သထုံ၊ စက်တင်ဘာ ၁၃

သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာမှ အလံတစ်ရာစေတီတော်ကို မြို့နယ်သံဃာ့နာယကအဖွဲ့၏ ခွင့်ပြုချက်မရဘဲ ပြုပြင်လုပ်ဆောင်သူ ငါးဦးအား ဖမ်းဆီးအရေးယူခဲ့ကြောင်း သထုံမြို့နယ်တရားရုံးမှ သိရသည်။

“ဒါကအများနဲ့ဆိုင်တဲ့စေတီဖြစ်တဲ့အတွက် ဒီပြဿနာတွေ ဒီလိုစဖြစ်လာတာ အစကတည်းက ကြားတော့ကြားတယ်၊ တိုင်ကြားမယ့်သူမရှိတော့ အရေးယူဖို့ဆိုတာ ထိထိရောက်ရောက် အရေးယူလို့မရဘူး။ အခုဟာက တိုင်ကြားတဲ့ ပုဂ္ဂိုလ်တွေရှိလာတဲ့အခါကျတော့ မြို့နယ်သံဃာ့နာယကအဖွဲ့ဆရာတော်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ ထိထိရောက်ရောက်အရေးယူတယ်”ဟု မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တသူရိယကမိန့်ကြားသည်။

၂၀၁၅ ခုနှစ်မှ စ၍ ညွှန်ကြားလွှာ ၄၁ နှင့် ၇၇ အရ မိမိသဘောဖြင့် စေတီအဟောင်းများပြုပြင်ခြင်း၊ အသစ်တည်ခြင်းများကို ပြုလုပ်ခွင့်မရှိသဖြင့် အလံတစ်ရာစေတီတော်ကြီးကို ပြန်လည်ပြုပြင်တည်ဆောင်နေမှုနှင့် ပတ်သက်ပြီး မြို့နယ်သံဃာ့နာယကအဖွဲ့မှ အကြိမ်ကြိမ်ခေါ်ယူ သတိပေးတားမြစ်ခဲ့သော်လည်း လိုက်နာမှုမရှိဘဲ ၎င်းတို့သဘောဆန္ဒဖြင့် လုပ်ဆောင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆရာတော် ဘဒ္ဒန္တသူရိယ မိန့်ဆိုသည်။

အလံတစ်ရာစေတီတော်ကြီးကို တည်ထားခဲ့သည့် ဆရာတော်ကြီး လူဝင်စားဆိုသူ ခွန်တန် (ခ) ဇာတ်လိုက်၏ အမိန့်ဖြင့် ဆောင်ရွက်ရမည်ဟု ဝါဒဖြန့် ဦးဆောင်သူ ငါးဦးမှာ ဦးအောင်ထွန်းလှ၊ ဦးသာမောင်၊ ဦးဒီ (ခ) စိုးမြင့်၊ ဦးရွှေတလီနှင့် ဦးမြရှင်တို့ ဖြစ်ကြောင်း အလံတစ်ရာစေတီအနီး နေထိုင်သူ ဒေသခံများက ပြောသည်။

အလံတစ်ရာစေတီတော်ကြီးကို ပြန်လည်ပြုပြင်တည်ဆောင်နေမှုကို မြို့နယ်သံဃနာယက အနေဖြင့် ပိတ်ပင်ထားခြင်း၊ ပြုပြင်ခွင့်မပြုခြင်းမျိုးမဟုတ်ဘဲ စနစ်တကျ လုပ်ထုံလုပ်နည်းများနှင့်အညီ ပြုလုပ်စေလိုကြောင်း အလံတစ်ရာစာသင်ကျောင်းတိုက်ဆရာတော် ဦးစန္ဒိမာက မိန့်ဆိုသည်။

