မော်လမြိုင် နိုဝင်ဘာ

မွန်ပြည်နယ်အတွင်းရှိ ကျောင်းသား လူငယ်များ အသက်မွေးဝမ်းကြောင်းပညာရပ်များကို ကျွမ်းကျင်စွာ တက်မြောက်မှသာ နိုင်ငံတိုးတက်လာမည်ဖြစ်ကြောင်း အစိုးရနည်းပညာ အထက်တန်းကျောင်း(မော်လမြိုင်မြို့)မှ ကျောင်းအုပ်ဆရာမကြီး ပါမောက္ခ ဒေါက်တာ ဒေါ်ဥမ္မာဝင်းက ပြောကြားသည်။

မော်လမြိုင်မြို့၊ ကြာအင်းကျေးရွာရှိ အစိုးရနည်းပညာ အထက်တန်းကျောင်း (မော်လမြိုင်)ခန်းမ၊ နိုဝင်ဘာ ၁၁ရက်တွင် ကျင်းပပြုလုပ်သော အစိုးရနည်းပညအထက်တန်းကျောင်း (မော်လမြိုင်)၏ ၂ဝ၁၇-၁၈ပညာသင်နှစ် အောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနား၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်မတို့ကျောင်းက ကျောင်းဆင်းလက်မှတ်ရရှိတဲ့ ကျောင်းသားတွေအပြင်မှာ အောင်မြင်နေတာတွေလည်း ရှိပါတယ်၊ တစ်ချို့တွေကို ကျွန်မတို့က အလုပ်ရှင်တွေနဲ့ ချိတ်ဆက်ပြီး အလုပ်ရှာပေးတာလည်းရှိတယ်၊ အဓိကက သူတို့လေးတွေ ကျွမ်းကျင်တတ်မြောက်မှ နိုင်ငံတိုးတက်လာမှာဖြစ်တယ်”ဟု ၎င်းက ပြောသည်။

အစိုးရနည်းပညာအထက်တန်းကျောင်း (မော်လမြိုင်)ကို ၂ဝဝ၈ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လျှပ်စစ် ဆက်သွယ်ရေးနည်းပညာ၊ အဆောက်အဦးဆောက်လုပ်ခြင်း နည်းပညာ၊ လျှပ်စစ်ဆိုင်ရာ နည်းပညာ၊ မော်တော်ယာဉ် နည်းပညာ၊ စက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ခြင်း နည်းပညာ၊ ရေခဲသေတ္တာ၊ လေအေးပေးစက် တပ်ဆင်ပြင်ဆင်ခြင်း နည်းပညာနှင့် သုတနည်းပညာ စသည့် နည်းပညာ ၇မျိုးကို သင်ကြားပို့ချပေးနေကြောင်း ဆက်လက်ပြောသည်။

ကျောင်းစဖွင့်သည့်အချိန်တွင် လာရောက်တက်ရောက်သော ကျောင်းသား နည်းပါးသော်လည်း နောက်ပိုင်း၌ စိတ်ဝင်စားလာသော ကျောင်းသားများ ပိုမို များပြားလာကြောင်း ဆက်လက်ပြောသည်။

“ကျွန်တော်က စက်ပစ္စည်း အစိတ်အပိုင်း ထုတ်လုပ်မှု နည်းပညာ အောင်လက်မှတ်ရရှိတာပါ၊ စိတ်ဝင်စားတဲ့ ဘာသာရပ်ကို ရွေးချယ်ပြီး တက်ခဲ့တာပါ၊ ဒီနည်းပညာနဲ့ သင်တန်းက သင်ကြားပေးလိုက်တဲ့ စာတွေ့၊ လက်တွေ့တွေနဲ့ ပေါင်းပြီး ပြင်ပလုပ်ငန်းခွင် ဝင်မှာပါ”ဟု မုဒုံမြို့နယ်၊ ကွေ့စမ်းကျေးရွာမှ အောင်လက်မှတ်ရရှိခဲ့သူ ကိုသူရအောင်က ဆိုသည်။

သင်တန်းမှ သင်ကြားခဲ့သော အတွေ့အကြုံများနှင့် အောင်လက်မှတ်ရရှိခဲ့သောကြောင့် လုပ်ငန်းခွင်ဝင်ရာတွင် အဆင်ပြေနိုင်ကြောင်း ဆက်လက်ပြောသည်။

၂ဝ၁၇-၁၈ခုနှစ်ပညာသင်နှစ်တွင် အောင်မြင်ခဲ့သူ ၇၂ဦး ရှိခဲ့ပြီး ယခု ၂ဝ၁၈-၁၉ ပညာသင်နှစ်တွင် ကျောင်းသား ၂ဝဝ ကျော်ကို လက်ခံသင်ကြားပေးနေကြောင်း သိရသည်။

ထိုက်ထိုက်

Leave a Reply