Advertisements

အစ္စလာမ္မစ်နိုင်ငံတော် ISIS သည် အီရတ်နှင့် ဆီးရီးယားရှိ ခြေကုပ်နေရာများ ဆုံးရှုံးလိုက်ရပြီးနောက် IS တိုက်ခိုက်ရေးသမား များက အရှေ့တောင်အာရှ ဇာတ်ခုံစင်မြင့်ကို မျက်စေ့ ကျလာကြသည်။ ဖိလစ်ပိုင်တွင် အစ္စ လာမ် အစွန်းရောက်များ ခြေချင်းလိမ်နေကြ သည်။ ဖိလစ်ပိုင် တောင်ပိုင်းကျွန်းများကား အကြမ်းဖက် ကွန်ရက်များ ကျက်စားရာ၊ အစွန်း ရောက် အယူအဆများအတွက် အသိုက်အမြုံ သဖွယ် ဖြစ်နေသည်။

IS များ၏ စုရပ်ဖြစ်လာနေသော ဖိလစ်ပိုင်

အရှေ့တောင် အာရှရှိ အဖွဲ့များအနက် အနည်းဆုံး အဖွဲ့ခြောက်ဆယ်ခန့်သည် အီရတ် နှင့် ဆီးရီးယားရှိ IS ဘာသာရေး ခေါင်းဆောင် များနှင့် သစ္စာခံခဲ့ကြပြီး ဖြစ်သည်။ ဖိလစ်ပိုင် နိုင်ငံကား ယင်းအဖွဲ့များ၏ စုရပ်ပင်ဖြစ်၏။

၂၀၁၆ ခုနှစ်တွင် IS အဖွဲ့ကထုတ် လွှင့်ခဲ့သော ဝါဒဖြန့်ချိရေး ဗီဒီယိုထဲတွင် ဖိလစ် ပိုင်ကို အစွန်းရောက်များအတွက် အဓိက သွား ရောက်ရမည့် နေရာအဖြစ် သတ်မှတ်လိုက်သည့် သဘောဖြင့် ဆီးရီးယားသို့ မလာရောက်နိုင် သော IS ထောက်ခံသူများကို ဆီးရီးယားအ စား ဖိလစ်ပိုင်သို့ သွားကြရန် တိုက်တွန်းခဲ့သည်။ ဒေသတွင်းရှိ အခြားနိုင်ငံများကိုတော့ ယင်း ကဲ့သို့ သတ်မှတ်ခြင်းမရှိသေးပေ။ အင်ဒိုနီးရှား နှင့် မလေးရှားကဲ့သို့သော အခြား အရှေ့တောင်အာရှနိုင်ငံများကိုတော့ IS က တိုက်ရိုက်လူစု ဆောင်းသည်။

ထို့အပြင် ပြီးခဲ့သည့် ၁၂ လအတွင်း တွင် ဖိလစ်ပိုင်နိုင်ငံရှိ စစ်သွေးကြွ တိုက်ခိုက်သူများ ထံသို့ဆီးရီးယား၏ IS ဗဟိုဌာနက ဒေါ်လာ သိန်းချီ၍ ပို့ပေးနေသည်။ မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် IS အဖွဲ့၏ လစဉ်ဝါဒဖြန့် ထုတ်ဝေမှုထဲတွင် ဖိလစ်ပိုင်နိုင်ငံရှိ စစ်သွေးကြွ များ၏ တိုက်ခိုက်မှုများကို ချီးကျူးထားသည်။ ထိုသို့ချီးကျူးလိုက်ခြင်းက ဖိလစ်ပိုင်ရှိ စစ်သွေး ကြွများကို အစွန်းရောက် အသိုင်းအဝိုင်းအတွင်း တွင် နာမည်ရအောင် လုပ်ပေးရာလည်းရောက် သည်။

