Advertisements

မော်လမြိုင်၊ ဧပြီ

ဆံတော်ရှင်ကျိုက်ထီးရိုးတောင်ပေါ်တွင် အလှူခံခိုင်းထားရာမှ အချိန်မတိုင်မီ ကျောင်းသို့ ပြန်ရောက်လာသည့် ကိုရင်များထံမှ အလှူငွေအရနည်းသည်ဟုဆိုကာ ကိုရင်ငယ် ၇ ပါးကို ပြင်းပြင်းထန်ထန်ရိုက်နှက်ခဲ့သည့် ပုညတောင်ကျောင်းရှိ ဦးနာယက(ခ) နိုင်လင်းဆွေအား ဧပြီ ၂၅ ရက်နေ့က အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း ကင်မွန်းစခန်းနယ်မြေရဲစခန်း၊ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“ကျောင်းက ကိုရင်လေးတွေကို အလှူခံခိုင်းတဲ့အခါမှာ ကိုရင်တွေက ကျောင်းကို စောစောပြန်လာတဲ့အတွက် အလှူငွေရတာနည်းတယ်ပေါ့ ။ အဲဒီအတွက် ကိုရင်တွေကို ရိုက်တာလို့ သိရတယ်”ဟု ၎င်းက ပြောသည်။

ဖြစ်စဉ်မှာ ယင်းနေ့ ညနေပိုင်းက ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် ကိုရင်ငယ်နှစ်ပါး ရင်ပြင်တော်ပေါ်သို့ ထွက်ပြေးလာခဲ့ရာ စည်းကမ်းထိန်းသိမ်းရေး ဆရာတော် အဖွဲ့များက ခေါ်ယူမေးမြန်းခဲ့ရာ ဖော်ပြပါအတိုင်း ဦးဇင်းနာယက၏ ရိုက်နှက်မှုကြောင့် ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်ဆို၏။

ယင်းနောက်နောက် ဦးနာယကကို စည်းကမ်းထိန်းသိမ်းရေးဆရာတော်များက ပင့်ဆောင်မေးမြန်းခဲ့ရာ အလှူခံခိုင်းရာတွင် သတ်မှတ်ချိန် မတိုင်မီ ကျောင်းသို့ ပြန်လည် ရောက်ရှိလာသည့်အတွက် ရိုက်နှက်ခြင်းဖြစ်သည်ဟု ဖြေဆိုကြောင်း သိရသည်။

“မိဘတွေကိုထောက်ပံ့ပေးမယ်ဆိုပြီး ကလေးတွေကိုခေါ်လာတယ်။ ပြီးတော့ ကျောင်းမှာ သင်္ကန်းဝတ် အလှူခံခိုင်းတယ်လို့ မြို့နယ်သံဃနာယကအဖွဲ့ရဲ့ စစ်ဆေးမေးမြန်းချက်တွေအရ သိရတာပေါ့။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့က ဘာသာ သာသနာဆိုင်ရာ ဥပဒေနဲ့ အရေးယူပေးဖို့ လုပ်ဆောင်သွားမှာဖြစ်တယ်” ဟု မြို့နယ်သာသနာရေးမှူး ဦးဝေနိုင်က ဟင်္သာမီဒီယာသို့ ပြောသည်။

ယင်းသို့ ဘာသာသနာကိုခုတုံးလုပ်ကာ သာသနာညှိုးနွမ်းအောင် ပြုလုပ်သည့် ဦးနာယက (ခ) နိုင်လင်းဆွေကို မြို့နယ် သံဃမဟာနာယကအဖွဲ့များ၏ ဆုံးဖြတ်ချက်အရ ရာဇသတ်ကြီးပုဒ်မ- ၂၉၅(က) ဖြင့် ကျိုက်ထိုမြို့နယ် တရားရုံးသို့ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးမှူး ဆိုသည်။

ယင်းအပြင် ကိုရင်ငယ်များကို ရိုက်နှက်မှုနှင့် ပတ်သက်၍ မိဘများမှ ကျေနပ်မှုမရှိသည့်အတွက် ကင်မွန်းစခန်းနယ်မြေရဲစခန်းတွင် (ပ) ၆၆ / ၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ – ၃၂၃/၃၂၅ ဖြင့် အမှုဖွင့် အရေးယူထားသည်ဟုလည်း တာဝန်ရှိရဲတပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

Written by သက်ပိုင်

Advertisements
<

Leave a Reply