အလုပ်သမား ရှားပါးမှုကို ဖြေရှင်းရန် ကျန်းမာရေးစောင့်ရှောက်မှုမှသည် စားသောက်ဆိုင်များအထိ စက်ရုံများကို အသုံးပြုနေသော စင်ကာပူနိုင်ငံတွင် ယခုအခါတွင် စက်ရုပ်များကို ညစောင့်အဖြစ်အသုံးပြုတော့မည်ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် သောကြာနေ့က စင်ကာပူ နည်းပညာကုမ္ပဏီက မိတ်ဆက်လိုက်သည့် ဘီးလေးဘီးပါ လုံခြုံရေးစက်ရုပ် O-R3 သည် လူသား၏ ထိန်းချုပ်မှုမလိုဘဲ သတ်မှတ်ဧရိယာအတွင်းတွင် လုံခြုံရေး ကင်းလှည့်ခြင်းများ လုပ်ဆောင်နိုင်မည်ဖြစ်ကာ ထိုဧရိယာအတွင်းတွင် ခွင့်ပြုချက်မရှိဘဲ ရောက်ရှိနေသည့် လူများရှိမရှိ စစ်ဆေးပေးနိုင်မည်ဖြစ်သည်။

အဆိုပါ စက်ရုပ်သည် သွားလိုသည့် လမ်းကြောင်းကို လေဆာ စကင်နာများနှင့် GPS အပါအဝင် ဆင်ဆာလှိုင်းများဖြင့် ထိန်းချုပ်ကာ သွားလာနိုင်မည်ဖြစ်သည်။
၈၀ ကီလိုဂရမ်အလေးချိန်ရှိပြီး တစ်မီတာခွဲအမြင့်ရှိသည့် အဆိုပါ စက်ရုပ်သည် ခွင့်ပြုချက်မဲ့ ဝင်ရောက်လာသူနောက်ကို လိုက်သည့်အခါတွင် ကားထဲတွင် ပါသည့် ဒရုန်းကို အလိုအလျော်လွှတ်တင်ကာ လိုက်ခိုင်းမည်ဖြစ်သည်။

“ဂျပန်တို့၊ ဟောင်ကောင်တို့၊ စင်ကာပူတို့မှာ ပိုပိုဆိုးလာတဲ့ အလုပ်သမားရှားပါးမှုကို ဖြေရှင်းဖို့ နည်းပညာကို အသုံးပြုချင်တယ်လို့ လုံခြုံရေး ကုမ္ပဏီတွေက ကျွန်တော်တို့ကို လာလာပြောကြပါတယ်”ဟု OTSAW Digital ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် လင်းတင်မင်းက ပြောသည်။

အလုပ်သမားဈေးကွက်တွင် အလုပ်ထွက်နှုန်း ၁ဒသမ၈ ရာခိုင်နှုန်းရှိသော်လည်း လုံခြုံရေးလုပ်ငန်းတွင်တော့ အလုပ်ထွက်နှုန်းသည် ၂ဒသမ၈ ရာခိုင်နှုန်းရှိနေသောကြောင့် လုံခြုံရေးစက်ရုပ်များသည် လူသားများထက်သာသော အနေအထားရှိနေကြောင်း မစ္စတာလင်းက ပြောသည်။

“အလုပ်သမားရှားပါးမှုတင်မဟုတ်ဘူး။ လူသားနဲ့ ယှဉ်ရင် နည်းပညာရဲ့ တိကျမှုပဲ။ ဥပမာ လုံခြုံရေး အလုပ်သမားအသစ်တစ်ယောက်ဟာ စက်ရုံထဲမှာရှိတဲ့ အလုပ်သမားတွေအကုန်လုံးရဲ့ မျက်နှာကို မှတ်မိနိုင်မှာမဟုတ်ဘူး”ဟု သူက ပြောသည်။
ထိုကဲ့သို့ မှတ်မိနိုင်ရေးမှာလည်း စက်ရုပ်များအတွက်ပင် လွယ်ကူလွန်းသည့် အရာတော့ မဟုတ်ပေ။ စက်ရုပ်သည် ကျူးကျော်လာသူနှင့် ခွင့်ပြုချက်ရှိသူကို ခွဲခြားရာတွင် မျက်နှာစစ်ဆေးရေးနည်းပညာကို အသုံးပြုမည်ဖြစ်သောကြောင့် စက်ရုပ်က လူ၏ မျက်နှာကို မှားယွင်း သိမှတ်မှုလည်း ရှိနိုင်ကြောင်း ကုမ္ပဏီက ဆိုသည်။

‘အစပိုင်းမှာတော့ လွယ်လွယ်ကူကူကိစ္စတွေကို ကြည့်မှာပေါ့။ ဥပမာ အိတ်တစ်အိတ်ကို ငါးမိနှစ်လောက် ထားထားလိုက်ရင် စက်ရုပ်က အချက်ပေးသံမြည်လာပြီး စစ်ဆေးကြည့်ဖို့ အချက်ပေးပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ ဘယ်သူက အလုပ်သမား၊ ဘယ်သူက ခွင့်ပြုချက်မဲ့ ဝင်လာသူဆိုတာကို ခွဲခြားနိုင်ပါတယ်။ အမှားအယွင်းတော့ ရှိပါလိမ့်မယ်။ ဒါပေမယ့် စက်ရုပ်က တဖြည်းဖြည်း သူ့ဟာသူ သင်ယူပြီးရင်တော့ ပိုပြီးတိကျလာပါလိမ့်မယ်’ ဟု မစ္စတာလင်းက ပြောသည်။

အဆိုပါ စက်ရုပ်အနေဖြင့် လေးနာရီမှ ငါးနာရီအထိ လုံခြုံရေးကင်းလှည့်ပြီးလျှင် အနည်းဆုံး နှစ်နာရီ အားပြန်သွင်းရန်လိုပြီး ကုန်ကျစိတ်ရိတ်မှာလည်း တစ်လလျှင် ဒေါ်လာ တစ်သောင်းကုန်ကျမည်ဖြစ်သဖြင့် ကုန်ကျစရိတ်တော့ များသည်။

စင်ကာပူနိုင်ငံသည် ကုန်ထုတ်လုပ်ရေးလုပ်ငန်းများတွင် အလုပ်သမား တစ်သောင်းလျှင် စက်ရုပ်ပေါင်း (၄၀၀)အထိ သုံးစွဲလျက်ရှိပြီး တောင်ကိုရီးယားပြီးလျှင် စက်ရုပ်သုံးစွဲမှု အများဆုံးနိုင်ငံဖြစ်ကြောင်း နိုင်ငံတကာစက်ရုပ်လုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

Source: Financial Times

Leave a Reply