ထိုကဲ့သို့ ဖိလစ်ပိုင်နိုင်ငံကို ချီးကျူးအလေး ထားပေးခြင်းအားဖြင့် IS အဖွဲ့သည် ဖိလစ်ပိုင် နိုင်ငံကို နိုင်ငံခြားမှ အစွန်းရောက်များအတွက် စုရပ်တစ်ခု ဖန်တီးလိုက်ခြင်းလည်း ဖြစ်သည်။ ကမ္ဘာ့ အခြားနေရာများတွင် ကျွနု်ပ်တို့မြင်တွေ့ နေကျ တစ်ယောက်ချင်းကို လူစုဆောင်းချင်းနှင့် မတူပေ။ ဖိလစ်ပိုင်ညှိနှိုင်းကွပ်ကဲရေး ဗိုလ်ချုပ် ဂျိုးစ်ကာလီဒါကတော့ ဖိလစ်ပိုင်နိုင်ငံ ရင်ဆိုင် နေရသော အခြေအနေမှာ ‘ပြည်ပအကြမ်းဖက် သမားများ၏ ကျူးကျော်မှု’ ဟု ဆိုသည်။

ကျူးကျော်မှုစလာခြင်း

IS တိုက်ခိုက်ရေးသမား ၁၂၀၀ ခန့်အထိ ဖိလစ်ပိုင်နိုင်ငံတွင် ရောက်ရှိ စစ်ဆင်ရေး လုပ် နေဖွယ်ရှိကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ရွာမိဇာတ် ရွာကူဒူက ဆိုသည်။ မလေးရှားတွင် တော့ IS နှင့် ဆက်နွှယ်နေသည်ဟု သံသယရှိသူ ၁၀၀ မှ ၂၀၀ အထိသာ ရှိသည်။ ဖိလစ်ပိုင်နိုင်ငံ မာရဝီတွင် တွေ့ရသော အလောင်းများထဲတွင် အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ဆော်ဒီ၊ ချီချန်၊ အိန္ဒိယ၊ မော်ရိုကို၊ တူရကီ စသည့် နိုင်ငံသား များတွေ့ရလေရာ ဖိလစ်ပိုင်နိုင်ငံတွင် ပြည်ပမှ အကြမ်းဖက်သမားများ ပါဝင်လှုပ်ရှား နေသည် ဆိုသည်မှာ ထင်ထင်ရှားရှားပင် တွေ့မြင်နေရ သည်။

ဖိလစ်ပိုင်နိုင်ငံသို့ ပြည်ပ အကြမ်းဖက်သ မားများ ရောက်လာခြင်းမှာ အခင်းအကျင်း အ သစ်တစ်ခုတော့ မဟုတ်ပေ။ ၂၀၁၄ ခုနှစ် လောက်ကတည်းကပင် ဖိလစ်ပိုင်နိုင်ငံသို့ စစ် သွေးကြွများ တဖွဲဖွဲ ဝင်လာနေခဲ့ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ် ဇွန်လတွင် အီဂါလူမျိုးစစ်သွေးကြွငါးယောက်ကို မနီလာရှိ လက်နက်ကိုင်အဖွဲ့နှင့် ဆက်သွယ်မှုဖြင့် ဖိလစ်ပိုင်နိုင်ငံက ဖမ်းဆီးခဲ့ သည်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီလကလည်း မင်ဒနောင်းတွင် ဖိလစ်ပိုင် အထူးစစ်ဆင်ရေး တပ်နှင့် ဖြစ်ပွားသော တိုက်ပွဲတွင် မလေးရှား လူမျိုး စစ်သွေးကြွ ဇူကီဖလီဘင်ဟာကို သတ် ဖြတ်နိုင်ခဲ့သည်။

