မော်လမြိုင်၊ ဖေဖော်ဝါရီ ၃ ။ ။ မွန်ပြည်နယ်၊ မော်လမြိုင်၊ ရွွှေှမြိုင်သီရိနယ်မြေ၊ မျှော်လင့်ရပ်တွင် တပ်မတော်က နှစ်ပေါင်း ၃ဝ ခန့်ကြာ အသိမ်းထားသော မျှော်လင့်လယ်မြေများသည် တပ်မတော်၏ စိုက်မျိုးရေးနှင့် မွေးမြူရေးစခန်းအတွက် အသုံးပြုထားပြီးဖြစ်ခြင်းကြောင့် ပြန်လည်စွန့်လွှတ်မည်မဟုတ်ကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်က လယ်သမားထံ ပေးပို့ထားသည့်စာတွင် ဖော်ပြထားသည်။

secd-land-case
“ပထမ ဒီလယ်တွေကို ၁၉၈၁ ခုနှစ်က ပုလဲနဲ့ ငါးလုပ်ငန်းဦးစီးဌာနက အသုံးလိုလို့ဆိုပြီး သိမ်းတယ်၊ ၁၉၈၉ ခုနှစ်မှာ သူတို့ဘက်က အရှုံးပေါ်လို့ ပြန်ပေးမယ်လုပ်တဲ့အချိန်မှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်က ကြားကနေ ဝင်သိမ်းသွားတယ်” ဟု လယ်မြေသိမ်းခံရသည့် ဦးမောင်မြင့်က ဆိုသည်။

အသိမ်းခံရသည့်လယ်မြေ ဧက ၁၈ဝ ကျော်အနက်မှ ၂၃ ဧကကို ၂ဝ၁၃ ခုနှစ်တွင် ပြန်လည်ပေးအပ်ခဲ့သဖြင့် ကျန်ရှိသည့် လယ်မြေများကို လယ်ပိုင်ရှင်များထံသို့ ပြန်ပေးစေလိုကြောင်း လယ်မြေခြောက်ဧက သိမ်းဆည်း ခံထားရသည့် လယ်သမား သားသမီး ဒေါ်ခင်ချိုရီက ဆိုသည်။

“ကိုယ်ပိုင်တဲ့လယ်ကို ကိုယ်မလုပ်ရတဲ့အဖြစ်က အင်မတန်ဝမ်းနည်းစရာ ကောင်းပါတယ်၊ သူတို့တွေ ကိုယ့်လယ်ကို အသုံးပြုပြီး လုပ်ကိုင်စားသောက်နေတာကို မြင်ရတာ တစ်ခါတစ်လေ မျက်ရည်ကျမိပါတယ်” ဟု ဦးမောင်မြင့်က ဆက်လက်ပြောသည်။

မျှော်လင့်ရပ်ကွက်တွင် အသိမ်းခံထားရသော လယ်မြေပိုင်ရှင် ၂၂ ဦးကျန်ရှိနေပြီး ထိုလယ်များကို ပြန်မပေးပါက တပ်မတော်အနေဖြင့် ကာလပေါက်စျေးနှင့် ညီမျှသော ငွေပမာဏကို ပေးစေလိုကြောင်းနှင့် ထိုလယ်များသည် ဘိုးဘွားပိုင်မြေများဖြစ်ကာ လယ်များကို မှီခိုလုပ်ကိုင်နေရသော လယ်သမား သားသမီးများဖြစ်ကြောင်း လယ်မြေများ ပြန်လည်တောင်းခံထားသည့် ဒေါ်သီသီလွင်က ဆိုသည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ စိုက်ပျိုးမွေးမြူရေးစခန်းအဖြစ် အသုံးပြုထားသည့် လယ်မြေဧရိယာ ၁၈၄ ဒသမ ၁၀၉၅ ဧကထဲမှ စိုက်/မွေးစခန်းအဖြစ် အသုံးမပြုသော မြေဧရိယာ ၂၃ ဒသမ ၅၉ ဧကကို လယ်သမား သုံးဦးထံ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ပြန်လည်စွန့်လွှတ်ပေးခဲ့သည်။

Leave a Reply