Advertisements

ယခုဖေဖော်ဝါရီလ ၁ ရက်နေ့က အံ့အားသင့်ဖွယ် နောက်ပြန်ဆုတ်မှုဟု Asia Times အနေဖြင့် ဝေါဟာရသုံးနှုန်းကာ မြန်မာနိုင်ငံ၏ ပြည်ပရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့်စပ်လျဉ်း၍ ညွှန်းဆိုလိုက်သော ကိစ္စရပ်တစ်ခု ရှိခဲ့သည်။ ယင်းမှာ နယူးယောက် ရှေ့နေလုပ်ငန်း Herzfeld Rubin Meyer & Rose သည် ၂၀၁၃ ခုနစ်ကစ၍ ငါးနှစ်ကြာ ဖွင့်လှစ်ထားခဲ့သော ရန်ကုန်ရုံးခန်းကို ပိတ်သိမ်းကြောင်း ရုတ်တရက် ကြေညာချက်အပေါ် ယင်းသို့ သုံးသပ်ဖော်ပြခဲ့ခြင်း ဖြစ်သည်။

၎င်းကုမ္ပဏီမှာ မြန်မာက အနောက်အုပ်စုကို တံခါးဖွင့်ပေးလိုက်ချိန်၌ ပထမဆုံး ရုံးခန်းဖွင့်လှစ်လာခဲ့သည့် အမေရိကန် ရှေ့နေလုပ်ငန်းဖြစ်သည်။ ရှိနေခဲ့သည့် ငါးနှစ်တာကာလအတွင်း ဥပဒေသစ်များ ပြဋ္ဌာန်းရေးတွင် အကူအညီများစွာ ပေးခဲ့သလိုကုန်သွယ်ရေးအမှုအခင်းများအတွက် စံနှုန်းများ သတ်မှတ်ပေးခဲ့သည်။ အမေရိကန် ကုန်သည်ကြီးများအသင်းတွင် ပေါက်ရောက်ပြီး မြန်မာအပေါ် ဘဏ္ဍာရေးဆိုင်ရာ အတားအဆီးပုံစံဖြင့် ကျန်ရှိနေသည့် အရေးယူပိတ်ဆို့မှုများကို ခရားရေလွှတ် ဝေဖန်ပေးခဲ့သည်ဟုလည်း Asia Times က ဆိုထားသည်။

၎င်းကုမ္ပဏီအနေဖြင့် ၂၀၁၆ နှစ်လယ်က မြန်မာအစိုးရအတွက် “အလွယ်တကူ ဆွတ်ခူးနိုင်သော အသီးအပွင့်များ” ဆိုသည့် အကြံပြု အဆိုတင်သွင်းလွှာတစ်ထပ်ကြီးကို ထုတ်ဝေထားခဲ့ကြောင်း သိရသည်။ အခြားနိုင်ငံများစွာတွင်လည်း အလားတူ အကြံပြုချက်များစွာ ပေးကာ အကောင်အထည်ဖော်ရန် ကူညီမည်ဟူသော သဘောထားရှိခဲ့သည်ဟု ဆို၏။

အဆိုပါ အမေရိကန်ဥပဒေအကျိုးဆောင်လုပ်ငန်းစု အကြီးအကဲကို ဆောင်းပါးရှင် Peter Jassen ၏တွေ့ဆုံမေးမြန်းခန်းအား Asia Times တွင် ဖော်ပြခဲ့သလို ပြည်တွင်းမီဒီယာ The Voice ၏Vol.5/No.259 စာမျက်နှာထက်တွင်လည်း ယမန်နေ့က ဘာသာပြန်ဆို ပုံနှိပ်ဖော်ပြထား၍ လေ့လာဖတ်ရှုရသည်။

မြန်မာကို ကျောခိုင်းတော့မည့် ပြည်ပကုမ္ပဏီတစ်ခု၏ အလွယ်တကူ ဆွတ်ခူးနိုင်သော အသီးအပွင့်များဆိုသည့် ဝေါဟာရအသုံးအနှုန်းအတွက် ဆောင်းပါးရှင်က မေးမြန်း၍ ယင်းတို့ဘက်က နမူနာ ထုတ်နုတ်ကာ ဝေဖန်ထောက်ပြလိုက်သည်မှာ အာမခံဈေးကွက်ဖြစ်နေကြောင်း သတိပြုမိသည်။

ယင်းမှာ သံသယဖြစ်ဖွယ် မရှိသော ဝေဖန်သုံးသပ်ချက်အဖြစ် ကျွန်ုပ်တို့အနေဖြင့် သဘောတူမျှသည်။
အဘယ့်ကြောင့်ဆိုသော် အာမခံလုပ်ငန်းပိုင်းဆိုင်ရာတွင် မြန်မာအစိုးရနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းသာမက ပြည်သူကပါ အသိအမြင် အလေ့အလာနည်းပါးသလို အကောင်အထည်ဖော်ဆောင်မှုလည်း နှေးကွေးလွန်းသည်ဟု ကျွန်ုပ်တို့က ရှုမြင်သုံးသပ်ထားသည်။ ယင်းကဏ္ဍကို ထိထိရောက်ရောက် ကျယ်ပြန့်စွာ ဖော်ဆောင်နိုင်မည်ဆိုပါက ကြီးမားခိုင်ခံ့သော အလားအလာကောင်းတစ်ရပ်အဖြစ် ကျွန်ုပ်တို့ကလည်းယုံကြည်ယူဆမိသည်။

နောက်ဆုတ်ကျောခိုင်းသွားတော့မည့် ပြည်ပလုပ်ငန်းစုတစ်ရပ်အပေါ် စတုတ္ထမဏ္ဍိုင်အနေဖြင့် ဝင်ရောက် အလွမ်းသယ်နေခြင်း မဟုတ်မူဘဲ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၌ မင်းပေါက်စိုးပေါက်ရှိ၍ သြဇာကြီးသူတစ်ဦး၏ ဝေဖန်မှတ်ချက်ပေးမှုကို သတိချပ်မိကြစေရန် ရည်ညွှန်းတိုက်တွန်းလိုရင်းသာ ဖြစ်သည်။
မည်သို့ပင်ဆိုစေ မြန်မာအစိုးရ၊ လုပ်ငန်းရှင်၊ ပြည်သူအားလုံးတို့က အာမခံလုပ်ငန်းကဏ္ဍကို သေချာစေ့ငု လေ့လာလျက် အကောင်အထည်ဖော်ကြစေလိုကြောင်း ဟင်္သာမီဒီယာကမီးမောင်းထိုးတင်ပြရေးသားလိုက်ရပေသည်။

Written by အယ်ဒီတာ

Advertisements
<

Leave a Reply