မွန်ပြည်နယ် ရေးမြို့နယ်တွင် လွန်ခဲ့သောသုံးလဝန်းကျင်ကအလင်းဝင်ခဲ့သော နိုင်လွေး (ခ) နိုင်လှသောင်းဦးဆောင်သည့် လွတ်လပ်သောမွန်အမျိုးသား ပြန်လည် ထူထောင်ရေးတပ်ဖွဲ့ (MNIRF)မှ တပ်ဖွဲ့ဝင်များသည် သာမန် အရပ်သားအဖြစ်သာနေထိုင် သွားတော့မည်ဖြစ်ကြောင်းထိုတပ်ဖွဲ့၏ အကြီးအကဲဖြစ်သူ နိုင်လွေးကပြောကြားသည်။

mnirf

“ ကျွန်တော်တို့ အလင်းဝင်ပြီးပြီဆိုတော့ သာမာန်အရပ်သားပုံစံမျိုးပဲနေသွားမယ်၊ အစိုးရနဲ့ စာချုပ်ထဲသဘောတူထားတဲ့အတိုင်းအရပ်သားပုံစံမျိုးနဲ့ အေးအေးဆေးဆေးနေတော့မယ်” ဟု နိုင်လွေးကပြောသည်။

MNIRF အလင်းဝင် တပ်ဖွဲ့ဝင် မိသားစုများနေထိုင်ရန် လိုအပ်လျက်ရှိသောမြေဧရိယာ ၁၀ ဧကအတွက် ရေးမြို့နယ် အဘော်လေယာဉ်ကွင်းအနီးရှိမြေနေရာကိုဇူလိုင် ၂၃ ရက်ကအရှေ့တောင် တိုင်းစစ်ဌာနချုပ်ထံတောင်းခံထားသော်လည်းခွင့်ပြုပေးခဲ့ခြင်းမရှိကြောင်း ၎င်းတို့ကဆိုသည်။

“အပျော်သဘောနဲ့ အလင်းဝင်လာတာမဟုတ်ဘူး၊ ဘာစီးပွားရေးမှလည်းလိုတာမဟုတ်ဘူး။ အဲ့ဒီအိမ်ရာနေရာရရင် ကျေနပ်နေပြီ”ဟု နိုင်လွေးကဆိုသည်။
အလင်းဝင်ထားသည့်MNIRFတပ်ဖွဲ့ဝင် မိသားစုများသည် လက်ရှိတွင် နေထိုင်စရာမြေနေရာနှင့် နေအိမ်များမရှိသေးသဖြင့် ရေးမြို့ရှိအမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၌ ယာယီနေထိုင်နေရကြောင်း MNIRF တပ်ဖွဲ့ဝင်များထံမှ သိရသည်။

“ ၂၁ပင်လုံအဖြေထွက်သွားရင်အားလုံးတစ်ပေါင်းတစ်စည်းတည်းဖြစ်ပြီ ဖြစ်တဲ့အတွက် လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ပြီးအားလုံးအဆင်ပြေဖို့အတွက် ၂၁ပင်လုံညီလာခံကိုတစ်ချက်စောင့်ပေးပါလို့ပြောချင်ပါတယ်” ဟုမွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦးကပြောသည်။

နိုင်လွေးဦးစီးသောအင်အား ၂၀ ဦးပါဝင်သည့် မွန်သီးခြားလက်နက်ကိုင် အဖွဲ့သည် လက်နက်ငယ် ၁၀ လက်၊ ကျည်မျိုးစုံ ၂၄၃ ထောင့်၊ ကျည်ကတ် ၁၂ ကတ်၊ လက်ပစ်ဗုံးငါးလုံး၊ လက်လုပ်မိုင်းသုံးလုံး၊ စကားပြောစက် နှစ်လုံးတို့ဖြင့် ဇွန် ၂၃ ရက်ကအလင်းဝင်ခဲ့ကြခြင်း ဖြစ်သည်။

Leave a Reply