Advertisements

လက်ရှိအခြေအနေတွင် မွန်ပြည်နယ်၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခြေအနေမှာ နှစ်ထောင်းအားရဖွယ် အနေအထားတစ်ရပ်အဖြစ် ရှုမြင်ရန် အလှမ်းကွာဝေးနေဆဲသာ ဖြစ်သည်။

ပထဝီမြေမျက်နှာသွင်ပြင်၊ ရေဆင်း၊ သဘာဝသယံဇာတ၊ ခရီးလမ်းပန်းအပါအဝင် ရေခံမြေခံကောင်းများစွာ၊ အခြေခံအဆောက်အဦနှင့် လူ့စွမ်းအားအရင်းအမြစ်များစွာ ပိုင်သသော မွန်ပြည်နယ်သည် ဖွံ့ဖြိုးတိုးတက်မှုအရာ၌ ကြန့်ကြာနှေးကွေးဆဲဖြစ်ကြောင်းသုံးသပ်ရန် အကြောင်းများစွာ ရှိနေသည်။

ယင်းကို စီးပွားရေးလေ့လာသူများရော လုပ်ငန်းရှင်များကိုပါမက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနပါမကျန် အသီးသီး၏ ရှုထောင့်အမြင် အရပ်ရပ်ကို ဟင်္သာက ယခုသီတင်းပတ်၌ စုစည်းတင်ပြထားသည်ဖြစ်၏။

ဥပဒေနှင့် သတ်မှတ်ချက်အရ ဖြေလျော့မှုများစွာ ပြုလုပ်ပေးထားသည့်တိုင်၊ ရင်းနှီးမြှုပ်နှံမှုများကို အားပေးကူညီမည်ဟူသော အချက်အပါအဝင် စီးပွားရေးမူဝါဒ ၁၂ ရပ် ချမှတ်ထားသည့်တိုင်၊ အစိုးရသက်တမ်း တစ်ဝက်ပြည့်လုနီးသည့်တိုင် မွန်ပြည်နယ်အတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုအခြေအနေ မှန်းချက်နှင့် နှမ်းထွက် မကိုက်သေး။

လမ်း၊ တံတား၊ လျှပ်စစ်မီးကဲ့သို့သော အခြေခံအဆောက်အဦများမပြည့်စုံနိုင်သေးသည့်တိုင် ယခုအခြေအနေတွင် တစ်ဆို့ပိတ်ဆိုင်းနေသော အကြောင်းတရားများအား ဝိုင်းဝန်းအဖြေရှာကြရန် ချိန်ခါတန်ပြီဟု ဟင်္သာက ယုံကြည်ပါသည်။

ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် ဝန်ထမ်းရေးရာအပေါ် စောကြောဝေဖန်ခြင်း၊ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏လုပ်ပိုင်ခွင့်နှင့် ဆုံးဖြတ်နိုင်စွမ်းအပေါ် အဖြေထုတ်ခြင်း၊ မြေယာ
ပြဿနာများ၊ နည်းပညာနှင့် ကျွမ်းကျင်ဝန်ထမ်း လိုအပ်ချက်များကို ဖြည့်ဆည်းခြင်းစသော ရှုထောင့်အမျိုးမျိုးကို အစီအမံတကျလှမ်းသင့်နေပြီဟုလည်း ထောက်ပြလို၏။

လက်ကျန်သက်တမ်းဝယ် ဒေသ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကိန်းဂဏန်းများကို မြင့်မားတိုးတက်လာစေသော အစိုးရတစ်ရပ်အဖြစ် သမိုင်းမော်ကွန်း ကမ္ဗည်းတင်ရစ်နိုင်မည့် အခွင့်အရေးကို လက်လွတ်မခံသင့်ကြောင်းတိုက်တွန်းလိုရင်းပင်။

Written by အယ်ဒီတာ

Advertisements
<

Leave a Reply