ထားဝယ်၊ ဇွန်

တနင်္သာရီတိုင်းဒေသကြီးအတွင်း နှစ်ပေါင်းများစွာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်နေကြသည့် အရွယ်လွန် ကမ်းနီးငါးဖမ်းလှေများအား သင့်တော်သည့် ငါးဖမ်းလိုင်စင်ချထားဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ ဇွန်လ၂၄ ရက်နေ့က ပြုလုပ်သော တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေးက မေးမြန်းခဲ့သည်။

“ဆိုလိုတာက ကမ်းနီးလိုင်စင်ချပေးဖို့ အတင်းတောင်းတာ မဟုတ်ဘူး၊ သင့်တော်တဲ့ လိုင်စင် တစ်ခုခုပေါ့”ဟု ဦးဗိုလ်ထွေးက ဆိုသည်။

ယင်းစက်လှေများတွင် ရေကြောင်းဦးစီးဌာနမှထုတ်ပေးထားသည့် ဂရမ်ရှိပြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပေးသည့်လိုင်စင် မရှိ၍ ယင်းဌာနသို့အမိန့်၊ ညွှန်ကြားချက် တစ်စုံတစ်ရာသက်ဆိုင်ရာဒေသအစိုးရအဖွဲ့က ထုတ်ပေး မည်ဆိုလျှင် ထုတ်ပေးလို့ရသည်ဟုမိမိအနေဖြင့်ယူဆကြောင်း၊ သင့်တော်သည့်လိုင်စင် တစ်ခုခုချပေးရန် အစိုးရ၏ စီမံခန့်ခွဲမှုနည်းလမ်းဖြင့်ဆောင်ရွက်နိုင်ကြောင်း ၎င်းက ပြောသည်။

၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကမ်းနီးငါးဖမ်းသတ်မှတ်ချက်နှင့် ညီညွတ်သော ငါးဖမ်းရေယာဉ် ၉၄၀၉ စင်းရှိပြီး ကမ်းနီးငါးဖမ်းသတ်မှတ်ချက်နှင့် မညီညွတ်သော ထားဝယ်ခရိုင်တွင် ၈၉၇ စင်း၊ မြိတ်ခရိုင်တွင် ၄၉၃ စင်း၊ ကော့သောင်းခရိုင်တွင် ၈၇၁ စင်း၊ စုစုပေါင်း ၂၂၆၁ စင်းရှိသည်ဟု တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှပြုစုထားသော စာရင်းအရသိရသည်။

မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေသည် ၂၀၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စု၏ လုပ်ပိုင်ခွင့်ဖြစ်နေသဖြင့် ကမ်းနီးငါးဖမ်းရေယာဉ်များ၏ စက်အင်အားနှင့် လှေအရွယ်အစား သတ်မှတ်ချက်ထက်ကျော်လွန်နေမှုကို ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)မှတစ်ဆင့်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက်လျက်ရှိပါကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြန်လည်ဖြေဆိုခဲ့သည်။

အဆိုပါငါးဖမ်းစက်လှေများမှာ တချိန်က ကမ်းနီးငါးဖမ်းလိုင်စင်ဖြင့် လုပ်ကိုင်သည့်ရေယာဉ်များဖြစ်သော်လည်း ယခုအချိန်တွင်ငါးမဖမ်းရရာသီ၊ ငါးမဖမ်းရ ဧရိယာများသတ်မှတ်၍ ကမ်းဝေးငါးဖမ်းရေယာဉ်များကို ၃ လ ငါးမဖမ်းရ တားမြစ်ထားချိန်၌ ကမ်းဝေးငါးဖမ်းရေယာဉ်လည်း မဟုတ်၊ကမ်းနီးငါးဖမ်းရေယာဉ်ဖြင့် သတ်မှတ်ခြင်းမခံရသော ယင်းရေယာဉ်များမှာ ငါးဖမ်းဆီးခွင့်မရဘဲ ရပ်နားထားရသည်ဟု သိရသည်။

လှေနှင့်စက်အင်အားတိုးမြှင့်မှုကိုအကြောင်းပြု၍ သက်ဆိုင်ရာဌာနများမှ ထုတ်ပေးမြဲ ကမ်းနီးငါးဖမ်းလိုင်စင် နှင့် လှေဂရမ်/စက်ဂရမ်များကို ထုတ်ပေးခြင်းမရှိတော့သဖြင့် လုပ်ငန်းလုပ်ကိုင်ကြသူများမှာ တရားမဝင်လုပ်ငန်းလုပ်ကိုင်နေကြသူများသဖွယ် စိုးရိမ်ထိတ်လန့်စွာလုပ်ကိုင်နေကြရုံ သာမက နိုင်ငံတော်မှရ သင့်ရထိုက် သော အခွန်အခများလည်း နစ်နာလျက်ရှိကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဗိုလ်ထွေးက ထောက်ပြသည်။

