မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအရှေ့ခြမ်းရေတိုက်စား၍ ကမ်းပြိုမှုများဖြစ်ပေါ်နေခြင်းကိုယာယီတားဆီး နိုင်ရန်အတွက် မွန်ပြည်နယ်အစိုးအရအဖွဲ့မှ ကျပ်သိန်း ၁၂၀ခန့်သုံးစွဲမည်ဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဦးထွန်းဌေးကဟင်္သာမီဒီယာသို့ ပြောသည်။

a hlut

“ဝါးကပ်တွေလည်းဝယ်ရမယ်၊ ကျောက်တွေလည်းဝယ်ရမယ်၊ ကျောက်သားတမံကလည်းလှိုင်းဒဏ်အောက်မှာ နောက်နှစ်လလောက်တွင်းပျောက်သွားရင်လည်းပျောက်သွားနိုင်တယ်။ အဲ့ဒါကြောင့် သိန်း ၁၂၀ လောက်တော့ လျာထားတယ်၊ ဘယ်လောက်သုံးစွဲမယ်၊ ဘယ်လောက်ကုန်ကျမယ်ဆိုတာတော့ လုပ်သွားရင်းနဲ့မှ ပဲသိမယ်”ဟုဦးထွန်းဌေးကဆိုသည်။

လက်ရှိအချိန်တွင်ဒေသခံများစုပေါင်း၍ ကိုယ်ထူကိုယ်ထကျောက်သားတမံပြုလုပ်ထားသည်မှာ စိတ်ချရမှုမရှိသောကြောင့် ယခုအခါ ဒေသခံအဖွဲ့အစည်းနှင့်ဆွေးနွေးပြီးအောက်မှ ဝါးကပ်များခင်း၍ ကျောက်များကိုကျားပိုက်ဖြင့်အုပ်ကာယာယီတားဆီးနိုင်ရန်အတွက် တမံပြုလုပ်မည်ဖြစ်ကြောင်း ၎င်းထံမှသိရသည်။

“သူတို့ပေးတဲ့အကြံဉာဏ်လည်းကောင်းပါတယ်၊ သူတို့ဘက်ကအဲ့လိုကူညီပေးတဲ့အတွက် ပိုပြီးတော့အဆင်ပြေသွားတာပေါ့၊ ကျွန်တော်တို့ ရွာအတွက်လည်းပိုကောင်းသွားပါတယ်”ဟုဒေသခံတစ်ဦးဖြစ်သူ ဦးဝင်းချစ်က ပြောသည်။

ဒေသခံများပြုလုပ်ထားသည့် ကျောက်သားတမံပြုလုပ်ထားမှုအပေါ် မြစ်ချောင်းဖွံ့ဖြိုးတိုးတက်ရေးဌာနမှသွားရောက်စစ်ဆေးမှုများပြုလုပ်ခဲ့စဉ် လိုအပ်ချက်များအတွက် ဒီရေတောများစိုက်ပျိုးသွားရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်းဦးထွန်းဌေးမှထပ်မံပြောကြားသည်။

Leave a Reply