စင်ကာပူနိုင်ငံရှိ နိုင်ငံရေးအကြမ်းဖက်မှုနှင့် အကြမ်းဖက် ဝါဒဆိုင်ရာ အပြည်ပြည်ဆိုင်ရာ စင်တာမှ သုတေသနပညာရှင်များသည် ပြည်ပ စစ်သွေးကြွတစ်ယောက် ဖိလစ်ပိုင်နိုင်ငံသို့ အ လွယ်တကူ ဝင်ရောက်နိုင်သော လမ်းကြောင်းကို ဖော်ထုတ်ခဲ့သည်။ အမေရိကန်ဒေါ်လာ ၁၁၇ ဒေါ်လာလောက်ဖြင့် IS စစ်သွေးကြွတစ်ဦးသည် မလေးရှားမှ ဖိလစ်ပိုင်သို့ ဝင်ရောက်လျက် စစ် လက်နက်ပစ္စည်းများ ရရှိနိုင်ကြောင်း ၎င်းတို့က တွေ့ရှိခဲ့သည်။

အဘယ့်ကြောင့် ဖြစ်နေရသနည်း

မင်ဒနောင်းရှိ အခြေအနေများက စစ်သွေး ကြွအုပ်စုများနှင့် အကြမ်းဖက်သမား ကွန်ရက် များ တည်ထောင်ရန် ကောင်းမွန်သော အခြေ အနေများ ဖြစ်နေသည်။ ထိုကျွန်းတစ်လျှောက် တွင် ဆင်းရဲချမ်းသာကွာဟမှုများနှင့် ကျေးလက် ဆင်းရဲမွဲတေမှုတွေ ရှိနေသည့်အပြင် လက် နက်များနှင့် တိုက်ခိုက်ရေး သမားများလည်း လွယ်လွယ်ကူကူ ဝင်ရောက်လို့ ရနေခြင်းက အစွန်းရောက်များအတွက် ဆွဲဆောင်မှုတစ်ခုလို ဖြစ်နေသည်။ ထို့အပြင် နယ်မြေစိုးမိုးမှု ခိုင်ခိုင် မာမာ မရှိခြင်းကလည်း အရှေ့တောင်အာရှ တစ်ခွင်တွင် အကြမ်းဖက် စစ်ဆင်ရေးများ လုပ် ဆောင်ရေး ဌာနချုပ်လုပ်ရန် အကောင်းဆုံးဖြစ် နေလေသည်။
ဖိလစ်ပိုင်တွင် အခြေကုပ်ယူရန် ကြိုးစား ရာတွင် IS အဖွဲ့သည် ပထမဆုံးသော အဖွဲ့တော့ မဟုတ်ပေ။ ၁၉၉၀ ခုနှစ်ဝန်းကျင်ကလည်း အယ်ကိုင်းဒါးအဖွဲ့၌ ထိုကဲ့သို့သော စိတ်ကူးမျိုး ရှိခဲ့သည်။ မနီလာမြို့ကို ၎င်းတို့၏ အခြေစိုက် စခန်းအဖြစ် အသုံးပြုလျက် ဖိလစ်ပိုင်နိုင်ငံ အတွင်းတွင် အခြေကုပ်ယူရန် ကြိုးစားခဲ့ဖူးသည်။ ခါလစ်ရှီးခ်မိုဟာမက်နှင့် ၎င်း၏ အယ်လ်ကိုင်းဒါး မိတ်ဆွေ ရမ်ဇီယူဆက်ဖ်တို့သည် ဖိလစ်ပိုင်ကို အခြေစိုက်လျက် ၁၉၉၄-၉၅ ပစိဖိတ် သမုဒ္ဒရာ ပေါ်တွင် လေယာဉ်များ ဖောက်ခွဲဖျက်ဆီးရေး အစီအမံများကို လုပ်ဆောင်ခဲ့သည်။ ဖိလစ်ပိုင် အာဏာပိုင်များက ၎င်းတို့၏ အစီအမံများကို ဖျက်ဆီးနိုင်ခဲ့သော်လည်း 9/11 တိုက်ခိုက်မှု အစီအမံများတွင်လည်း ၎င်းတို့နှစ်ဦး ပါဝင်ခဲ့ ပေသည်။

