မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းရှိအလှပ်ကျေးရွာအရှေ့ခြမ်းသို့ ပင်လယ်ရေများစီးဝင်လာသောကြောင့် ရွာရှိနေအိမ်များရေနစ်မြုပ်မှုမရှိစေရန် ဒေသခံများစုပေါင်းပြီးကိုယ်ထူကိုယ်ထကျောက်သားတမံများပြုလုပ်၍ ကာဆီးလျက်ရှိကြောင်း ရွာခံ ဦးဝင်းချစ်က ဟင်္သာမီဒီယာသို့ပြောသည်။

20-Tun Min Aungအလွပ္တံမန္ copy

“ရွာနဲ့တော်တော်ကပ်နေပြီ၊ အရင်နှစ်တွေတုန်းကထက် ရေဝင်တာပိုများလာတယ်၊ရေမဝင် အောင်လုပ်ဖို့ တော်တော်အရေးကြီးနေပြီ” ဟုဦးဝင်းချစ်ကပြောသည်။
ယခင်ကကျေးရွာတောင်ဘက်ခြမ်းရေတိုက်စားသဖြင့် မွန်ပြည်နယ်အစိုးရကမြေသားတမံဖို့ပေးခဲ့ပြီးယခုနှစ်မှစ၍အရှေ့ခြမ်းသို့ ပင်လယ်ရေများဝင်ရောက်လာခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ ကမ်းနားကအိမ်တစ်အိမ်တော့ ပြိုသွားပြီး၊ နောက်ထပ်ရေဆက်မဝင်ရအောင် ရွာသားတွေကကိုယ်ထူကိုယ်ထနဲ့ တမံဖို့နေကြပေမယ့် အကူအညီတွေလည်းလိုနေတယ်” ဟုဦးဝင်းချစ်ကပြောသည်။

အလှပ်ကျေးရွာအရှေ့ခြမ်းရှိကမ်းခြေမှတစ်ဆင့် ရေများဝင်ရောက်လာခြင်းကိုကာကွယ်နိုင်ရန် စုစုပေါင်းပေအရှည် ၃ဝဝဝခန့်ကိုကျောက်သားတမံများဖြင့် တားဆီးရန်ဆောင်ရွက်နေကြောင်းဦးဝင်းချစ်ကဆိုသည်။

ကျေးရွာအတွင်း ရွာသူရွာသားများထံမှ ငွေကျပ်သိန်း ၄ဝခန့်အလှူခံထားသော်လည်းတမံဖို့ရန်ကျောက်များဝယ်ယူရန်မလောက်သဖြင့် အခက်အခဲဖြစ်နေကြောင်း ၎င်းထံမှသိရသည်။

“ရေတိုက်စားတဲ့နေရာတွေကိုဒီရေတောစိုက်တဲ့ပုံစံမျိုးနဲ့ ထိန်းသိမ်းသွားဖို့တော့ ရွာသားတွေကိုအကြံဉာဏ်ပေးထားတယ်၊ ”ဟုစိုက်ပျိုးရေး၊မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဦးထွန်းဌေးကပြောသည်။

အဆိုပါကိစ္စအားဖြေရှင်းပေးနိုင်ရန်လိုအပ်သည့်ဘတ်ဂျက်ပမာဏပြည့်မီနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးဌာနထံတင်ပြထားပြီးဒေသခံများအဆင်ပြေစေရန်ဆောင်ရွက်နေကြောင်းဦးထွန်းဌေးကဆိုသည်။

အလှပ်ကျေးရွာသည် ပေါင်မြို့နယ်အတွင်းပင်လယ်နှင့်ထိစပ်နေသည် ကျေးရွာဖြစ်သည့်အတွက် ရေတိုက်စားမှုမကြာခဏခံစားနေရကြောင်းဒေသခံများကဆိုကြသည်။

Leave a Reply