မွန်ပြည်နယ် ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မဲဆန္ဒနယ်(၁၀)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန် တစ်မြို့နယ်လျှင် သိန်းတစ်ထောင်ခန့်သုံးစွဲရမည်ဖြစ်သည်။အဆိုပါ ရန်ပုံငွေ သိန်းတစ်ထောင်သည် လွှတ်တော်ကိုယ်စားလှယ်များအတွက်မဟုတ်ဘဲ ပြည်သူလူထုအတွက်
သာဖြစ်သည်။

hlutaw

မွန်ပြည်နယ်အစိုးရ ဟန်းနီးမွန်း ရက်၁၀ဝ အတွင်းစီမံချက်များကို မူ လွှတ်တော်အနေဖြင့် အားနည်းချက်များကို
စောင့်ကြည့် ထောက်ပြမှုများပြုလုပ်ခဲ့သည်။

ထိုသို့ထောက်ပြခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း မိမိတို့အသုံပြုရမည့် ရန်ပုံငွေ သိန်းတစ်
ထောင်သည်လည်း ပြည်သူကို မျက်နှာမူ၍ လုပ်ဆောင်နိုင်မှုရှိမရှိ တစ်ဖန်ပြန် စောင့်ကြည့်ရမည်ဖြစ်သည်။

“အရင်လွှတ်တော် ကိုယ်စားလှယ်အများစု နီးစပ်ရာတွေကို ပိုလုပ်ပေးကြတယ်၊ သုံးတဲ့နေရာတွေကို ပွင့်လင်း မြင်သာစွာ ချပြမှုမရှိဘူး။အခုကျတော့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သုံးစွဲမယ့် နေရာတွေကို ပွင့်လင်း မြင်သာစွာ ချပြသင့်တယ်လို့ မြင်တယ်၊နီးစပ်ရာကိုပဲပိုလုပ်မလား၊ စောင့်ကြည့်ရမယ် ”ဟု ရေးမြို့ဒေသခံ ဦးအောင်နိုင်ဝင်းက ဆိုသည်။

မိမိတို့၏ သက်ဆိုင်ရာမဲဆန္ဒနယ်များတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ငွေကျပ်သိန်းတစ်ထောင်ကိုအသုံးပြုကာ ရပ်အကျိုးရွာအကျိုး ဆောင်ရွက်ရန်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ မဲဆန္ဒနယ် တစ်ခုလျှင် ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ရန် ရန်ပုံငွေသိန်းတစ်ထောင်သည် အလွန်ပင်နည်းပါးလှကြောင်း လွှတ်တော်ကိုယ်စားလှယ်များကဆိုကြသည်။

လွှတ်တော်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်အစည်းအဝေးများ ရပ်နားနေချိန်တွင် သက်ဆိုင်ရာမဲဆန္ဒနယ်များ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ကိုင်ရန်ရည်ရွယ်၍ ပြည်ထောင်စုလွှတ်တော်က သီးသန့်ဘတ်ဂျက်ငွေချပေးထားခြင်းဖြစ်သည်။
အဆိုပါ ဥပဒေတွင် လွှတ်တော် ကိုယ်စားလှယ်များရန်ပုံငွေကို လိုက်နာ အသုံပြုရာ လုပ်ထုံးလုပ်နည်း များဖြင့် ထိန်းချုပ်ထားမှုများရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်များကဆိုသည်။

“ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတစ်ခုလျှင် ငွေကျပ် သိန်း ၅၀ ထက်မပိုဘဲ သုံးစွဲရမယ်ဆိုတော့ အသေးစားလုပ်ငန်း တွေပဲလုပ်လို့ရမယ်”ဟု မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးကဆိုသည်။

ဒေသဖွံ့ဖြိုးရေးအတွက် အဓိကလိုအပ်ချက်များဖြစ်သော သောက်သုံးရေရရှိရေးလုပ်ငန်းများ၊ ကျေးလက်လမ်း
များ၊ တံတားများ၊ ပြုပြင်ဆောင်လုပ်ခြင်းလုပ်ငန်းများ၊ ကျန်းမာရေးဆိုင်ရာ အဆောက်အဦများ ပြုပြင်တည်ဆောင်
ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် ဖွံ့ဖြိုးရေးရန်ပုံငွေထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်း လုပ်ထုံးလုပ်နည်း တွင်ပါ ရှိသည်။