မထိန်းချုပ်ဘဲ လွှတ်ထားက အရှေ့တောင်အာရှ တစ်ခွင်တွင် တိုက်ခိုက်မှုများပေါ်ပေါက်လာနိုင်

ဖိလစ်ပိုင်အစိုးရအနေဖြင့် ပြည်ပမှ ဝင် ရောက်လာသော IS အဖွဲ့ဝင်များကို ထိန်းချုပ် ရန်လိုအပ်သည်။ ထိုသို့မထိန်းချုပ်နိုင်ပါက IS လက်ဝေခံ အကြမ်းဖက် တိုက်ခိုက်မှုများက ဒေသတွင်းတွင် အဆမတန် များပြားလာဖွယ် ရှိသည်။ ယခုနှစ် အစောပိုင်းကလည်း IS အဖွဲ့နှင့် ဆက်နွှယ်နေသော စစ်သွေးကြွတစ်ဦး သည် ဂျကာတာမြို့တွင် အသေခံဗုံးခွဲ တိုက်ခိုက် မှုတစ်ခု ပြုလုပ်ခဲ့သေးသည်။ အဆိုပါ အကြမ်း ဖက်သမားသည် ဖိလစ်ပိုင်ရှိ အကြမ်းဖက်သမား ကွန်ရက်များနှင့် ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ် သည်။ ယခင်ကတော့ အကြမ်းဖက်သမား ကွန် ရက်အချင်းချင်း ငွေကြေးရံပုံငွေရရှိရင်း ပြိုင်ဆိုင် မှုများရှိခဲ့သည်။ သို့သော် ယနေ့ခေတ်တွင်တော့ ထိုသို့ မဟုတ်တော့။ မပြိုင်ဆိုင်ကြတော့ဘဲ ပူးပေါင်း ဆောင်ရွက်လာကြသည်။

IS အဖွဲ့သည် အရှေ့အလယ်ပိုင်းတွင် အရေးနိမ့်လာသည်နှင့်အမျှ စစ်ရေး အတွေ့ကြုံ ရှိသော အကြမ်းဖက် တိုက်ခိုက်ရေးသမားများ သည် ဖိလစ်ပိုင်သို့ပြန်လာက အရှေ့တောင် အာရှရှိ အခြားသော အုပ်စုများနှင့် ပူးပေါင်း လျက် အကြမ်ဖက်မှုများ ပြုလုပ်လာမည်ကို စိုးရိမ်ကြောင်း စင်ကာပူပြည်ထဲရေးဝန်ကြီး ကေ ရှန်မူဂမ်က ပြောသည်။ အကြမ်းဖက်တိုက်ဖျက် ရေးလေ့လာစိစစ်ရေး ပညာရှင် တစ်ဦးဖြစ်သူ ရိုဟန် ဂူနရက်နာကလည်း ထိုသဘောအတိုင်း ပင် ဆိုသည်။

‘ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ IS ဆဲလ် တွေ ဖန်တီးလာတဲ့အတွက် ဒေသတွင်းမှာ အကြမ်းဖက်အန္တရာယ်က ၂၀၁၇ခုနှစ်မှာ ပိုပြီး ကြီးထွားလာလိမ့်မယ်လို့ ကျွန်တော်တို့ ခန့်မှန်း တယ်’ ဟု ၎င်းက ဆိုသည်။

