Advertisements

စင်ကာပူ၊ မတ်

စင်ကာပူနိုင်ငံ အခြေစိုက် နည်းပညာကုမ္ပဏီဖြစ်သော Grab က မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသအတွင်းရှိ Uber အင်တာနက်ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများအား ဝယ်ယူလိုက်ပြီဖြစ်ကာ စီးပွားရေးလုပ်ငန်း ဝယ်ယူမှု အကြီးဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း မတ်လ ၂၆ ရက်က ပြောကြားလိုက်သည်။

Uber နှင့်သဘောတူညီမှုအရ Grab သည် အရှေ့တောင်အာရှ နိုင်ငံ ၈ နိုင်ငံဖြစ်သော ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများရှိ Uber ၏ သယ်ယူပို့ဆောင်ရေးနှင့် အစားအသောက် ပို့ဆောင်ရေး စီးပွားရေးလုပ်ငန်းများအား ရရှိသွားပြီ ဖြစ်သည်။

အပြန်အလှန်အားဖြင့် Grab တွင် Uber က ၂၇.၅ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှု ပိုင်ဆိုင်မည် ဖြစ်သည်။
Uber Eats လုပ်ငန်းနှင့် စီးပွားရေး ပေါင်းစည်းခြင်းဖြင့် GrabFood အား ၂၀၁၈ ခုနှစ် ပထမခြောက်လအတွင်း၌ပင် အရှေ့တောင်အာရှ နိုင်ငံကြီးများ အားလုံးတွင် တွေ့မြင်ရမည် ဖြစ်သည်။

လုပ်ငန်းလွှဲပြောင်းရာတွင် အခက်အခဲ လျော့နည်းစေရန်အတွက် Grab နှင့် Uber တို့သည် Uber ယာဉ်မောင်းများနှင့် စီးနင်းသူများ ပြောင်းရွှေ့ရန်၊ Uber Eats ဖောက်သည်များ၊ မိတ်ဖက်ကုန်သည်များနှင့် ကုန်ပစ္စည်းပို့ဆောင်သူ မိတ်ဖက်များအနေဖြင့် Grab ပလက်ဖောင်းတွင် အတူတကွ လုပ်ဆောင်သွားမည် ဖြစ်သည်။ Uber app အား နောက်ထပ် သီတင်းပတ် နှစ်ပတ်အထိလည်းကောင်း၊ Uber Eats အား မေလကုန်အထိလည်းကောင်း ဆက်လက်အသုံးပြုနိုင်မည်ဟု သိရသည်။

Grab အုပ်စု အမှုဆောင်အရာရှိချုပ်နှင့် ပူးတွဲတည်ထောင်သူ အန်တိုနီတန် (Anthony Tan) က “အခု Uber နှင့် ပူးပေါင်းလိုက်ခြင်းဖြင့် ကျွန်တော်တို့ရဲ့ ဖောက်သည်များကို ကတိပေးထားတဲ့ ပိုကောင်းမွန်သော အနေအထားကို ဖြည့်ဆည်းပေးလိုက်တာလည်း ဖြစ်ပါတယ်။ အစားအသောက်၊ ငွေပေးချေမှုတွေနဲ့ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေကတစ်ဆင့် ပြည်သူတွေရဲ့ ဘဝတွေ တိုးတက်မှုအတွက် ကျွန်တော်တို့ ဆက်လက် လုပ်ဆောင်သွားပါမယ်” ဟု ပြောကြားခဲ့သည်။

Ref: Bangkok Post

Advertisements
<

Leave a Reply