“ဒီချိန်ဆိုရင် စာသင်ကျောင်းတွေဆိုရင် စာသင်နေပြီ၊ ကျောင်းမှာမိုးယိုနေတယ်၊ကြမ်းခင်းပေါက်နေတယ် စသဖြင့် ဒါကိုစောင့်နေရင် အလုပ်မဖြစ်ဘူးလေ၊ဆိုတော့ ဒီလွှတ်တော်ဘတ်ဂျက်က ဖာထေးလို့ရတယ်၊ ဒီပိုက်ဆံတွေက လိုအပ်ချက်တွေကိုအရေးပေါ်ဖြည့်ဆည်းတဲ့ပုံစံပေါ့” ဟု သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း ကဆိုသည်။

လွှတ်တော် ကိုယ်စားလှယ်များသည် ဒေသဖွံ့ဖြိုးရေးအတွက် ရရှိသည့် သိန်းတစ်ထောင်ကို အညီအမျှခွဲဝေ
ခြင်းထက် မိမိတို့ မဲဆန္ဒနယ် အတွင်းရှိ အဓိက အရေးကြီးလိုအပ်သည့် လုပ်ငန်းများကိုဆောင်ရွက်ရန် အတူတကွ ပူးပေါင်းလုပ်ဆောင်စေလိုကြောင်း ဆိုသည်။
မဲဆန္ဒနယ် တစ်ခုချင်းစီအနေဖြင့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေခွဲဝေအသုံးပြုပုံသဏ္ဍာန် မတူညီပေ။သို့သော် အသုံးပြုနိုင်မည့် လုပ်ငန်းများနှင့် ရန်ပုံငွေအသုံးမပြုရသေးသည့် ကျေးရွာများကို ဦးစားပေးလုပ်ဆောင်မည်
ဟူသည့် အခြေခံသဘောတရားတော့ တူညီကြသည်။

လတ်တလောတွင် မွန်ပြည်နယ်ရှိ မဲဆန္ဒနယ်အချို့တွင် ဒေသဖွံ့ဖြိုးရေး သိန်းတစ်ထောင် ကိစ္စနှင့် ပတ်သတ်ပြီး လွှတ်တော်ကိုယ်စားလှယ်များအကြား အငြင်းပွားမှုများဖြစ်ပေါ်ခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ႔ချုပ်NLDပါတီက မဲဆန္ဒနယ် ၃နေရာအနိုင်ရရှိထားပြီး မွန်ဒေ
သလုံးဆိုင်ရာဒီမိုကရေစီပါတီMNDPပါတီက တစ်နေရာအနိုင်ရရှိထားသည်။

ချောင်းဆုံမြို့နယ်တွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေးစီပါတီ(MNDP)အနိုင်ရရှိထားသည့် မဲဆန္ဒနယ်မြေ
အတွက် ရန်ပုံငွေ အသုံးပြုခွင့်မရရှိပေ။

ချောင်းဆုံမြို့နယ် လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေ အကောင်အထည်ဖော်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းတင်ဌေးက ချောင်းဆုံမြို့နယ်ရှိ ကျေးရွာပေါင်း ၇၈ရွာအနက်မှ ၂၄ရွာကိုရန်ပုံငွေများချပေးရန်ရွေးချယ်ခဲ့ပြီး ဒေါက်တာအောင်နိုင်ဦး၏ မဲဆန္ဒ နယ်အတွင်းရှိ ကျေးရွာများမပါဝင်ခဲ့သည့်အပေါ်ကျေနပ်မှုမရှိကြောင်း ဒေါက်တာအောင်နိုင်ဦးကဆိုသည်။

“ကျွန်တော်တို့ကတော့ မဲဆန္ဒနယ်အဖြစ်ခွဲခြားတာမရှိဘဲ မရသေးတဲ့ရွာတွေကို ဦးစားပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလင်းတင်ဌေးက ပြောသည်။

ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် မင်းအောင်မွန်က မိမိမဲဆန္ဒနယ်တွင် ဒေသဖွံ့ဖြိုးရေး
ရန်ပုံငွေကို သုံးဆွဲရေး ဆွေးနွေးရာတွင် အခက်အခဲများရှိကြောင်း ဆိုသည်။