ဖိလစ်ပိုင်နိုင်ငံထဲ IS စစ်သွေကြွတွေ ဝင်မလာ နိုင်အောင် မည်သို့ လုပ်မည်လဲ

ပြီးခဲ့သည့်နှစ်များတွင် ဖိလစ်ပိုင် နိုင်ငံ၏ အကြမ်းဖက် ဆန့်ကျင်ရေး မဟာဗျူဟာမှာ အမေရိကန်အပေါ် မှီခိုခဲ့သည်။ အထူးသဖြင့် အမေရိကန်တွင် 9/11 တိုက်ခိုက်မှုဖြစ်ပွားပြီး ကတည်းက အမေရိကန်စစ်တပ်က ဖိလစ်ပိုင်ကို ရံပုံငွေများစွာ ထောက်ပံ့ခဲ့သည်။ အထူးစစ်ဆင် ရေး ပူးပေါင်းတပ်ဖွဲ့-ဖိလစ်ပိုင် JSOTF-P ကို လည်း ၂၀၀၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ အစ္စ လာမ် အစွန်းရောက်ဝါဒကို တိုက်ဖျက်ရန် အတွက် ဖိလစ်ပိုင်တပ်ဖွဲ့များကို အကူအညီပေး ရန် အမေရိကန်စစ်သည် ၆၀၀ ကျော် ဖိလစ် ပိုင်သို့ ရောက်လာခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံတွင် အမေရိကန် ပါဝင်မှု လျော့ကျလာခြင်းကလည်း တစ်စိတ်တစ်ဒေသ အားဖြင့် အကြမ်းဖက်လှုပ်ရှားမှုများကို တိုးပွား လာစေသည်။ အမေရိကန်က လက်နက်နှင့် ပစ္စည်းကိရိယာများ ထောက်ပံ့ ပေးနေသေးသော် လည်း ကိုယ်တိုင်ကိုယ်ကျပါဝင်လိုသည့် ဆန္ဒမရှိ ပေ။

၂၀၁၅ ခုနှစ်တွင် အထူးစစ်ဆင်ရေး ပူး ပေါင်းတပ်ဖွဲ့- ဖိလစ်ပိုင်ကို ဖျက်သိမ်းခဲ့သည်။ အကြံပေးပေါင်း ၃၂၀ ဦး ထားရှိပေးထားရာမှ ၁၂ ဦးအထိ လျှော့ချပစ်ခဲ့သည်။ ဖိလစ်ပိုင်တွင် အကြမ်းဖက်မှုများ တိုက်ဖျက်ရေးအတွက် အ မေရိကန်က ထောက်ပံ့ပေးနေသော ရံပုံငွေများ လည်း များစွာလျော့ကျလာသည်။
အမေရိကန် အထောက်အပံ့ လျော့လာ သည့်အခါ ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် အခြားသော ရပေါက်ရလမ်းများကို ရှာဖွေလာ သည်။ နိုင်ငံခြားရေးဝန်ကြီး အလန်ပီတာ ကရဲ တနိုသည် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ အား ဒေသတွင်းတွင် IS လှုပ်ရှားမှုများကို တိုက်ဖျက်ရေးတွင် ပိုမိုပူပေါင်းကြရန် တိုက်တွန်း ခဲ့သည်။ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းသည် မှန်ကန်သော လုပ်ရပ်ပင်ဖြစ်သည်။ ဒေသတွင်း မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် အမေရိကန်ထံမှ အကူအညီများထက် များစွာ အကျိုးရှိသည်ကို သိရှိလာပေလိမ့်မည်။