“အခုဟာက စေတီအဟောင်းကြီးကို ပြင်တာ။ အဟောင်းပြင်တဲ့နေရာမှာလည်း ဘယ်လောက်ပျက်စီးလဲ။ ဘယ်လောက်ယိုယွင်းလဲ။ ဒီလိုအနေအထားတွေ တင်ပြပြီးမှ အခုပြန်ပြုပြင်မယ့် အဖွဲ့အစည်းက ပညာရှင်ဘယ်နှစ်ဦးပါလဲ၊ ရပ်မိရပ်ဖတွေက ဘယ်သူပါလဲ၊ ကျေးရွာအာဏာပိုင်တွေက ဘယ်သူပါလဲ တိတိကျကျနဲ့ ဖွဲ့ပြီးတော့ ပြုပြင်တာလည်းမဟုတ်ဘူး” ဟု ဆရာတော် ဘဒ္ဒန္တသူရိယက ထပ်လောင်း မိန့်ကြားသည်။

အလံတစ်ရာစေတီတော်ကြီးကို ပြုပြင်တည်ဆောက်ရာတွင် မြို့နယ်သံဃာ့နာယကအဖွဲ့နှင့် သာသနာရေးဝန်ကြီးဌာနတို့၏ ခွင့်ပြုမိန့်တစ်စုံတစ်ရာ မယူဘဲ ခွန်တန် (ခ) ဇာတ်လိုက်အမိန့်ဖြင့် ဆောင်ရွက်ကြရမည်ဟု ဝါဒဖြန့် ဦးဆောင်ပြုလုပ်သူ ငါးဦးကို သထုံံမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားတိုင်ကြားခဲ့သဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၅/ ၂၉၅ (က)/ ၄၃၁ အရ စက်တင်ဘာ ၈ ရက်နေ့၌ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“သူတို့တိုင်တဲ့ လူဘက်က ပုဒ်မတွေ ဥပဒေတွေအမျိုးမျိုးနဲ့၊ အခုနောက်ဆုံးအချုပ်ထဲရောက်နေတဲ့ ငါးယောက်ကို သူတို့တိုင်ထားတာက သာသနာညိုးနွမ်းမှု အာမခံမရတဲ့အမှုနဲ့၊ အဲလိုတိုင်ထားတာကို ဟုတ်သည်မဟုတ်သည် ဘာလို့ မခေါ်မမေးမြန်းဘဲနဲ့ ဘာလို့ဖမ်းထည့်လဲလို့သိချင်တယ်”ဟု ဇရစ်ချောင်ကျေးရွာမှ ဦးသာအောင်က ပြောသည်။

အလံတစ်ရာစေတီတော်ကြီးကို ပြန်လည်ပြုပြင်တည်ဆောင်နေမှုကို မြို့နယ်သံဃာ့မဟာနာယကအဖွဲ့အနေဖြင့် ပိတ်ပင်ထားခြင်း၊ ပြုပြင်ခွင့်မပြုခြင်းမျိုးမဟုတ်ဘဲ စနစ်တကျ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြုလုပ်စေလိုကြောင်း အလံတစ်ရာစာသင်ကျောင်းတိုက်ဆရာတော် ဦးစန္ဒိမာက မိန့်ဆိုသည်။

အလံတစ်ရာစေတီတော်ကြီးကို လွန်ခဲ့သောနှစ်ပေါင်း ၆၀ ကျော်က တည်ထားကိုးကွယ်ခဲ့ကာ ရှေးဟောင်း စေတီတော်ကြီးတစ်ဆူအဖြစ် ထင်ရှားလျက်ရှိကြောင်း သာသနာသန့်ရှင်းတည်တံ့ပြန့်ပွားစေရန်နှင့် သာသနာမပျက်စေလိုသော ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း စေတီတော်ကြီးကို ခွင့်ပြုမိန့်မရှိဘဲ ဆက်လက်ပြုပြင်ပါက ထပ်မံအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဥက္ကဋ္ဌဆရာတော် မိန့်ဆိုသည်။

 

Leave a Reply