“ကျေးရွာအုပ်ချုပ်ရေးမှူးတွေ တင်ပြလာတဲ့အပေါ်မှာ ကျွန်တော်တို့အနေနဲ့ လုပ်သင့်မလုပ်သင့်ပြောခွင့်ရှိတယ်၊
သူတို့ဟာသူတို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတင်ပြတာကို ပြည်သူ့လွှတ်တော် အမျိုးသာလွှတ်တော်ကိုယ်စား လှယ်တွေက ပြည်ထောင်စုလွှတ်တော်ကို တင်ပြီး လုပ်ကြတယ်၊ အဲလိုမျိုးကျတော့ ကျွန်တော်တို့ လုပ်စေချင်တဲ့ ရွာတွေမပါသွားဘူးပေါ့။”ဟု ဆိုသည်။

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်သူလူထု ဒေသခံများနှင့် မကြာခဏ ဆိုသလို ထိတွေ့
မှုရှိသဖြင့် ဒေသခံများ၏လိုအပ်ချက်ကို ပိုမိုသိရှိနိုင်ကြောင်းဆိုသည်။

လက်ရှိ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေအကောင်အထည်ဖော်ရေး အဖွဲ့
ကို မြို့နယ်တိုင်းတွင် ဖွဲ့စည်းပြီး အကောင်အထည်ဖော်ရေးဆောင်ရွက်ရသည်။

အဆိုပါ အကောင်အထည်ဖော်ရေးအဖွဲ့တွင် လွှတ်တော် သုံးရပ်မှ ကိုယ်စားလှယ် ၄ဦး၊ မြို့နယ်အထွေထွေ
အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးကော်မတီအပါအဝင် ၆ဦးတို့ဖြင့် ဖွဲ့စည်းကာ အဖွဲ့ဝင်များ သဘောတူ ရွေးချယ်ခဲ့သည့် ကျေးရွာများတွင် ရန်ပုံငွေကို အသုံးပြုရသည်။

ရန်ပုံငွေ အသုံးပြုနိုင်ရန် အတွက် လွှတ်တော် ကိုယ်စားလှယ်များသည် လွှတ်တော် အားလပ်ရက်များတွင် ပြည်သူလူထုနှင့်တွေ့ဆုံကာ ပြည်သူလူထု အဓိက လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် မေးမြန်းရသည်။

ပြည်သူလူထုထံမှ ရရှိလာသည့် လိုအပ်ချက်များကို တစ်နှစ်တာ အသုံးပြုရန် စီမံချက်ရေးဆွဲကာ ပြည်ထောင်စုအဆင့် ကော်မတီ အဆုံးအဖြတ်ရယူကာ လုပ်ဆောင်ပေးရခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များကဆိုသည်။

“ပြည်သူတွေကို ပြန်မေးပြီးတော့ဘယ်ဟာကို ပိုလိုချင်လဲ၊လမ်းလုပ်ချင်တယ် ရေရချင်တယ် စသဖြင့် သဘောထားကွဲတာမျိုးရှိတယ်၊ အဲ့ခါကျရင်အများစုလိုချင်တဲ့ဟာကိုဦးစားပေးရတာပေါ့”ဟု ဆိုသည်။

ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မိကွန်ချမ်းက “အဓိကကတော့ ရေဦးစားပေးလုပ်ပေးတယ်၊ ရေတွင်း ရေကန် ပြုပြင်ခြင်း၊ စက်ရေတွင်းများ တူးဖော်ခြင်းများကို လုပ်ပေးတယ်၊ ရွာချင်းဆက်လမ်းဆို ဟိုဘက်ရွာနဲ့ ဒီဘက်ရွာဆက်တဲ့လမ်းတွေကို လုပ်ဆောင်ပေးတာပေါ့ ”ဟု ဆိုသည်။
ယခင်နှစ်က အသုံးပြုခွင့်ရရှိထားသည့် ကျေးရွာများကို ရန်ပုံငွေသုံးစွဲခြင်းမရှိဘဲ မရရှိသေးသည့် ကျေးရွာ
များကို ဦးစားပေးပြီး လုပ်ဆောင်ပေးခဲ့ကြောင်း ဆိုသည်။