အရှေ့တောင်အာရှတွင် IS ကွန်ရက်ကား နယ်စပ်များကို ဖြတ်ကျော်လျက် တည်ရှိနေ သည်။ သို့ဖြစ်ရာ ယင်းကွန်ရက်ကို ဖျက်ဆီးရေး အတွက် တစ်ခုတည်းသော နည်းလမ်းမှာ နိုင်ငံ ဖြတ်ကျော် စစ်ဆင်ရေး ဆောင်ရွက်နိုင်သည့် အကြမ်းဖက်ဆန့်ကျင်ရေး တပ်ဖွဲ့ကို ဖွဲ့စည်းခြင်း ပင်ဖြစ်သည်။ သို့သော် လက်ရှိအချိန်အထိတော့ အဆိုပါ သုံးနိုင်ငံကား IS အဆက်အနွယ်များ အွန်လိုင်းပေါ် ရောက်မလာရန် လျှောချခြင်း၊ ထောက်လှမ်းရေးအချက်အလက်များ မျှဝေခြင်း အဆင့်လောက်သာ ရှိသေးသည်။ သို့သော် IS အဖွဲ့၏ ဝါဒဖြန့်ချိရေးယန္တယားကို တိုက်ဖျက်ရန် ဆိုလျှင် ထိုမျှမကသော ပူးပေါင်းဆောင်ရွက်မှု များ လိုအပ်ပေသည်။ အရှေ့တောင်အာရှ တစ် ခွင်တွင် IS အဖွဲ့ဝင်များအချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုများ မလုပ်နိုင်ရန်၊ လှုပ်ရှားမှုများ မလုပ်နိုင်ရန်အတွက် နိုင်ငံများအချင်းချင်း ပူး ပေါင်းဆောင်ရွက်ရန် လိုအပ်ပေသည်။ ထောက် လှမ်းရေး အချက်အလက်များမျှဝေခြင်း၊ ရေပြင် တွင် ပူးပေါင်းကင်းလှည့်ခြင်းများ ပြုလုပ်ခြင်း၊ အွန်လိုင်းမှတစ်ဆင့် လူစုဆောင်းမှုကို ပိတ်ပင် ရန် အင်တာနက်သုံးစွဲမှု ပေါ်လစီများ ချမှတ်ခြင်း များ လုပ်ဆောင်နိုင်သည်။

အာဆီယံ အသိုင်းအဝိုင်း အနေဖြင့်လည်း ဖိလစ်ပိုင်နိုင်ငံကို အကူအညီပေးဖို့ လိုသကဲ့သို့ ဦးစားပေးတစ်ခုအနေဖြင့် ရံပုံငွေများ ရရှိအောင် လုပ်ရန်လိုသည်။ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့ သည် နှစ်နိုင်ငံကြား တရားမဝင် လက်နက်နှင့် လူ ကူးလူးဆက်ဆံမှုများကို တိုက်ဖျက်ရန် ဆူ လူး-ဆူလဝဲဆီ ပင်လယ်ပြင်တွင် ပူးပေါင်းကင်း လှည့်ရေး လုပ်ဆောင်နေသော်လည်း ရံပုံငွေ မလောက်မငှ ရှိနေသောကြောင့် အောင်မြင်မှုက အတိုင်းအတာ တစ်ခုအထိသာ ရှိပေသည်။
IS အဖွဲ့ ပေါ်ထွက်လာခြင်းသည် နိုင်ငံတစ် ခု၏ ပြဿနာသာမဟုတ် ဒေသတွင်း ပြဿနာ တစ်ရပ်ဖြစ်သည်။ တိုက်ခိုက်မှုများကား သီးခြား စီဖြစ်လေ့မရှိပေ။ မာရဝီအဖြစ်အပျက်က ဒေသ တွင်း နိုင်ငံခေါင်းဆောင်များအတွက် အချက် ပေးခေါင်းလောင်းသံ ဖြစ်သင့်သည်။ ထိုပြဿနာ တိုက်ဖျက်ရန် အတူတကွ မဆောင်ရွက်ပါက ယင်းကဲ့သို့သော အကြမ်းဖက် တိုက်ခိုက်မှု များသည် အခြားသော အာဆီယံနိုင်ငံများတွင် လည်း သေချာပေါက်ပင် ပေါ်ပေါက်လာလိမ့်မည်။ IS ကွန်ရက် ခိုင်မာလာလေ၊ အမြစ်တွယ်လာလေ တူးဖော်ဖယ်ရှားပစ်ဖို့ ခက်လာလေပင်။ ။

Written by – မင်းသူအောင်

Source: Philippines: The ISIS Hub of Southeast Asia? By Oliver Ward

Leave a Reply