နေသူများအတွက်အကြံဉာဏ်များပေးသောအခါ (၃) မိမိတို့ကိုယ်တိုင် စကားဝိုင်းတွင်ပါဝင်ဆွေးနွေးသောအခါ များတွင်ဖြစ်သည်။

သို့သော်သက်ဆိုင်ရာတို့က အရပ်ဘက်လူ့အဖွဲ့အစည်းကိုနေရာပေးသောအခါများတွင် တိုင်ပင်ဆွေးနွေးရုံ၊ အကြံပေးသည်ကိုလက်ခံရုံအဆင့်တွင်သာ ရပ်ထားချင်သည့် ဆန္ဒ္ဒကိုသာ တွေ့ရသည်ကများသည်။ ၎င်းတို့အား ပဋိပက္ခအလွန်ပြန်လည် ထူထောင်ရေးတွင်သာ ပို၍အသုံးချလိုကြသည်။ အရပ်ဘက်လူ့အဖွဲ့အစည်းအနေနှင့်မူ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ထဲထဲဝင်ဝင် ဝင်ပါနိုင်အောင် မိမိတို့ဘာသာ တွန်းတွန်းတိုက်တိုက်ဆောင်ရွက် ရလေ့ရှိပြီး မငြိမ်းချမ်းခြင်းမှသည် ငြိမ်းချမ်းခြင်းသို့ ပြောင်းလဲတိုးတက်လာသည့် ဖြစ်စဉ်တိုင်းတွင်မိမိတို့ လုပ်ကိုင်နိုင်သည်များကို ရှာဖွေအားထုတ်နေကြရသည်။ သို့သော် ဆွေးနွေးဆုံးဖြတ်နိုင်သည့်ပါဝါများ၏ Lion Share ကို ရယူထားသော လက်နက်ကိုင်ထားသဖြင့် အရေးပါနေသည့် နိုင်ငံရေးအီလစ်များကိုသာ နိုင်ငံတကာက အသိုင်းအဝိုင်းကအာရုံထားလေ့ရှိသည်။

သို့ဆိုလျှင် အရပ်ဘက်လူ့အဖွဲ့အစည်းက အဆင့်တိုင်းတွင် အဘယ့်ကြောင့်လိုအပ်သနည်းဟု မေးခွန်းထုတ် လာ သူများရှိနိုင်သည်။ အဘယ်ကြောင့်ဆိုသော် စစ်တို့မည်သည် အရပ်သားနှင့်လည်းဆိုင် သောကြောင့်ဖြစ် သည်။ ထိုစစ်ဒဏ်ကိုခံရသောပြည်သူများ အသံကိုလိုရာရောက်အောင် ပေါင်းကူးပေးနေသူမှာ အရပ်ဘက် လူ့အဖွဲ့အစည်းဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်များအတွင် စစ်ကြောင့် သေဆုံးရသူများတွင် အရပ်သားက ၉၀ ရာခိုင်နှုန်းအထိပါနိုင်သည်ဟုဆိုကြသည်။
ထို့ကြောင့်ငြိမ်းချမ်းရေးကိုဆွေးနွေးရာတွင် အရပ်သား ကိုယ်စားပြုမှုလိုသည်ဟု လက်ခံလာကြခြင်းဖြစ်သည်။ စစ်အလွန်ကာလငြိမ်းချမ်းရေးတည် ဆောက်မှုလုပ် ငန်းများ တွင်လည်း အရပ်ဘက်လူ့အဖွဲ့အစည်း၏ အခန်းကဏ္ဍမှာကျယ်ပြန့်လာခဲ့ပါသည်။ အထက်ကဆုံးဖြတ် သည်ကို အောက်က လိုက်ပါဆောင်ရွက်ရသော Top-down ချမှတ်လိုက်သည့် ငြိမ်းချမ်းရေးသ ဘောတူညီချက် များကို အကောင်အထည်ဖော်ကြသည့်အခါ ပြည်သူတို့အနေဖြင့် ပေါ်ပေါက်လာသည့် အခြေအနေသစ်အပေါ်လက်ခံမှုများ၊ နားလည်မှုသဘောပေါက်မှုများ၊ ထိုအခြေအနေသစ်ဆီသို့သွားရန် တစ်သားတည်းယုံကြည်လိုက်ပါလိုမှုများပေါ်ထွက်လာရန်မှာမူ စိတ်ဝမ်းကွဲမှုများအားကုစားကြသည့် Bottom up အောက်ခြေမှ အားထုတ်မှုများရှိမှာသာဖြစ်နိုင်သည်။ အရပ်ဘက်လူ့အဖွဲ့အစည်းသည် ပြည်သူတို့ကြားတွင်ရှိသောကြောင့် ဒေသ၏ သဘောကိုညက်ပြီး ကိုယ်စီကိုယ်စီတွင်ရှိနေနိုင်သည့် အကျိတ်အခဲများ၊ အခုအခံများအား နားလည်သည်။ အခက်အခဲကိုသိသလို ဖြေရှင်းနိုင်မည့် နည်းကိုလည်းမိမိ ဒေသကို သဘောပေါက်သောကြောင့် အောက်ခြေမှ ပါဝင်မှုကို ထိရောက်အောင်အားထုတ်နိုင်သည်။

ကိုးကား
John, A. W. S., & Kew, D. (2008). Civil society and peace negotiations: Confronting exclusion. International Negotiation, 13(1), 11-36.

Leave a Reply