ကမ်းနီးငါးဖမ်းဧရိယာအတွင်း ငါး အရအမိ ရှားပါးလာမှုကြောင့် ငါးအရအမိများသော ငါးဖမ်းကွက်ရှိရာသို့ သွားနိုင်ရန်နှင့် ရာသီဥတုဒဏ်ခံနိုင်ရန် အချို့သော ကမ်းနီးစက်လှေများသည် လှေအတိုင်းအတာနှင့် စက် အင်အား၊လုပ်သားအင်အားတိုးမြှင့်၍ အရင်းအနှီးများထည့်ကာ လုပ်ကိုင်
ခြင်းကြောင့် တပ်မတော် အစိုးရ လက်ထက်က ယင်းစက်လှေများကို “ကမ်းလတ်လိုင်စင်”ထုတ်ပေး၍ ငါးဖမ်းဆီးခွင့်ပြုခဲ့သည်။

ယင်းနောက် အဆိုပါလိုင်စင် ဆက်လက် မထုတ်ပေးတော့ပေ။ တနင်္သာရီတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနသည် တည်ဆဲ မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေအရ ကမ်းခြေမှ (၁၀)မိုင်အတွင်းရှိငါးလုပ်ငန်းရေပြင်ကို ကမ်းနီးရေပြင်ဟု သတ်မှတ်ထားပြီး ယခင်က အလျား ၃၀ ပေနှင့် မြင်း
ကောင်ရေ ၁၂ ကောင်ထက်မပိုသော ရေယာဉ်များကို ကမ်းနီးငါးဖမ်းလှေအဖြစ် သတ်မှတ်ခဲ့ပြီး ယခုအချိန်တွင် အလျား ၃၀ ပေနှင့် မြင်းကောင်ရေ(၂၅) ကောင်ထက် မပိုသော ရေယာဉ်များကို  ကမ်းနီးငါးဖမ်းစက်လှေ အဖြစ်သတ်မှတ်ထားသည်။

တိုင်းအတွင်းခရိုင် (၃)ခု၌ ယခုနှစ်၊ မတ်လတွင် ပြုလုပ်သော ငါးလုပ်ငန်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတွင် ကမ်းနီးငါးဖမ်းရေယာဉ်အရွယ်အစားအား အလျား ၆၀ ပေအောက်၊ မြင်းကောင်ရေ ၁၂၀ အောက် သတ်မှတ်ရန်၊ ငါးဖမ်းကိရိယာအမျိုးအစားကို မျှောပိုက်၊ မြှုံး၊ ငါးမျှားတန်းများ ခွင့်ပြုရန် စသော ဆွေးနွေးချက်များရရှိခဲ့သည် ဟု သိရသည်။

ယင်းဆွေးနွေးချက်များအား မတ်လ ၂၂ ရက်နေ့က နေပြည်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် ပြုလုပ်သော ငါးလုပ်ငန်းစီမံခန့်ခွဲမှု စီမံချက် ဖော်ထုတ်ရေးအလုပ်ရုံဆွေးနွေးပွဲတွင်တင်ပြဆွေးနွေးထားကြောင်းစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး
ဦးမြင့်စန်းက ပြောသည်။

လှေဂရန်ရှိပြီး ငါးဖမ်းလိုင်စင်မရှိသည့် ရေယာဉ်များအား သင့်လျော်သော ငါးဖမ်ဒလိုင်စင်ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးရန်၊ ရေကြောင်းဂရန်ရှိ ငါးဖမ်းရေယာဉ်များအား ငါးဖမ်းလိုင်စင် အမြန်ဆုံး ထုတ်ပေးရန်၊ တိုင်းဒေသကြီအတွင်း ဒေသလိုင်စင်ပေးသွားရန်အပါအဝင် အချက် ၅ ချက်ကို    အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးခဲ့ကြောင်း ဝန်ကြီးထံမှ သိရသည်။

သို့သော် ယနေ့အချိန်အထိ ထူးခြားမှု တစ်စုံတရာ မရှိသေးပေ။ တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ပြဆောင်ရွက်နိုင်ရန်အတွက် ခရိုင်၃ခရိုင်တွင် ခရိုင်အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် ( ဒေသခံ ရေလုပ်သားများ)တို့ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးစေကာ ဒေသနှင့်ကိုက်ညီသည့်အချက်အလက်များအား စုစည်းတင်ပြစေပြီး အချက်အလက်များစုံလင်ပါက တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးတွင် တင်ပြအတည်ပြုချက်ရယူကာ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက် တင်ပြသွား မည်ဟုဝန်ကြီးက ပြောသည်.။

တနင်္သာရီတိုင်ဒေသကြီးသည် ကပ္ပလီပင်လယ်နှင့် ထိစပ်နေပြီး ပင်လယ်ကျွန်းပေါင်း ၈ဝဝကျော်၊ မြန်မာ့ပင်လယ်ပြင် မိုင်ပေါင်း ၈၀၀ ကျော်အထိအလျားလိုက်ပိုင်ဆိုင်ထားသည့် တိုင်းဒေသကြီးတစ်ခုဖြစ်သည်။      ရှေးနှစ်ပေါင်းများစွာမှစ၍ ယနေ့ အချိန်အထိ မြို့နယ်ပေါင်း ၁၀
မြို့နယ်ရှိသည့်အနက် မြို့နယ် ၉ မြို့နယ်မှာ ပင်လယ်ငါးဖမ်းခြင်းလုပ်ငန်းကို အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ်လုပ်ကိုင်လျှက်ရှိသည့်တိုင်းဒေသကြီးဖြစ်သည်။

တင့်လွင်

Leave a Reply