“အစ်မတို့ ဘီးလင်းက ဆုံးဖြတ်ချက် မချရသေးဘူး၊ အခု နယ်တွေဆင်းပြီး ဘယ်ရွာတွေက ဘာတွေလိုအပ်နေလဲဆိုတာ data တွေကောက်နေတယ်”ဟု ဘီလင်းမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်သီရိရတနာက ပြောသည်။

အဓိကအနေဖြင့် မဖွံ့ဖြိုးသေးသည့် ကျေးရွာများကို ဦးစားပေးကာ ရန်ပုံငွေသိန်းတစ်ထောင်ကို မြို့နယ်တစ်ခု လျှင် လုပ်ငန်းတစ်ခုတည်းကိုသာ အသုံးပြုမည်ဆိုပါက ပိုမိုထိရောက်နိုင်ကြောင်း မွန်ပြည်နယ် အရပ်ဘက်အဖွဲ့ အစည်းကွန်ရက်မှ ဦးခင်မောင်တင့်က ဆိုသည်။

ထို့အပြင် မွန်ပြည်နယ် ရှိ စာသင်ကျောင်းများသည်လည်း မပြည့်စုံမှုများ၊ လိုအပ်ချက်များ၊ ယိုယွင်းပျက်စီးမှုများ ရှိနေသည်။
ထိုသို့ လိုအပ်သည် ့ကျောင်းဆောင်များကို ရန်ပုံငွေ သိန်းတစ်ထောင်ဖြင့် အသုံးပြုသင့်ကြောင်း အကြံပြုကြ သည်။

ကျိုက်ထိုမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးစိန်မြင့်က ယခင်နှစ်က ရန်ပုံငွေ အသုံးပြုရာတွင်
စာသင်ကျောင်းများကို အသုံးပြုနိုင်ခဲ့ခြင်းမရှိခဲ့သည့်အတွက် ယခုနှစ်တွင် စာသင်ကျောင်းများကို ဦးစားပေး
လုပ်ကိုင်ပေးစေလိုကြောင်း ဆိုသည်။

“ကျွန်တော်တို့ ဘက်လိုက်မှုကင်းပြီး ကျန်းမာရေး ၊ ပညာရေး၊ ဒေသဖွံ့ဖြိုးရေး၊ သောက်သုံးရေ ရရှိရေး၊ ဒီကိစ္စ တွေမှာ ဘယ်နေရာသုံးသုံး ဘက်လိုက်မှုကင်းစွာနဲ့ ရွေးချယ်စိစစ်အသုံးချစေချင်တယ်”ဟု ရေးမြို့ဒေသခံ ဦးအောင်နိုင်ဝင်းကဆိုသည်။

သထုံမြို့နယ်တွင် ယခုနှစ် ရန်ပုံငွေ သိန်းတစ်ထောင် ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁)နှင့် အမှတ်(၂) တို့ကို
သိန်း ငါးရာစီ အညီအမျှခွဲဝေရန် အစီအစဉ်ရှိကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။

“အစ်မတို့ အဓိကတော့ ရေရရှိရေးနဲ့ လမ်းတံတားတွေကို အဓိကထားပြီး သုံးစွဲသွားမယ်”ဟုဆိုသည်။

ရန်ပုံငွေ ကျပ် သိန်းတစ်ထောင် တွင် လုပ်ငန်း တစ်ခု အတွက် သိန်း ၅ဝ သာ သုံးခွင့်ရှိပြီး မြို့နယ် တစ်ခုတွင် သုံးစွဲ ခွင့်ရမည့် လုပ်ငန်း ၂ဝ ထက် လိုအပ်မှု ပိုမို ရှိနိုင်သည့် အတွက် ကိုယ်စားလှယ် များမှ ပြည်သူ များနှင့် ညှိနှိုင်းကာ အရေးကြီး လုပ်ငန်းများ ဦးစားပေးသုံးရန် စီမံခန့်ခွဲမှု ကျွမ်းကျင်ရန် လိုအပ်သည်။

မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့်လည်း ပြည်သူလူထု အသံကို အလေးအနက်ထားကာ
ပြည်သူကို မျက်နှာမူ ပြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ သိန်းတစ်ထောင်ကို ထိထိရောက်ရောက် အသုံးပြုနိုင်မည်လား
ကို စောင့်ကြည့် ရမည်ဖြစ်သည်။

Leave a Reply